← Chapters

ဖုန့်ယွင်နှင့် လန်မိသားစု

Vol. 13 Ch. 180

ဖုန့်ယွင်နှင့် လန်မိသားစု

Vol. 13 Ch. 180

"တူလေးရေ"

တစ်နေ့တွင် အကြီးအကဲဝေ့သည် စိုးရိမ်တကြီးဖြူရော်နေသော မျက်နှာအသွေးအရောင်ဖြင့် ဖုန့်ချန်း၏သီးသန့်ကျင့်ကြံဂူထဲသို့ အပြေးတစ်ပိုင်း ဝင်ရောက်လာလေ၏။

ဖုန့်ချန်းမျက်လုံးဖွင့်ပြီး မော့ကြည့်လိုက်သည်။ ထို့နောက် ဖုန့်ယွင်နှင့်ပက်သက်နေသောကိစ္စတစ်ခုခု ဖြစ်လောက်မည်ဟု အာရုံခံလိုက်မိသည်။

"တူလေးယွင်အာနဲ့ပက်သက်တဲ့သတင်းဆိုးတွေ ကြားလာရတယ်"

ဒီတစ်ခေါက်သတင်းကတော့ ဟိုတစ်ခေါက်က အကြီးအကဲဝေ့ဂုဏ်ယူဝင့်ကြွားစွာမျှဝေခဲ့သည် သတင်းကောင်းမျိုးမဟုတ်မှန်း သိသာနေလေပြီ။

"တူလေးယွင်အာ အန္တရာယ်ကြားရောက်နေပြီကွ" အကြီးအကဲဝေ့က အလောတကြီးပြောလာသည်။

"ဘာများဖြစ်လို့လဲ" ဖုန့်ချန်းဖြတ်မေးလိုက်သည်။

"မင်းနေပြည်တော်က လန်မိသားစုက ဖုန့်ယွင်ကိုပစ်မှတ်ထားပြီး အ‌နောက်လိုက်နေတဲ့ပုံရပါတယ် လူတွေက ဖုန့်ယွင်မင်းနေပြည်တော်ကိုဖြတ်သွားတုန်း လန်မိသားစုရဲ့ မျိုးဆက်သစ်ပါရမီရှင် လန်ကျင်းဟောင်နဲ့အတူ တွေ့လိုက်ရတယ်တဲ့ မိန်းကလေးငယ်တွေကိုနှောင့်ယှက်တယ်လို့ နာမည်ကြီးနေတဲ့တစ်ယောက်လေ"

အကြီးအကဲဝေ့မှာ လန်ကျင်းဟောင်ဆိုသောအမည်ကိုနှုတ်ထွက်လိုက်ရသည်နှင့် မျက်နှာထားပါသုန်မှုန်သွားရသည်။

လန်မိသားစု၏ မျိုးဆက်သစ်ပါရမီရှင်မှာ မိန်းမပျိုငယ်များကိုရမ်းကားသည့်အပြုအမူများကြောင့် လူသိများနေသူဖြစ်ပြီး မိသားစုနောက်ခံကကြီးသဖြင့် နောက်ဆက်တွဲပြစ်ဒဏ်တစ်ခုမှမခံရဘဲ ဆက်ပြီးလမ်းသလားနေနိုင်ခြင်းသာ။

"လန်ကျင်းဟောင်လား?" ဖုန့်ချန်း ဆတ်ခနဲရေရွတ်လိုက်မိသည်။ နာမည်မှာ ရင်းနှီးနေသလိုပင်။ သူဗီလိန်အသေးစားလေးများကို သိပ်အာရုံမစိုက်မိသော်ငြား လန်မိသားစုကတော့ တစ်ဘာသာကွဲပြား၏။

