ဝိဉာဥ်သန္ဓေထိပ်ပိုင်းအဆင့်ကို ချိုးဖျက်ခြင်း
Vol. 13 Ch. 176
(နောက်ဆုံးတော့ နားအေးပြီ)
ဖုန့်ချန်းက သူ့ဂူအခန်းတွင်းတွင်မတ်တပ်ရပ်ပြီး နားအေးလှသောပတ်ဝန်းကျင်တွင် အသာသက်ပြင်းချလိုက်သည်။
အကြီးအကဲဝေ့က သူ့ထံကမ်းလှမ်းလာသောအမျိုးသမီးများထဲမှ တစ်ဦးတစ်လေကိုတောင်ချန်မထားခဲ့ဘဲ အားကြိုးမာန်တက်ရွတ်ပြနေရင်း ဘယ်အမျိုးသမီးကအသင့်တော်ဆုံးဖြစ်မည်ဆိုတာကိုပါ တစ်ခါတည်းဆွေးနွေးပေးခဲ့သေးသည်။
"ငါက လက်ထပ်ဖို့ငယ်ပါသေးတယ်"
ဖုန့်ချန်းကတော့ လက်ထပ်ဖို့ကို သိပ်ဦးစားမပေးချင်သေးပေ။ သူ့သက်တမ်းကလည်း ရှည်ကြာလှမည်ဖြစ်သောကြောင့် နှစ်ပေါင်းထောင်ချီအသက်ရှင်မည်ဆိုလျှင်ပင် အံ့သြစရာရှိမနေပါချေ။
ထို့ကြောင့် သူကတော့ လက်ထပ်ဖို့ထိုမျှအရေးကြီးသည်မထင်သော်ငြား အကြီးအကဲများကတော့ အတွေးမတူပုံပင်။
"ဝိဉာဥ်သန္ဓေထိပ်ပိုင်းအဆင့်ကိုတက်ဖို့အတွက်ပဲ အာရုံစိုက်ကျင့်ကြံကြသေးတာပေါ့"
အခုအချိန်မှာတော့ သူ့အတွက်ဦးစားပေးက ကျင့်ကြံရေးပင်။
ဖုန့်ချန်းသည် ဂူအခန်းတွင်းမှ ကျောက်စိမ်းဖြာပေါ်တွင် တင်ပျဥ်ခွေထိုင်လိုက်ပြီး တရားထိုင်ကျင့်ကြံခြင်း စတင်လိုက်တော့သည်။
နာရီများမှ နေ့ရက်များသို့၊ နေ့ရက်များမှ ရက်သတ္တပတ်များသို့ အလီလီကူးပြောင်းသွားပြီး ဖုန့်ချန်း၏အရှိန်အဝါကလည်း ပို၍သာတိုးမြင့်လာတော့၏။
ထိုအချိန်များတွင် အကြီးအကဲဝေ့ကတော့ မိသားစုအရေးကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိသည်။ အထူးသဖြင့် ကျူးမိသားစုနှင့် ဖက်စပ်စီးပွားရေးပင်။
ကျူးမိသားစုသည် အတော်လေးကြိုးကြိုးစားစား အလုပ်လုပ်ပေးရှာပါသည်။ ကိစ္စတစ်ခုခုရှိလာလျှင် ဖုန့်မိသားစုနှင့်ဖြေရှင်းရလွယ်ကူစေရန် ဖုန့်ကျင်းရှို့၏အမျိုးသားကို အကြီးအကဲအဖြစ် ခန့်အပ်လိုက်သေး၏။
ဖုန့်ချန်းကတော့ ဆက်လက်ကျင့်ကြံနေရင်း အချိန်တစ်ခုတွင် ဝိဉာဥ်သန္ဓေထိပ်ပိုင်းအဆင့်သို့ ချိုးဖျက်နိုင်သွားခဲ့လေသည်။
သို့သော် သူဂူအောင်းကျင့်ကြံရေးမှ ထွက်မလာခဲ့ဘဲ ဆက်၍သာကျင့်ကြံလျက်ရှိ၏။
အရေးကြီးကိစ္စရှိမလာမချင်း သူ့ကိုလာမနှောင့်ယှက်ကြရန် ဖုန့်ချန်းအမိန့်ပေးပြီးသားပင်။
ထို့ကြောင့် တစ်ယောက်ယောက်က အရေးကြီးသတင်းဖြင့် အလောတကြီးပြေးမဝင်လာခင်အထိ ဆက်လက်ကျင့်ကြံနေဖို့သာ ဖုန့်ချန်းဆုံးဖြတ်လိုက်တော့သည်။
