စွမ်းအားရှင်များမှ ဆန်ကုန်မြေလေးများအဖြစ်သို့ပြောင်းလဲခြင်း
Vol. 13 Ch. 181
ဖုန့်မိသားစု၏ ခန်းမကြီးထဲတွင် ကျင့်ကြံသူခုနှစ်ဦးက မတ်တပ်ရပ်နေလျက်ရှိသည်။ ဝတ်ရုံများတွင် လန်မိသားစုကိုယ်စားပြု အဆောင်အယောင်များဖြင့်။
ခေါင်းဆောင်ဖြစ်ဟန်တူသော ခက်ထန်သောမျက်နှာထားနှင့် သတ်လတ်ပိုင်းလူတစ်ဦးက ပတ်ဝန်းကျင်ကိုမထီမဲ့မြင်ဟန်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်၏။
"ဟမ့် ဆိုတော့ ဒါဟိုကောင်ဖုန့်ယွင်ရဲ့အိမ်ပေါ့လေ တစ်နေရာရာမှာပုန်းနေလောက်မှာပဲ"
အကြီးအကဲများထဲမှတစ်ဦးက အထင်သေးစွာ မှတ်ချက်ပြုလာသည်။
သူတို့အားလုံး ဖုန့်ယွင်နောက်ကို နေ့နေ့ညညလိုက်ခဲ့ကြသော်လည်း ဖမ်းမမိခဲ့ပေ။ နောက်တော့ လုံးဝမျက်ချည်ပြတ်သွားခဲ့သဖြင့် စိတ်မရှည်စွာ အဖွဲ့နှစ်ဖွဲ့ခွဲ၍ သူတို့အဖွဲ့က ဖုန့်ယွင်ကိုရှာရန် ဖုန့်မိသားစုအိမ်သို့ရောက်လာခဲ့ခြင်းပင်။
ထိုသို့စေလွှတ်ခံရခြင်းကြောင့် ဖုန့်မိသားစုကိုလည်း ဖုန့်ယွင်နည်းတူ သူတို့မုန်းတီးနေကြသည်။
မင်းနေပြည်တော်တွင် နေထိုင်သူများဖြစ်သည့်အလျောက် အရှေ့ပိုင်းစီရင်စုရှိမိသားစုများကို သူတို့အမြဲအထင်သေးခဲ့ကြသည်သာ။ နယ်စွန်နယ်ဖျားမှ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသည့် ရေသေလိုဒေသများဟုသာ သတ်မှတ်ခဲ့ကြသည်ပင်။
"ကျုပ်တို့ကဘာလို့ မိသားစုခေါင်းဆောင်တွေဘာတွေကို စောင့်နေရသေးတာလဲ" တစ်ဦးက စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလာသည်။ အဝင်ဝတွင်လည်း အားနည်းသောအစောင့်တစ်ချို့ထံမှ တားခံခဲ့ရသေးကာ အခုလည်း သူတို့မိသားစုခေါင်းဆောင်ဆိုသူကို စောင့်ဆိုင်းနေရသေး၏။ အမှန်ကိုဒေါသထွက်ချင်စရာပါပေ။
"ဒီနေရာကို မြေလှန်ဖျက်ဆီးပစ်လိုက်ရင် ပြီးရောမဟုတ်လား"
ထိုစကားထွက်ပြီးသွားသည်နှင့် ဖုန့်ချန်းမှာ အသံတစ်သံမှထွက်လာခြင်းမရှိဘဲ မိသားစုခေါင်းဆောင်ပုလ္လင်ပေါ်တွင် ဗြုန်းခနဲပေါ်လာလေသည်။ လန်အုပ်စုကို အေးစက်စွာပင် ခြေစခေါင်းဆုံးတစ်ချက်ကြည့်လိုက်သောကြောင့် ထိုအုပ်စုမှာတောင့်တင်းသွားရ၏။ ခြင်္သေ့ဂူထဲကို ခြေလှမ်းမှားဝင်ရောက်မိသော ယုန်သူငယ်လေးများကဲ့သို့ပင်။
အုပ်စုခေါင်းဆောင်က အနည်းငယ်တုန်လှုပ်သွားသောစိတ်ကိုဖုံးကွယ်ရင်း မောက်မာထောင်လွှားသောလေသံဖြင့် ပြောလာသည်။
"ဆိုတော့ မင်းက ဖုန့်မိသားစုရဲ့လက်ရှိခေါင်းဆောင် ဖုန့်ချန်းဖြစ်မယ်"