လန်မိသားစုမှာ လင်းမိသားစုလောက်တော့ အင်အားမကြီးသော်ငြား အထင်ကရမိသားစုများထဲမှတစ်ခုအပါအဝင်ဖြစ်ကာ မင်းနေပြည်တော်၏ ထိပ်ဆုံးမိသားစုဆယ်ခုစာရင်းထဲသို့ မကြာမကြာပါဝင်တတ်သော မိသားစုကြီးပင်။

ထိပ်ဆုံးမိသားစုဆယ်ခုဆိုသည်မှာ အကြားအားဖြင့်တော့ များလှချည်လားဟု ထင်ရနိုင်ပေသည့် မင်းနေပြည်တော်ဆိုသည်မှာ များစွာသောစွမ်းအားကြီးမိသားစုတို့ စုဝေးအခြေချရာနေရာဖြစ်သည်။ အနိုင်ယူရလွယ်သည့်မိသားစုဟူ၍မရှိ။ ထိုစာရင်းဝင်မိသားစုများ အခြားမြို့တော်တစ်ခုခုသို့ ပြောင်းရွှေ့လိုလျှင် မလွဲမသွေ မြို့တော်၏အင်အားအကြီးဆုံးမိသားစုနေရာကို ရလိမ့်မည်သာ။

"အဲ့တော့ ဘာဖြစ်လို့လဲ" ဖုန့်ချန်းထပ်မေးလိုက်သည်။

လန်ကျင်းဟောင်ကို ဖုန့်ချန်းသိကျွမ်းဖူးခြင်းမရှိပေ။ သို့သော် အကြီးအကဲဝေ့ဖြစ်ပျက်နေပုံအရ‌တော့ ထိုသူမှာ ဖုန့်ယွင်နှာခေါင်းပိတ်ကာ ဝေးဝေးရှောင်သင့်သည့် လူရမ်းကားတစ်ဦးကဲ့သို့ပင်။

"ကြည့်ရသလောက်တော့ လန်ကျင်းဟောင်က နေ့ခင်းကြောင်တောင်မှာ မိန်းကလေးတစ်ယောက်ကို နှောင့်ယှက်နေတုန်း ဖုန့်ယွင်ကမြင်ပြီးမနေနိုင်တာနဲ့ ဝင်ကာကွယ်ပေးလိုက်တဲ့ပုံပါပဲ လန်ကျင်းဟောင်က နဂိုကတည်းကမောက်မာတတ်တာဆိုတော့ ဒီလိုဝင်စွက်ဖက်တဲ့ကိစ္စကိုလည်း ဒီတိုင်းလွှတ်မပေးဘဲ နှစ်ယောက်သားအဲ့နေရာမှာတင် တိုက်ခိုက်ကြတယ်တဲ့"

ဖုန့်ချန်းနားထောင်ရင်း အပြုံးတစ်ပွင့်က နှုတ်ခမ်းထက်မသိမသာပေါ်လွင်လာသည်။ ဖြစ်ပျက်သွားသည့်ကိစ္စများကို သူကြိုခန့်မှန်းမိနေပါပြီလေ။

လူစွမ်းကောင်းက အလှလေးကို အန္တရာယ်ကြားကကယ်ထုတ်ပြီး လူရမ်းကားကိုပညာပေးလိုက်တဲ့ မပါမဖြစ် ဒဏ္ဍာရီလာပုံပြင်လေးပဲမဟုတ်လား? နားဆင်ရတာနဲ့တောင် ကျက်သရေအဖြာဖြာနဲ့ပြည့်စုံလှပြီး ချီးမွမ်းထိုက်လှပုံများ။

"လန်ကျင်းဟောင်ကလည်း အင်အားကြီးတယ် ပါရမီရှိတယ်လို့နာမည်ကြီးပေမယ့် ဒီပွဲမှာတော့ အပြတ်အသတ်ကိုရှုံးနိမ့်သွားပါတယ်တဲ့ စုဝေးနေတဲ့လူပရိတ်သတ်ကြားမှာ ဖုန့်ယွင်က လန်ကျင်းဟောင်ကိုအနိုင်ယူဖို့ အကွက်နှစ်ဆယ်လောက်တောင်မသုံးလိုက်ရဘူးလို့ ဆိုကြပါတယ် လန်ကျင်းဟောင်အတွက်တော့ အရှက်လုံးလုံးကွဲတာပါပဲ"

