အခန်း (၁၈၂)
Vol. 13 Ch. 182
"မင်း-မင်းကများ လန်မိသားစုကို ဒီလိုစော်ကားရဲတယ် မင်းနောင်တရ-"
ဘန်း
ဖုန့်ချန်းက လန်ရှန်း၏ရင်ဘတ်ပေါ်ခြေထောက်ချကာ ထိုသူကိုမထနိုင်အောင် အေးအေးဆေးဆေးပင်ချုပ်နှောင်ထားလိုက်သည်။ လန်အကြီးအကဲမှာ ရင်ဘတ်ပေါ်မှဖိအားကြောင့် စကားတောင်ဆက်မပြောနိုင်လောက်အောင် ရုန်းကန်နေရလေ၏။
"နောင်တလား" ဖုန့်ချန်း၏အသံကခပ်တိုးတိုးဖြင့် ညှာတာမှုကင်းမဲ့သည်။ "မင်းကငါ့အိမ်ထဲကိုဝင်တယ် ငါ့မိသားစုဝင်တွေကို ထိခိုက်ဒဏ်ရာရအောင်လုပ်တယ် ရာရာစစ အမိန့်ပေးဖို့အာဏာရှိနေတဲ့အတိုင်း ငါ့ညီကိုထုတ်ပေးဖို့ အထက်စီးကပြောတယ် နောင်တရမယ်ဆို ရသင့်တဲ့သူကမင်းပဲ"
ကျန်သော လန်မိသားစုဝင်များမှာတော့ ကြောက်ဒူးတုန်လျက် ကြမ်းပြင်မှကုန်းမထနိုင်ကြသေးပေ။
ဖုန့်ချန်း၏အင်အားအကြောင်း ကြားဖူးနားဝတော့ရှိပေသည့် ကောလဟလများဆိုသည်မှာ အမြဲတမ်းချဲ့ကားထားလေ့ရှိကြတာကြောင့် ဖုန့်ချန်းမဆိုထားနှင့် ဖုန့်မိသားစုကိုပင် သူတို့နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်လောက်သည်ဟု အထင်ရှိခဲ့ကြတာပင်။
ဒါပေမယ့် တကယ်တမ်းထိပ်တိုက်တွေ့တော့ သေးထွက်အောင်ကြောက်ရွံ့နေရသည်မှာ သူတို့သာဖြစ်လေတော့၏။
"ငါ့ညီကိုအန္တရာယ်ပြုဖို့ကြိုးစားထားကြတဲ့အတွက် ဘယ်လိုအပြစ်ပေးရမလဲတောင် မစဥ်းစားရသေးဘူး"
ဖုန့်ချန်းက အေးစက်စက်နှင့်ဆက်ပြောသည်။ "ပြီးတော့ တရားမျှတမှုကိုဆောင်ကျဥ်းဖို့ ဒီရောက်လာတယ်တဲ့လား လန်မိသားစုကတော့ အတော်အတ္တကြီးနေကြတာပဲ ရယ်စရာတောင်ကောင်းသေးတယ်"
ပစ်လဲနေသောအကြီးအကဲများထဲမှတစ်ဦးက သတ္တိမွေးလျက်ပြောလာသည်။ "ဖုန့်မိသားစုခေါင်းဆောင် အခုလုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက် အချိန်မီတောင်းပန်ဖို့သတိပေးပါတယ် မဟုတ်ရင်-"
"မဟုတ်ရင်ဘာဖြစ်မှာလဲ" ဖုန့်ချန်း၏အေးစက်စက်အကြည့်က ထိုအကြီးအကဲထံဆိုက်ရောက်သွားပြီး တစ်ဖက်လူကိုကြောက်စိတ်ဖြင့်အေးခဲသွားစေသည်။ "မင်းအခုထိ သင်ခန်းစာကောင်းကောင်းမရသေးတဲ့ပုံပဲ"
သူနောက်တစ်ကြိမ်လှုပ်ရှားလိုက်သည်။ လန်မိသားစုအကြီးအကဲများမှာ ကြမ်းပြင်ထက်တွင် နောက်တစ်ခါဝေဒနာခံစားရပြန်သည်။ သူတို့၏ဝိဉာဥ်စွမ်းအင်များလည်း ဖျက်ဆီးခံလိုက်ရလေပြီ။
အကြီးအကဲဝေ့ကတော့ ဘေးမှရပ်ကြည့်နေရင်း ခေါင်းယမ်းရုံသာတတ်နိုင်တော့လေသည်။ အခြေအနေက ဒီလိုဖြစ်သွားတာကို သူအံ့သြမနေတော့ပါ။ ဖုန့်ချန်းမှာ အတိတ်ကပိုသန်မာသောရန်သူအုပ်စုများဖြင့် ကြုံခဲ့ရပြီး အေးအေးလူလူသာ ဖြေရှင်းနိုင်ခဲ့သည်ပင်။
"ဒီအရူးတွေတော့ အသက်ရှင်ဖို့အခွင့်အရေးတောင်ရှိကြမှာမဟုတ်ဘူး" သူခပ်တိုးတိုးရေရွတ်လိုက်သည်။ ခုနှစ်ယောက်အုပ်စုထဲမှ နှစ်ယောက်သာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ဖြစ်ပြီး ကျန်ငါးယောက်က ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူများပင်။