အချိန်သိပ်ကြာကြာမကျင့်ကြံရသေးချိန်တွင် သူ့ဂူတံခါးရှေ့ တစ်ယောက်ယောက်ရပ်နေကြောင် သိလိုက်ရ၏။
(တစ်ခုခုများဖြစ်လို့လား)
ဖုန့်ချန်းတွေးရင်း ကျင့်ကြံရေးကိုရပ်လိုက်တော့၏။
သူမတ်တပ်ထရပ်ပြီး ဂူတံခါးထံလျှောက်သွားလိုက်သည်။
"ဘာကိစ္စလဲ တစ်ခုခုဖြစ်လို့လား"
ထိုသူက ခေါင်းအသာညွှတ်လျက်အရိုအသေပေးလာသည်။ မျက်နှာထားအရတော့ ပြဿနာတစ်ခုခုဖြစ်ခြင်းမဟုတ်တန်ရာ။
"မိသားစုခေါင်းဆောင် အကြီးအကဲဝေ့က ခေါင်းဆောင်ကို ခန်းမဆီလာဖို့ ပန်ကြားခိုင်းလိုက်လို့ပါ"
"အွန်း...သွားတာပေါ့"
ဖုန့်ချန်းသည် စင်္ကြတစ်လျှောက် လျှောက်လှမ်းလာရင်း ခြေလှမ်းများကတည်ငြိမ်နေသော်ငြား အိမ်တော်၏ထူးဆန်းသောငြိမ်သက်နေမှုကြောင့် အတွေးများလျက်ရှိလေသည်။
သူဂူအောင်းကျင့်ကြံနေတာ ဘယ်လောက်ကြာသွားသလဲဟုမေးကြည့်သော် အစေခံက ငါးလကျော်မျှကြာသွားပြီဖြစ်ကြောင်း ပြန်ဖြေကြားလာ၏။
လမ်းတစ်လျှောက်တွင် အစေခံများနှင့်မိသားစုဝင်များမှာ သူ့ကိုနွေးထွေးစွာနှုတ်ဆက်ကြပြီး စကားစမြည်ဆိုကြပြီးနောက် သူတို့လုပ်စရာရှိသည်များကိုသာ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
အန္တရာယ်ကြုံနေသည့်ပုံလည်းမပေါ်။ အလောတကြီးဟန်လည်းမရှိကြပါ။
(ဘာကြောင့်များဖြစ်မလဲ)
ဖုန့်ချန်းသည် သူ့ကိုခေါ်ဆောင်ရခြင်းအကြောင်းရင်းကို ခုချိန်ထိမစဥ်းစားနိုင်သေးပါပေ။
ခန်းမတွင်းသို့ရောက်သော် သူ့ခေါင်းထဲမေးခွန်းများကို ခဏဖယ်ထုတ်ထားလိုက်တော့သည်။
ကြီးမားသောသစ်သားတံခါးကြီးများကို ကျယ်ပြောစွာဖွင့်ဟထားပြီး ခန်းမတွင်းတွင် ထိပ်ပိုင်းမိသားစုဝင်များအားလုံး စုဝေးရောက်ရှိနေကြလေ၏။
မဟာအကြီးအကဲဖြစ်သော ဖုန့်ကျန်းရှန်သည် အလယ်ဗဟိုတွင်ရပ်နေပြီး အခြားမဟာအကြီးအကဲများနှင့် အကြီးအကဲတစ်ချို့က သူ့အနားတွင် စိတ်လှုပ်ရှားနေဟန် ဝိုင်းပတ်ရပ်လျက်ရှိကြသည်။
(အကုန်ခေါ်ထားတာလားဟ)
ဂူအောင်းကျင့်ကြံနေရမည်ဖြစ်သော မဟာအကြီးအကဲများပါရောက်နေကြသဖြင့် ဖုန့်ချန်းထိုသို့တွေးမိသွားသည်။
သို့သော် ဖုန့်ချန်း၏အာရုံကိုအမှန်တကယ်ဖမ်းစားနိုင်လိုက်သည်မှာတော့ ဖုန့်ကျန်းရှန်၏ ပြောင်းလဲသွားသောအရှိန်အဝါပင်။
ဖုန့်ကျန်းရှန်မှာ အရင်ထက်ပိုနုပျိုနေပုံပေါက်ရုံသာမက အရှိန်အဝါကလည်း ပိုလို့ကြီးမားနေသည်။