ဖုန့်ချန်းက ချက်ချင်းစကားမပြန်။ သူတို့အေးစက်စက်သာအကဲခတ်နေသည်။
"ငါ့အိမ်ကို ဖိတ်ကြားထားခြင်းမရှိဘဲ ဇွတ်ဝင်လာတဲ့မင်းတို့တွေကရော ဘယ်သူတွေလဲ" သူ့အသံခပ်နိမ့်နိမ့်မှာ အန္တရာယ်အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေတော့၏။
အုပ်စုခေါင်းဆောင်သည် ရင်ကိုကော့၍ စိတ်တင်းကာပြောလာသည်။
"ငါက လန်မိသားစုရဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ လန်ရှန်းပဲ ငါတို့က မင်းညီဖုန့်ယွင်နဲ့ပက်သက်ပြီး တရားဝင်ဆွေးနွေးစရာရှိလို့လာခဲ့တာ"
ဖုန့်ယွင်၏အမည်ကိုကြားသည်နှင့် ဖုန့်ချန်း၏မျက်လုံးထဲတွင် သတ်ချင်ဖြတ်ချင်စိတ်များ အရောင်လက်လာတော့သည်။
"ဖုန့်မိသားစုခေါင်းဆောင်" လန်ရှန်းကစကားဆက်သည်။ "ခင်ဗျားညီဖုန့်ယွင်က လန်မိသားစုရဲ့ပါရမီရှင်လန်ကျင်းဟောင်ကို လူပုံအလယ်မှာ ကောက်ကျစ်တဲ့နည်းလမ်းသုံးပြီး အနိုင်ယူခဲ့ပါတယ် ဒါက လန်မိသားစုရဲ့ဂုဏ်သိက္ခာကို စော်ကားထိပါးလိုက်တာပါပဲ ဖုန့်မိသားစုက ဖုန့်ယွင်ကိုဝှက်ထားပေးတယ်လို့ ကျုပ်တို့သံသယရှိတဲ့အတွက် ဖုန့်ယွင်ကိုအခုချက်ချင်းထုတ်ပေးဖို့ အမိန့်ပေးလိုပါတယ်"
တကယ်တော့ ဖုန့်မိသားစုက ဖုန့်ယွင်ကိုဝှက်ထားပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ဒီမိသားစုကို ရသလောက်အကုန်ဖျက်ဆီးခဲ့ဖို့ လန်ရှန်းဆုံးဖြတ်ပြီးသားပင်။
"ဟုတ်လား ငါကထုတ်မပေးရင်ရော?" ဖုန့်ချန်း၏အသံကတည်ငြိမ်နေပေသည့် ပေါ့ပေါ့တန်တန်နိုင်လှ၏။
လန်ရှန်း၏မျက်နှာထား ခက်ထန်သွားတော့သည်။
"တရားမျှတမှုကိုဆောင်ကျဥ်းဖို့အတွက် ဖုန့်မိသားစုအနေနဲ့ ဖုန့်ယွင်ကိုချက်ချင်းထုတ်ပေးရပါမယ် ဒါအမိန့်ပါပဲ ငြင်းဆန်ရင်တော့ နှစ်ဖက်မိသားစုကြား စစ်ပွဲဖြစ်ပွားရပါလိမ့်မယ်"
ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားသည်။ အကြီးအကဲဝေ့မှာတော့ မျက်နှာမည်းမှောင်လျက်။ ဖုန့်မိသားစုအစောင့်တပ်သားများလည်း တောင့်ခနဲဖြစ်သွားကြသည်။ သူတို့အားလုံး ဖုန့်ချန်းကိုသာလှမ်းကြည့်ကာ တုံ့ပြန်မှုကိုစောင့်ဆိုင်းနေကြတော့၏။
အကြီးအကဲဝေ့ကတော့ ထိုအုပ်စု၏မောက်မာမှုကို အတော်လေးစိတ်ပျက်လှပြီဖြစ်သည်။ သူတို့က လန်မိသားစုဝင်များဖြစ်စေကာမူ ဤနေရာသည် ဖုန့်မိသားစု၏ပိုင်နက်ပင်။
လူငယ်နှစ်ယောက်ကြားက ရန်ပွဲလောက်မျှဖြင့် မိသားစုစစ်ပွဲအထိလုပ်ဖို့ လိုအပ်ပါလေသလော။
"ဟင်းဟင်းဟင်း ဟင်းဟင်း.....ဟားဟားဟားဟားဟား... ဟားး...ဟားး..ဟားးး...ဟားးးး ဟား ဟားး"
