← Chapters

အရိပ်ထဲကခြိမ်းခြောက်မှု

Vol. 13 Ch. 177

အရိပ်ထဲကခြိမ်းခြောက်မှု

Vol. 13 Ch. 177

"ငါအမိန့်ပေးထားတဲ့ဟာကို ဘာလို့ခုချိန်ထိပြီးအောင်မလုပ်ရသေးတာလဲ"

မုန်တိုင်းဝိဉာဥ်နန်းတော်၏ ဟောခန်းမထဲတွင် အားမာန်အပြည့်ပါသောအသံတစ်သံ ထွက်ပေါ်လာသည်။

ဂိုဏ်းချုပ်အပါအဝင် ခန်းမထဲရှိလူအားလုံးမှာ ကြောက်လွန်း၍တုတ်တုတ်မျှမလှုပ်ရဲကြတော့ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုအသံပိုင်ရှင်မှာ ဂိုဏ်းချုပ်ထက်ပိုအင်အားကြီးသော မုန်တိုင်းဝိဉာဥ်နန်းတော်၏ ဘိုးဘေးဖြစ်နေသောကြောင့်ပင်။

ခန်းမတစ်ခုလုံး အပ်ကျသံမျှပင်မကြားရလောက်အောင် တိတ်ဆိတ်နေကာ လေထုမှာလည်း ကြောက်စိတ်ဖြင့်လေးလံလို့နေသည်။

မုန်တိုင်းဝိဉာဥ်နန်းတော်၏ဘိုးဘေးမှာ အာဏာပါဝါအပြည့်ဖြင့် လူကိုအသက်ရှူကျပ်စေနိုင်သော အရှိန်အဝါတစ်ခုကိုပိုင်ဆိုင်ထားသည်။ ခန်းမ၏ထိပ်ဆုံးရှိခမ်းနားသောထိုင်ခုံကြီးထက် ထိုင်လျက် သူ့ရှေ့ရှိကြောက်စိတ်ဖြင့်တုန်တုန်ချိချိဖြစ်နေကြရှာသော ပုဂ္ဂိုလ်များကို အခိုးထွက်မတတ်တောက်လောက်နေသောမျက်လုံးများဖြင့် စိုက်ကြည့်လို့နေ၏။

"ဂိုဏ်းချုပ်ချမ်" ဘိုးဘေး၏အသံက စိတ်မရှည်တော့ဟန်ဖြင့် နောက်တစ်ခေါက်ထပ်ထွက်လာတော့သည်။ "ငါ့အမိန့်တွေက နားလည်ဖို့များအရမ်းခက်ခဲနေလား ဒါမှမဟုတ် ဒီကောင်တွေလောက်ကို မင်းမကိုင်တွယ်နိုင်တော့တာလား"

ဂိုဏ်းချုပ်ချမ်ကျန်းမှာ ဒူးထောက်ကျသွားခဲ့ပြီး သလင်းကျောက်ကြမ်းပြင်ထက် နဖူးထိကပ်တော့မတတ် ဝပ်တွားလိုက်ရသည်။ ခန်းမထဲရှိလေထုမှာ ကြက်သီးထဖွယ်အေးစက်နေသော်ငြား သူ့နဖူးထက်တွင်တော့ ချွေးသီးချွေးပေါက်များစီးကျနေလျက်ပင်။

"ဘိုးဘေးခင်ဗျာ" သူက ခေါင်းကိုကြမ်းထိအောင်ညွှတ်ရင်း အသံတုန်တုန်ဖြင့်ပြောလာသည်။ "ကျွန်တော်တို့လုပ်နိုင်သမျှ အကုန်လုပ်ခဲ့ပြီးပါပြီ"

"ဖုန့်မိသားစုက.....ရှင်းရလွယ်တဲ့သူတွေမဟုတ်ပါဘူး ကျွန်တော်တို့ စွမ်းအားကြီးမဟာအကြီးအကဲနှစ်ယောက်ကို တစ်ခြားမိသားစုတွေပါခြံရံပြီးပို့လိုက်ပေမယ့် တိုက်ပွဲထဲမှာပဲ တစ်ခါတည်းအပြတ်ရှင်းခံလိုက်ရပါတယ်"

ဂိုဏ်းချုပ်ချမ်မှာ ဖြစ်ရပ်ကိုတင်ပြရင်း အသံတွေမမှန်တော့သည်အထိတုန်ယင်လာပြီး ချွေးများမှာလည်းစိုနစ်လို့နေလျက်။

