← Chapters

အခန်း (၁၇၈)

Vol. 13 Ch. 178

အခန်း (၁၇၈)

Vol. 13 Ch. 178

ဘိုးဘေးက ဂူအောင်းကျင့်ကြံရာသို့တစ်ဖန်ထပ်ဝင်မည်ဟု ကြေငြာသွားသဖြင့် သူတို့မျက်လုံးများထဲတွင် ‌မျှော်လင့်ချက်ရောင်ခြည်များပြန်လည်ယှက်သန်းလာတော့၏။ သူသာ စိတ်ဝိဉာဥ်ခွဲထွက်ခြင်းကျင့်ကြံဆင့်ကို ချိုးဖျက်နိုင်သွားလျှင် မိုးပြာကောင်းကင်အင်ပါယာကို မုန်တိုင်းဝိဉာဥ်နန်းတော်က ပြိုင်ဘက်မရှိအုပ်စိုးနိုင်လေပြီ။

ချမ်ကျန်းသည် ခါးကိုပြန်မတ်လိုက်ပြီး အသက်ရှူသံများလည်းပြန်လည်တည်ငြိမ်သွားသည်။ သူမဲ့ပြုံးတစ်ချက်ပြုံးလိုက်မိ၏။

(ဆန်းကြယ်မီးတောက်ဂိုဏ်းရဲ့ အဲ့ဂိုဏ်းချုပ်မ ငါ့ရှေ့ဒူးထောက်ရမယ့်အချိန် ရောက်လာတော့မှာပါကွာ)

သူခါးသက်စွာ တွေးလိုက်မိသည်၊

(အဲ့မာနကြီးလှပါတယ်ဆိုတဲ့မျက်ခွက် စိတ်ပျက်အားငယ်နေပြီး သူ့ဂုဏ်သိက္ခာတွေတစ်စက်မှမကျန်တော့အောင် ချနင်းပစ်မယ် ငါ့လမ်းမှာတစ်သက်လုံးပိတ်နေနိုင်မယ်လို့များ သူ့ကိုယ်သူထင်နေသလား အဆုံးသတ်အောင်နိုင်သူကဘယ်သူဖြစ်မလဲ ကြည့်ကြသေးတာပေါ့)

ဘေးနားကအကြီးအကဲများလည်း စိတ်လှုပ်ရှားစွာဖြင့် အချင်းချင်းတီးတိုးကပ်ပြောလို့နေကြသည်။

"ဘိုးဘေးသာနောက်တစ်ဆင့်ချိုးဖျက်နိုင်သွားရင် အင်ပါယာထဲကတစ်ယောက်မှ ငါတို့ကိုဆန့်ကျင်နိုင်တော့မှာမဟုတ်ဘူး"

"ဆန်းကြယ်မီးတောက်ဂိုဏ်းလည်း ငါတို့ကိုဦးညွှတ်လာရမှာပဲ ဖုန့်မိသားစုဆိုတာကတော့ အမှိုက်သရိုက်ထက်မပိုတော့ဘူး"

ဂိုဏ်းချုပ်ချမ်က လက်တစ်ဖက်ကိုမြှောက်လျက် အသံတိတ်ရန်အချက်ပြလိုက်သည်။ သူ့မျက်နှာထားက မည်းမှောင်နေဆဲပေမယ့် ဆုံးဖြတ်ချက်ပြတ်သားလျက်ပင်။

"တော်လောက်ပြီး မအောင်နိုင်သေးခင် ဘာမှလေကျယ်မနေနဲ့ဦး ဘိုး‌ဘေးရဲ့ကျင့်ကြံမှုကိုသာ အနှောင့်အယှက်မဖြစ်အောင် ဂရုစိုက်ထားကြ အဲ့ဒီဖုန့်မိသားစုနဲ့ အနိုင်ယူဖို့ခက်လှပါတယ်ဆိုတဲ့ဟိုမိန်းမကိုရှင်းထုတ်နိုင်ဖို့ အချိန်တစ်ခုပဲလိုတော့တယ်"

အကြီးအကဲများလည်း ခေါင်းတညိတ်ညိတ်ဖြင့် သက်ဆိုင်ရာတာဝန်များကိုလုပ်ဆောင်ရန် လူစုခွဲသွားကြတော့သည်။ သူတို့မျက်လုံးများထဲတွင်တော့ တက်ကြွသောမျှော်လင့်ချက်များအပြည့်ဖြင့်။

ဘိုးဘေး၏ကျင့်ကြံရေးဂူခန်းထဲတွင် လေထုမှာစွမ်းအားဖြင့်တောက်ပလျက်ရှိသည်။ ဂူခန်းကျယ်ကြီးမှာ မှိန်ပျပျအလင်းရောင်လေးထင်ဟပ်နေပြီး ဝိဉာဥ်အစီအရင်များ၏တောက်ပမှုကြောင့် နံရံထက်တွင် အရိပ်များယိမ်းနွဲ့လျက်ရှိ၏။