ဖုန့်ချန်းကတော့ ရှေ့ဆက်ပြောမည့်စကားများကို ကြိုမြင်ပြီးလေပြီ။

လန်ကျင်းဟောင်ကို အပြတ်အသတ်အနိုင်ယူလိုက်ခြင်းက အထင်ကြီးစရာကောင်းလှပေမယ့် နောက်ဆက်တွဲပြဿနာကတော့ ပေါ့သေးသေးမဟုတ်လောက်ပေ။ လန်မိသားစုမှာ မင်းနေပြည်တော်တွင်း လွှမ်းမိုးမှုအရှိဆုံးသောမိသားစုကြီးများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး သူတို့ပါရမီရှင်အတွက်လည်း လွန်စွာမှဂုဏ်မောက်တတ်ကြသည့်အမျိုးပင်။

အမှန်တကယ် တရားမျှတပြီး ဂုဏ်ကျက်သရေပြည့်စုံသောမိသားစုဖြစ်ပါက အရှုံးကိုကျေကျေနပ်နပ်သာ လက်ခံကြပေလိမ့်မည်။ မဟုတ်လျှင်တော့...

"လန်မိသားစုက လူပုံအလယ်အရှက်ကွဲသွားတဲ့ကိစ္စကို အတော်ကြီးအထိနာသွားပုံပါပဲ ဖုန့်ယွင်ကိုမရရအောင်လိုက်ဖို့ အမိန့်တွေချမှတ်ပြီးသွားပြီတဲ့ တူလေးယွင်အာက အခုထိတော့လွတ်နေသေးတယ်လို့ကြားပေမယ့် သူတို့စေလွှတ်ထားတဲ့ကျွမ်းကျင်သူတွေလက်ကနေ ဘယ်လောက်ကြာကြာ လွတ်အောင်ပြေးနိုင်မှာတဲ့လဲ"

အကြီးအကဲဝေ့သည် ဖုန့်ချန်းကိုသေချာအကဲခတ်လေ့လာနေသည်။ မိသားစုခေါင်းဆောင်က မိသားစုအပေါ် ဘယ်လောက်အလေးထားပြီး ကာကွယ်တတ်မှန်း သူအသိပါပေ။ အထူးသဖြင့် သူ့ညီငယ်‌လေးကိုဆိုရင်ပေါ့။

ဖုန့်ချန်း၏မျက်နှာထားမည်းမှောင်သွားပြီး ဖြာထွက်လာသောအရှိန်အဝါ၏ပြင်းထန်မှုကလည်း လူကိုကြက်သီးမွေးညင်းထသွားစေနိုင်လေသည်၊

လေထုမှာလေးလံလာပြီး အကြီးအကဲဝေ့လို နှစ်ရှည်လများအနီးကပ်တာဝန်ထမ်းဆောင်ခဲ့သူပင် အလိုအလျောက်တုန်ယင်လာရတော့၏။

"ဟင်းဟင်း လန်မိသားစု ဟုတ်စ?" ဖုန့်ချန်း၏အသံမှာ ‌ရေခဲတမျှအေးစက်လို့နေသည်။ "ကြည့်ရတာတော့ လန်မိသားစုကြီး ဒီကမ္ဘာပေါ်ကပျောက်ကွယ်ရတော့မယ့်အချိန် ရောက်လာပြီနဲ့တူပါရဲ့"