"ဘိုးဘေးရဲ့ညွှန်ကြားမှုတွေကြောင့် ပိုပြီးသေချာသွားအောင် ကျွန်တော်လည်းနောက်ထပ်မဟာအကြီးအကဲလေး‌ယောက်ထပ်စေလွှတ်ခဲ့ပါသေးတယ် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ပြီး အသေအချာရှင်းလင်းခဲ့ဖို့ပါ"

"ဒါပေမယ့်သူတို့အားလုံး ချင်းယွင်မြို့တော်တို့မရောက်ခင်မှာတင် အသတ်ခံလိုက်ရပါတယ် ဖုန့်မိသားစုကိုကာကွယ်ပေးနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ယောက် ရှိနေတဲ့ပုံပါပဲ"

ဘိုးဘေး၏မျက်လုံးများကျဥ်းမြောင်းသွားပြီး ဒေါသမီးလျှံများလည်း တောက်လောက်လို့လာသည်။ အရှိန်အဝါများဖြာထွက်လာပြီး သူ့ထံမှဖြန့်ထွက်လာသောစွမ်းအင်များကြောင့် ခန်းမတွင်းရှိလေထုမှာ ပိုလို့အသက်ရှူကျပ်သွားရတော့၏။

"မင်းပြောနေတာက" သူ့အသံမှာခပ်နိမ့်နိမ့်ဖြင့် သားကောင်ကိုချောင်းနေသောမြွေတစ်ကောင်ကဲ့သို့ အဆိပ်ငွေ့များပြည့်နှက်နေသည်။ "မဟာအကြီးအကဲနှစ်ယောက်က ဖုန့်ချန်းလက်ထဲမှာသေသွားရုံတင်မကဘူး ငါထပ်လွှတ်ခိုင်းလိုက်တဲ့လေးယောက်က လမ်းမှာတင်ကိစ္စတုံးသွားကြတယ်တဲ့လား"

ချမ်ကျန်းက အလောတကြီးခေါင်းညိတ်လာသော်လည်း ခေါင်းကိုအခုထိမမော့ရဲပါပေ။ "မှန်ပါတယ် ဘိုးဘေး"

ဘိုးဘေးသည် အချိန်အတော်ကြာသည်အထိ ဘာမှပြောမလာခဲ့ပေ။ သူဒီလိုတိတ်ဆိတ်နေတာကြီးက အစောကဒေါသထွက်ချိန်ထက် ပိုလို့ကြောက်စရာကောင်းသေး၏။ ဘိုးဘေး၏မျက်လုံးများမှာ ခေါင်းကိုပြားပြားဝပ်ငုံ့ထားသောဂိုဏ်းချုပ်ကိုကြည့်ရင်း အထင်အမြင်သေးမှုများဖြင့်ပြည့်နှက်နေသည်။ ဂိုဏ်းချုပ်မှာလည်း ဘိုးဘေး၏ဒေါသကြောင့် စကားကိုပင်ဖြောင့်ဖြောင့်မပြောနိုင်တော့သည့် အခြေအနေပင်။

ချမ်ကျန်းမှာ တုန်လှုပ်နေဆဲပေမယ့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ သတ္တိမွေးလိုက်သည်။ သူခေါင်းကိုအသာပြန်မော့လျက် ပြောလာသည့်စကားလုံးများမှာ ခါးသီးနေလျက်။

"ဘိုးဘေး အခြေအနေတွေကြောင့်သာမဟုတ်ရင် ကျွန်တော်ကိုယ်တိုင်သွားဖြေရှင်းလိုက်ပြီးပါပြီ ဒါပေမယ့် အဲ့ဒီဆန်းကြယ်မီးတောက်ဂိုဏ်းချုပ်ဆိုတဲ့မိန်းမက ကျွန်တော့်ကိုမျက်စိဒေါက်ထောက်ပြီးစောင့်ကြည့်နေတာပါ ကျွန်တော်လှုပ်ရှားလိုက်မိရင် သူ့ဘက်ကတစ်ခုခုလုပ်လာနိုင်ပါတယ်"