ဘိုးဘေးမှာ စင်မြင့်ပေါ်တွင် တင်ပျဥ်ခွေလျက်ထိုင်နေသည်။ မျက်နှာအမူအရာကတည်ငြိမ်နေပေသည့် သူစတင်တရားထိုင်သည်နှင့် မျက်လုံးများမှာ ခြိမ်းခြောက်ဟိန်းဟောက်နေသကဲ့သို့ တောက်ပစူးရှလျက်ရှိတော့သည်။ သို့သော် ထိုတည်ငြိမ်မှုမှာ ဆတ်ခနဲပြိုကွဲသွားရ၏။

အရိပ်များထဲမှာ တစ်စုံတစ်ခုထွက်ပေါ်လာပြီး မှောင်ရိပ်ထဲတွင်တိုးဝင်ပုန်းကွယ်နေသည်။ ထိုသူရပ်နေသောနေရာဝန်းကျင်မှာ မူမမှန်သောအရိပ်အယောင်များပေါ်ထွက်နေပြီး ဖြာထွက်နေသောစွမ်းအားမှာ ဘိုးဘေးပင်လျစ်လျူရှုလို့မရသည့်အဆင့်ပင်။

ဘိုးဘေးသည် မျက်လုံးအစုံကိုဖွင့်လိုက်ပြီး သတိကပ်ထားသောအသံဖြင့်ပြောသည်။ "ရောက်လာပြီပေါ့" အသံမှာခပ်တိုးတိုးသာပင်။

ထိုအရိပ်၏စကားသံမှာ လေညင်းဖြင့်စီးပါလာသောတီးတိုးသံတစ်ခုကဲ့သို့ အေးစက်ပြီးကြက်သီးထဖွယ်ကောင်းသည်။ "ငါ့ဘက်ကဒီလောက်တောင်ရက်‌ရောပေးထားပေမယ့် မင်းတိုးတက်မှုကအတော်နည်းသေးတာပဲ ငါခိုင်းထားတဲ့တာဝန်ရော လုပ်ပြီးပြီလား"

ဘိုးဘေး၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ "ဖုန့်မိသားစုက ထင်တာထက်ပိုပြီးခံနိုင်ရည်ရှိနေတယ် ဒါပေမယ့် သူတို့အဆုံးသတ်ဖို့မလိုတော့ပါဘူး"

အရိပ်ကအနားသို့တိုးကပ်လာပြီး ပုံသဏ္ဍာန်မှာလည်း လူပုံစံမဟုတ်တော့ဘဲ မူမမှန်စွာပြောင်းလဲသွားသည်။ "မင်းမှာအချိန်အဲ့လောက်ပေါနေတာမဟုတ်ဘူး ငါထပ်စောင့်ပေးတဲ့အချိန်အထိ ဖုန့်မိသားစုရှိနေသေးရင်တော့ အကျိုးဆက်တွေကိုမင်းခံစားရလိမ့်မယ်"

ဘိုး‌ဘေးသည် ရုတ်တရတ်ဒေါသထွက်သွားသော်ငြား အမြန်ပြန်ထိန်းလိုက်သည်။ "မင်းက ငါ့ရဲ့စိတ်ရှည်သည်းခံနိုင်မှုနဲ့ အစီအစဥ်တွေကို အထင်သေးထားတာပဲ ငါချိုးဖျက်နိုင်ဖို့နည်းနည်းပဲလိုတော့တယ် ချိုးဖျက်ပြီးတာနဲ့ အဲ့ကောင်တွေကို ငါ့လက်ကနေလွတ်အောင် နတ်မင်းဆင်းကယ်လို့တောင်ရတော့မှာမဟုတ်ဘူး"

ထိုအရိပ်သည် လှောင်ရယ်သံသဲ့သဲ့ဖြင့်ပြောလာ၏။ "ရလဒ်ထွက်မလာရင် လေကြီးလေကျယ်တွေပြောနေလည်း အလကားပဲ"

ဘိုးဘေးသည် လက်သီးများကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ဒေါသငွေ့ငွေ့ထွက်လာသည်။ "ဟမ့် မင်းဘာသိလဲ အလယ်ပိုင်းဒေသကြီးဘက်ကလူတွေလာပြီး ဖုန့်မိသားစုကိုကူညီနေတာကွ သူတို့သာဝင်မရှုပ်ရင် အဲ့ဖုန့်မိသားစုအသက်ပျောက်နေတာကြာပြီ"

အရိပ်သဏ္ဍာန်သည် ခေါင်းအနည်းငယ်စောင်းငဲ့ကာ စဥ်းစားဟန်ပြုနေသည်။ သူလှုပ်ရှားသွားတိုင်း သူ့သဏ္ဍာန်မှာ ရေလှိုင်းတွန့်လေးများကဲ့သို့ လှုပ်ခတ်သွားလျက်။

"အလယ်ပိုင်းဒေသကြီးကလူတဲ့လား" အသံကအေးစက်နေပြီး မယုံကြည်ဟန်လည်းပါဝင်သည်။ "မဖြစ်နိုင်တာ ဘယ်တစ်ယောက်မှ ငါသတိမထားမိဘဲ မိုးပြာကောင်းကင်အင်ပါယာထဲကိုဝင်လို့မရဘူး မဟုတ်မှ..."