"တူလေး.." အကြီးအကဲဝေ့မှာ ဖုန့်ချန်း၏ကြိမ်းဝါးသံကြောင့် လန့်ဖျပ်သွားဟန်ပင်။

သူဒီလိုသုတ်သုတ်ပြာပြာပြေးလာခဲ့ရသည့်အကြောင်းရင်းမှာ လန်မိသားစုဒေါသကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ မစဥ်းစားတတ်တော့၍ပင်။ ဖုန့်ယွင်အတွက် ကာကွယ်ရေးတပ်တွေစေလွှတ်ပေးရမလား? ဒါမှမဟုတ် လန်မိသားနှင့် ထိပ်တိုက်ရင်ဆိုင်ရတော့မည်လား? လန်မိသားစုမှာ ကြောက်စရာကောင်းသောပြိုင်ဘက်တစ်ဦးပင်။ သူတို့အင်အားက ဖုန့်မိသားစုထက် ပိုကြီးမားနေတာလည်းဖြစ်နိုင်ပေ၏။

အခုတော့ဖုန့်ချန်းက လန်မိသားစုကိုအမြစ်ဖြတ်သုတ်သင်ဖို့ အဆင်သင့်ဖြစ်လို့နေလေပြီ။ ဖုန့်ချန်းတစ်ယောက် ဤမျှအလောတကြီးနိုင်လိမ့်မည်ဟု အကြီးအကဲဝေ့ပင် တစ်ခါမှမစဥ်းစားမိဖူးပါချေ။

တော်ဝင်မိသားစုက‌ရော မင်းနေပြည်တော်မှာ မိသားစုနှစ်ဖက် ပေါ်တင်ထိပ်တိုက်တွေ့ကြမယ့်အဖြစ်ကို ခွင့်ပြုပေးပါမည်တဲ့လား?

"တူလေးရေ စိတ်လျှော့ပါဦးကွာ အခုအချိန်မှာ ယွင်အာဘေးကင်းဖို့က အဓိကပဲလေ" အကြီးအကဲဝေ့မှာ မိသားစုခေါင်းဆောင်၏ဒေါသမီးကို တတ်သလောက်မှတ်သလောက် ဖြေသိမ့်ပေးနေရလေသည်။

"စိတ်မပူပါနဲ့ အကြီးအကဲဝေ့" ဖုန့်ချန်းက တည်ငြိမ်အေးစက်စွာ စကားပြန်သည်။ "ဖုန့်ယွင်မှာ လိုအပ်တာတွေအစုံပါသွားပါတယ် သူဘေးကင်းမှာပါ"

(ဟိုစွမ်းအားကြီးဝိဉာဥ်က လမ်းပြပေးနေမှတော့ ပုန်းဖို့ရှောင်ဖို့လောက်က စိတ်ချရပါတယ်)

ဖုန့်ယွင်၏‌ဘေးကင်းလုံခြုံမှုကို ဖုန့်ချန်းသံသယမြူမှုန်မျှမရှိပေ။ သူအာရုံစိုက်ရမှာက ပြဿနာအရင်းအမြစ်ကိုဖြတ်ထုတ်ဖို့ပင်။

"မဟာအကြီးအကဲဖုန့်ကျန်းရှန်နဲ့ တစ်ခြားအကြီးအကဲတစ်ချို့ကို ဖုန့်ယွင်ကိုနောက်ဆုံးတွေ့ခဲ့ရတဲ့အရပ်ဆီလွှတ်လိုက် လန်မိသားစုကိစ္စကိုတော့ ကျုပ်ကိုယ်တိုင်ရှင်းမယ်"

ဘန်း

အကြီးအကဲဝေ့မတုံ့ပြန်နိုင်သေးခင်မှာဘင် ဂူတံခါးကဘန်းခနဲပွင့်ဟလာပြီး အစေခံတစ်ဦးက မျက်နှာဖြူဖျော့လျက် သုတ်သီးသုတ်ပြာပြေးဝင်လာပြန်၏။