သူ့အသံမှာစူးရှလာပြီး ဒေါသများလည်းပါလာသည်။ "အဲ့ဒီအရူးမက ကျွန်တော့်ကိုသတ်ဖို့နည်းလမ်းမရရအောင်ရှာနေတာပါ တစ်ချိန်က ကျွန်တော့်လက်ချက်ကြောင့်သေတော့မလိုဖြစ်ခဲ့တဲ့ အဲ့သနားစရာမိန်းမက အသက်ဆက်ရှင်နိုင်ရုံမက ဒီလောက်အချိန်တိုတိုလေးအတွင်းမှာကို ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ထိတက်သွားနိုင်သေးတယ် ဘယ်သူကကြိုခန့်မှန်းမိထားမှာလဲ"

(ဒီပြဿနာတွေအားလုံးက အဲ့ဒီဟာမကြောင့်...)

သူခါးသီးစွာတွေးလိုက်မိသည်။ သူဖျက်ဆီးခဲ့သောမိသားစုမှ မိသားစုဝင်တစ်ဦးသာအသက်ရှင်ကျန်ရစ်ပြီး ထိုမိသားစုဝင်က အခုတော့ သူ့ထက်‌တောင်စွမ်းအားမြင့်သွားခဲ့တာပင်။ ထိုအမျိုးသမီးမှာ ယခုဆန်းကြယ်မီးတောက်ဂိုဏ်းချုပ်ပင်ဖြစ်နေခဲ့ပြီ။

ဘိုးဘေးက အနောက်ကိုအသာမှီထိုင်လိုက်ပြီး မျက်လုံးများလည်းကျဥ်းမြောင်းသွားသည်။ "ဒါဆို အဲ့ခွေးမလေးကသူတို့ကိုကူညီပေးနေတာပေါ့ ဟုတ်ချင်ဟုတ်မှာပါ မဟုတ်ရင်လည်း တစ်ခြားတစ်ယောက်များလား..?

ဘိုး‌ဘေးကပြောနေရင်းဖြင့် နောက်ထပ်ဖြစ်နိုင်ချေရှိမည့်သူကို စဥ်းစားကြည့်လိုနေ၏။

သူ့အကြည့်စူးစူးတို့က ဂိုဏ်းချုပ်ထံသို့ပြန်ရောက်လာပြီး လေသံပြတ်ဖြင့်ပြောလိုက်သည်။ "မင်းကံကောင်းသွားတယ် ဒီအကြောင်းပြချက်တွေမရှိဘဲ အသားလွတ်ရှုံးလာတာဆိုရင်တော့ မင်းဒီနေရာမှာမတ်တပ်တောင်ရပ်နိုင်တော့မှာမဟုတ်ဘူး"

"ဘိုးဘေးရဲ့ထောက်ထားညှာတာပေးမှုအတွက် ကျေးဇူးတင်ပါတယ်" ချမ်ကျန်းက တရိုတသေဦးညွှတ်လျက် အမြန်ပြောလိုက်သည်။

"တတွတ်တွတ်တောင်းပန်မနေနဲ့တော့ အခုအချိန်မှာပေါ်တင်မလှုပ်ရှားသေးဘဲ ဖုန့်မိသားစုနဲ့ဆန်းကြယ်မီးတောက်းဂိုဏ်းကို မျက်ချေမပြတ်စောင့်ကြည့်နေ"

"ငါဂူအောင်းကျင့်ကြံရေးဝင်ပြီး စိတ်ဝိဉာဥ်ခွဲထွက်ခြင်းကျင့်ကြံဆင့်ကို ချိုးဖျက်လိုက်ဦးမယ် ပြီးရင်တော့ မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံး ငါတို့လက်ထဲရောက်ပြီ"

ဘိုးဘေးကထိုသို့ပြောပြီး ထွက်ခွာသွားတော့သည်။

တစ်ချိန်လုံးပိကျနေသာဝန်ထုပ်ကြီး ထွက်သွားတော့မှ လေထုလည်းအနည်းငယ်ပေါ့ပါးသွားသယောင်ပင်။ ဂိုဏ်းချုပ်ချမ်ကျန်းနှင့် စုဝေးနေသောအကြီးအကဲများမှာ တစ်‌ယောက်ကိုတစ်ယောက် မလွယ်ဘူးဟူသောအဓိပ္ပာယ်ဖြင့် ကြည့်လိုက်ကြသည်။ ကြောက်စိတ်များကိုလည်း အခုတော့ဘေးခဏဖယ်ထားနိုင်လေပြီ။

All Chapters