မှားယွင်းစရာမရှိ၊ ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့ ချိုးဖျက်ထားနိုင်သူတစ်ဦး၏ အရှိန်အဝါပင်။
"ချိုးဖျက်နိုင်သွားပြီလား"
ဖုန့်ချန်းသည် အံ့သြမှုနှင့်ချီးမွမ်းဟန်စွက်နေသောအသံဖြင့် မေးလိုက်သည်။
ဖုန့်ကျန်းရှန်က သူ့ဘက်သို့လှည့်လာသော် ရှားရှားပါးပါးအပြုံးတစ်ပွင့်ထင်ဟပ်လျက်ရှိ၏။
"ဟုတ်တယ် ချန်းအာရေ"
ဖုန့်ကျန်းရှန်သည် အားကောင်းလှသောအသံဖြင့် တုံ့ပြန်သည်။
"အကြီးအကဲဝေ့က ကျွန်တော့်ကိုပါခေါ်ခိုင်းတာမဆန်းတော့ပါဘူး ပျော်စရာပဲဟေ့ သေချာပေါက်အခမ်းအနားလုပ်ရမယ်"
ဖုန့်ချန်းပြောလိုက်သည်။
"ဟားဟား ဟုတ်တယ်ဟေ့ ငါတို့ဖုန့်မိသားစုမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူ နောက်တစ်ယောက်ထွက်လာတဲ့အကြောင်း အားလုံးကိုချပြရတော့မယ်"
အဘွားလေးဖုန့်ကျီလန်ကလည်း အားရဝမ်းသာဖြင့်ဟစ်ကြွေးလာသည်။
နောက်ထပ် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးပါ ထပ်တိုးလာသောကြောင့် သူတို့မိသားစုက မေးခွန်းထုတ်စရာမရှိ အရှေ့ပိုင်းစီရင်စု၏ အင်အားအကြီးဆုံးမိသားစုမျာထဲမှ တစ်ခုဖြစ်လာပေလိမ့်မည်။
သူတို့နှင့်အဆင့်တူသည်ဟုပြောလို့ရမည့်မိသားစု နောက်ထပ်နှစ်ခုသာကျန်တော့ပေသည်။ ယွမ်မိသားစုနှင့် ယွင်ဟိုင်မိသားစုဖြစ်ပြီး သူတို့တွင်လည်း ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူ နှစ်ဦးစီရှိသည်ပင်။
ထျန်းလုံမိသားစုကတော့ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူနှစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းကြောင့် အရှေ့ပိုင်းစီရင်စု မဆိုထားနှင့်၊ ချင်းယွင်မြို့တော်တွင်ပင် အင်အားအကြီးဆုံးဟုသတ်မှတ်ရန် ခက်ခဲနေလေပြီ။
ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူများကို ဆုံးရှုံးလိုက်ရခြင်းကြောင့် ထျန်းလုံမိသားစုမှာ သူတို့အာဏာကိုအနိုင်နိုင်ထိန်းထားရပြီး အခြားဖိနှိပ်ခံမိသားစုများကလည်း တန်ပြန်ထကြွလျက်ရှိသည်ဟု ဆိုကြလေ၏။
မည်သို့ပင်ဖြစ်စေ ထျန်းလုံမိသားစုကတော့ ဇာတ်သိမ်းသွားလေပြီ။ သူတို့နေရာတွင် အစားထိုးဝင်ရောက်လာသည်ကတော့ ဖုန့်မိသားစုဖြစ်ပြီး အရှေ့ပိုင်းစီရင်စု၏ အင်အားအကြီးဆုံးမိသားစုသုံးခုထဲမှ တစ်ခုအပါအဝင်ပါပေ။