အရိပ်မှာ ယုံကြည်မှုယိမ်းယိုင်သွားဟန်ဖြင့် လှိုင်းတွန့်များလှုပ်ခတ်သွားသည်။ "ဖုန့်မိသားစုရဲ့လတ်တလောအောင်မြင်မှုတွေနဲ့ ငါတို့ဂိုဏ်းကိုတောင်ယှဥ်နိုင်နေတဲ့အင်အား ဒါတွေအားလုံးကမူမှန်မနေဘူး အလယ်ပိုင်းဒေသကြီးကလူသာဆိုရင် ငါတို့အရိပ်တွေမျက်စိအောက်ကနေရှောင်ထွက်နိုင်တဲ့စွမ်းအားရှင်မျိုးက..."

အရိပ်မှာ အတွေးများသွားဟန်ဖြင့် တိတ်ဆိတ်သွားတော့သည်။ ထို့နောက် ပြောလာသောစကားသံမှာလည်း သတိချပ်လျက်ရှိပြီး ပြတ်သားလို့နေ၏။

"ဖြစ်တော့မဖြစ်နိုင်ဘူးဆိုပေမယ့် လုံးဝမဖြစ်နိုင်တာတော့လည်းမဟုတ်ဘူး ငါဒီကိစ္စကိုစုံစမ်းဖို့လူလွှတ်ထားလိုက်မယ် မင်းငါ့ကိုလိမ်ရင်ဘာဖြစ်မယ်ဆိုတာ သိတယ်နော်"

သူ့အသံမှာ နောက်ဆုံးသတိပေးချက်ကဲ့သို့ တင်းမာလျက်ရှိသည်။ "မင်းမှာအချိန်နှစ်နှစ်ရှိမယ် အဲ့ဒီနှစ်နှစ်အတွင်း ဖုန့်မိသားစုကိုရအောင်အမြစ်ဖြတ် တစ်‌ယောက်မှမကျန်စေနဲ့ မင်းကျရှုံးလို့ကတော့..."

ထိုအရိပ်၏တည်ရှိမှုမှာ အခန်းတစ်ခုလုံးကိုအုပ်မိုးလိုက်သကဲ့သို့ လေးလံလာသည်။ ဘိုးဘေးသည် အံကိုတင်းတင်းကြိတ်ရင်း ထိုအရိပ်၏ဖိနှိပ်မှုကို မာနဖြင့်သည်းခံနေရ၏။

"ဟမ့် စိတ်မပူပါနဲ့ နှစ်နှစ်အတွင်းမှာ ဖုန့်မိသားစုရဲ့ အရိုးတစ်ချောင်းတောင်မကျန်တော့သည်အထိ အပြတ်ရှင်းပေးမယ်"

အရိပ်မှာ မှိန်ဖျော့သွားပြီး အမှောင်ရိပ်ထဲသို့ပြန်လည်တိုးဝင်ပျောက်ကွယ်သွားသည်။ "ကြည့်ကြသေးတာပေါ့"

အရိပ်ပျောက်ကွယ်သွားသည်နှင့် ခန်းမမှာလည်းပြန်လည်တိတ်ဆိတ်သွားတော့သည်။ ဘိုးဘေးသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အေးစက်နေသောမျက်လုံးများထဲတွင်လည်း ခိုင်မာသောစိတ်ပိုင်းဖြတ်မှုကို မြင်တွေ့ရနိုင်သည်။

"နှစ်နှစ်အတွင်းပေါ့ ကောင်းပြီ ဖုန့်မိသားစုနဲ့ ဆန်းကြယ်မီးတောက်ဂိုဏ်း ငါ့ကိုဆန့်ကျင်ရဲတဲ့တန်ကြေးကို သိအောင်ပြလိုက်ရသေးတာပေါ့ ငါကတော့ရှုံးနိမ့်မှာမဟုတ်ဘူး"

ထို့နောက် သူမျက်လုံးများကိုပြန်မှိတ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူလိုက်ပြီး တရားထိုင်ရာသို့ပြန်လည်နစ်ဝင်သွားတော့သည်။ နှစ်နှစ်အတွင်းတွင် မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံး သူ့လက်ထဲသို့သက်ဆင်းရပေတော့မည်။

All Chapters