"ကြားဖြတ်ဝင်လိုက်ရလို့တောင်းပန်ပါတယ် မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲ" အစေခံက အသံတုန်တုန်ဖြင့် ဦးညွှတ်ရင်းပြောလာသည်။ "လန်မိသားစုကိုကိုယ်စားပြုပုံရတဲ့အဖွဲ့တစ်ဖွဲ့ရောက်လာပြီး တားဖို့ကြိုးစားတဲ့အစောင့်တွေကိုလည်း တိုက်ခိုက်နေကြပါတယ် ခေါင်းဆောင်ကို အခုပဲတွေ့ချင်ပါတယ်တဲ့"

ဖုန့်ချန်းမျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ဖြာထွက်နေသောအရှိန်အဝါမှာလည်း ပိုလို့ပြင်းထန်လာတော့၏။ "မင်းပြောတာ လန်မိသားစု ဟုတ်သလား?" အသံမှာ သွေးဆာနေသကဲ့သို့ပင်။

"ငါ့အိမ်တံခါးထိအရောက်လာရဲရအောင် သူတို့ကိုယ်သူတို့ ဘာများထင်နေကြလဲ"

ဖုန့်ချန်းပြောလာသည်။ ဒေါသထွက်နေပုံပေါ်သော်လည်း သူ့ကြည့်ရသည်မှာ လန်မိသားစုဘက်က အရင်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာကို ပျော်မြူးသွားဟန်လည်းပေါ်၏။

သူအစေခံဘက်သို့လှည့်၍ သံပြတ်ဖြင့်မေးလိုက်သည်။ "ဒင်းတို့ဘယ်မှာလဲ"

"သူတို့‌ ခန်းမကြီးထဲမှာစောင့်နေကြပါတယ် မိသားစုခေါင်းဆောင်" အစေခံက အသံတုန်တုန်နှင့်ပင် ဖြေလာသည်။

"ကောင်းတယ်" ဖုန့်ချန်းပြောလိုက်သည်။ "လန်မိသားစုရဲ့ခွေးတွေ ဘယ်လိုဟောင်ကြဦးမလဲ ကြည့်ကြသေးတာပေါ့"

ပြောပြောဆိုဆို ဖုန့်ချန်းနေရာမှချက်ချင်းပျောက်သွားတော့၏။ ပြင်းထန်သောအရှိန်အဝါကသာ နေရာတွင်လွင့်ကျန်နေခဲ့တော့သည်။

အကြီးအကဲဝေ့သည်လည်း ဖုန့်ချန်းနောက်မှ စိုးရိမ်တကြီးပြေးလိုက်သွားတော့သည်။ ဖုန့်ချန်းကိုစိုးရိမ်နေခြင်းတော့မဟုတ်။ ထိုလန်မိသားစုဝင်များ ကြုံတွေ့ရတော့မည့် ကြမ္မာဆိုးကြီးအတွက် ရင်လေးစိတ်ပူနေရခြင်းပါပေ။

"ငါတို့မိသားစုမှ စတိုးတက်ခါစရှိသေး ပြဿနာကတက်ပြီ"

ဟူး

အကြီးအကဲဝေ့လည်း ဘာဝင်ပြောရမှန်းမသိတော့ပါချေ။ ထိုလန်မိသားစုမှ ဖုန့်ချန်းကိုတရားလွန်တွန်းအားမပေးဖို့သာ သူမျှော်လင့်နိုင်တော့သည်။ သို့သော် ထိုသို့မျှော်လင့်ဖို့ရာလည်း နောက်ကျသွားလောက်လေပြီ။

အခြေအနေကိုတည်ငြိမ်စေဖို့ သူ့ဘက်ကအကောင်းဆုံးကြိုးစားဖို့သာ ရှိတော့မည်။

သို့ပေမယ့်‌ နောက်ဆုံးသောဆုံးဖြတ်ချက်ကတော့ ဖုန့်ချန်း၏လက်ထဲတွင်သာ ရှိနေလေသည်။

All Chapters