ဖုန့်ချန်းက ခပ်တိုးတိုးရယ်သည်။ ထိုရယ်သံမှ အန္တရာယ်အငွေ့အသက်မှာ ခန်းမတွင်းရှိလူတိုင်းကို ကြက်သီးမွေးညင်းထသွားစေလောက်သည်အထိ။
လန်မိသားစုဝင်များမှာ သူတို့စိတ်ကူးထားသည်နှင့်ကွဲပြားလှသည့် ဖုန့်ချန်း၏တုံ့ပြန်ပုံကြောင့် အတော်လေးစိတ်ရှုပ်သွားရတော့သည်။
"ဖုန့်ယွင်ကိုထုတ်ပေးရမယ်တဲ့လား ဒီလူတွေစိတ်လွတ်သွားကြပုံပဲ"
လန်ရှန်းက သူ့ကိုဒိုင်းခနဲစိုက်ကြည့်လာသည်။ "ဖုန့်မိသားစုခေါင်းဆောင် ဒီကိစ္စကိုပေါ့သေးသေးမမှတ်ပါနဲ့ လန်မိသားစုက ဒီ့ထက်ပိုပြီးသည်းခံနေမှာမဟုတ်-"
သူ့စကားမဆုံးသေးခင် ခပ်ဝါးဝါးပုံရိပ်တစ်ခုက သူ့ရှေ့တွင်ဝုန်းခနဲပေါ်လာလေသည်။ ဖုန့်ချန်း၏လှုပ်ရှားမှုများမှာ လျင်မြန်လွန်းလှပြီး လန်မိသားစုဝင်များအားလုံးရော ဓာတ်ကြီးသုံးပါးနတ်အဆင့် အလယ်အလတ်ဆင့်ရှိပါသည့် လန်ရှန်းသည်ပင် ဘာမှမတုံ့ပြန်နိုင်လိုက်ပေ။
ဖြန်း
ကြမ်းတမ်းပြင်းထန်လှသော တွန်းအားတစ်ခုဖြင့် ရောက်ရှိလာသောဖုန့်ချန်း၏လက်ဝါးဒဏ်ကြောင့် လန်ရှန်းမှာ ခေါင်းလည်လျက် ကြမ်းပြင်ပေါ်သို့ဒလိမ့်ခေါက်ကွေး လဲကျသွားတော့၏။ လန်ရှန်းပါးစပ်ထောင့်မှ သွေးများစီးကျလာပြီး နာကျင်မှုကြောင့် လူးလှိမ့်ညည်းညူနေရလေတော့သည်။
ကျန်အကြီးအကဲများမှာ ဒေါသတကြီးအော်ဟစ်ကာ ဖုန့်ချန်းထံသို့ခုန်ဝင်လာကြတော့၏။
"မိုက်ရိုင်းလိုက်တဲ့ကောင်"
"လန်မိသားစုရဲ့အကြီးအကဲကိုများ ရိုက်ရဲတယ်ပေါ့"
သူတို့၏ဒေါသများမှာ ကြာရှည်မခံလိုက်ရပေ။ ဖုန့်ချန်းသည် တစ္တေတစ်ကောင်ကဲ့သို့ သူတို့ကြားတွင် လူးလာကူးခတ်လျက် ဖြတ်သန်းသွားလေသည်။
ဘန်း! အုန်း! ဝှစ်!
အကြီးအကဲများမှာ ဖုန့်ချန်း၏ထိုးနှက်ချက်များကြောင့် ကြမ်းပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်လဲကျသွားရတော့သည်။ အစောကတည်ငြိမ်မှုများ မောက်မာထောင်လွှားဟန်များ ရုတ်ချည်းပျောက်ကွယ်သွားပြီး ခန်းမတစ်လွှားတွင် နာကျင်စွာညည်းညူသံများသာ ကျန်ခဲ့တော့၏။
လဲကျနေသောကျင့်ကြံသူများကြားတွင် ဖုန့်ချန်းရပ်လျက်ရှိပြီး မျက်နှာထားကတော့ ရေခဲတောင်ထက်ပင် အေးစက်တင်းမာလျက်ရှိ၏။
"လန်မိသားစုက အဆင့်အတန်းတစ်ခုတော့ရှိလောက်မယ်လို့ထင်ထားတာ အခုကြည့်ရသလောက်တော့ ခွေးရူးတစ်အုပ်ထက်မပိုဘူးပဲ" ဖုန့်ချန်းက ခပ်ပြတ်ပြတ်လှောင်လာသည်။
လန်ရှန်းသည် ထရပ်ရန်ပင်အနိုင်နိုင်ကြိုးစားနေရပြီး မျက်နှာထားကတော့ ရှက်ဒေါသဖြင့်ကြမ်းကြုတ်ခက်ထန်လို့နေသည်။