သူတို့သေတွင်းကို သူတိုကိုယ်တိုင်တူခဲ့ခြင်းဟုသာ ဆိုရပေမည်။
"ဒီအရူးတွေဒဏ်ရာရအောင်လုပ်ခဲ့တဲ့ မိသားစုအစောင့်တွေကို သွားခေါ်ခဲ့လိုက်"
ထို့နောက် ဖုန့်မိသားစုအစောင့်များ ဝင်ရောက်လာကြသည်။ သူတို့ဒဏ်ရာများမှာ အလုံးစုံပျောက်ကင်းခြင်းမရှိသေးပေ။ မိသားစုဆေးဆရာများမှတိုက်ကျွေးထားသော ဆေးလုံးများအစွမ်းကြောင့်သာ ဒီလိုလှုပ်ရှားနေနိုင်ခြင်းပင်။
လန်မိသားစုအကြီးအကဲများ ကူကယ်ရာမဲ့အခြေအနေဖြင့်လဲကျနေသည်ကို အစောင့်များမြင်လိုက်ရသော် အတော်လေးကျေနပ်သွားဟန်ရှိလေသည်။ သူတို့ကိုအနိုင်ကျင့်တိုက်ခိုက်ခဲ့သော ထိုကျူးကျော်သူများမှာ အခုတော့ ပျက်စီးသွားသည့်ရုပ်သေးရုပ်များကဲ့သို့ ပုံပျက်ပန်းပျက်ဖြစ်နေရပြီပင်။
ဝဋ်လည်တယ်ဆိုတာ ဒါပါပဲ။
"မင်းတို့က ငါ့မိသားစုကို ထိခိုက်အောင်လုပ်ရဲတယ်" ဖုန့်ချန်းက သွေးအေးအေးဖြင့်ဆိုလိုက်သည်။ "ဒီနေ့တော့ မင်းတို့ဘယ်လိုအကျိုးဆက်တွေကိုပြန်ခံရမလဲဆိုတာ သိအောင်ပြလိုက်ရသေးတာပေါ့"
ဖုန့်ချန်း၏ခြေထောက်အောက်တွင် အဖိခံထားရဆဲဖြစ်သောလန်ရှန်းမှာ သွေးများအန်ထွက်လာရင်း သူ့ကိုစိုက်ကြည့်လာသည်။
"မင်း မင်းဒီလိုလုပ်လို့မရဘူး လန်မိသားစုက-"
"အင်း သူတို့ကဘာလုပ်မှာလဲ" ဖုန့်ချန်းက အေးစက်စက်ပြန်ပြောသည်။ "နောက်ထပ်အမှိုက်တွေထပ်ပို့လိုက်မှာလား မောနေတော့မှာပဲ မင်းတို့ကိုရှင်းပြီးရင် လန်မိသားစုကိုငါကိုယ်တိုင်အရောက်သွားလိုက်မယ်လေ"
ဖုန့်ချန်းလက်တစ်ဖက်ကိုမြှောက်လိုက်သော် စွမ်းအားကြီးမားလှသော ဝိဉာဥ်စွမ်းအင်လှိုင်းများပေါ်ထွက်လာပြီး ခန်းမတစ်ခုလုံးသို့ပျံ့နှံ့သွားသည်။ "ဒါက မင်းတို့အတွက် အပြစ်ဒဏ်ပဲ"
ဖုန့်ချန်း၏လက်ဝါးတွင် တောက်ပသောအလင်းရောင်များပေါ်ထွက်လာပြီး ဖိနှိပ်နိုင်စွမ်းကြီးမားသောအရှိန်အဝါကြောင့် သူတို့ကိုအသွေးအသားထဲကထိ ကြောက်လန့်စေတော့သည်။ ထို့နောက် လဲကျနေသောအကြီးအကဲများထံသို့ သူတစ်လှမ်းချင်းစီ တိုးကပ်လာတော့၏။
ဂျက်
ကျိုးပဲ့သံခပ်ရှရှထွက်လာပြီး ဖုန့်ချန်းသည့် ပထမဆုံးအကြီးအကဲ၏ဒန်ထျန်ကို ဖျက်ဆီးလိုက်တော့သည်။
ထိုသူသည် မချိမဆံ့အော်ဟစ်လိုက်ပြီး သူ့ဝိဉာဥ်စွမ်းအင်များမှာ ဖြတ်ထုတ်ခံလိုက်ရကာ သေမျိုးလူသားတစ်ယောက်အဖြစ်ကို ရောက်ရှိသွားတော့၏။
"ငါ့မိသားစုကိုလာထိပါးရဲတဲ့သူမှန်သမျှ အဆုံးစွန်ထိနာကျင်စေရမယ်"
အခြားအကြီးအကဲများမှာတော့ အကြောက်ကြောက်အလန့်လန့်ဖြင့်သာ နောက်ကိုဆုတ်နိုင်သမျှဆုတ်နေကြသည်။
"ဖုန့်မိသားစုခေါင်းဆောင် ကျေးဇူးပြုပြီး ချမ်းသာပေးပါ"
"ချမ်းသာပေးပါ ကျွန်တော်တို့က အမိန့်အတိုင်းလိုက်လုပ်ရုံပါပဲ"
........
ပထမဆုံးအကြီးအကဲမှာ သူတို့မျက်စိရှေ့တွင်ပင် ဆန်ကုန်မြေလေးတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားရသောကြောင့် ဖုန့်ချန်းမှာ သူတို့၏နောက်ခံကိုအမှန်တကယ်ပင်ဂရုမစိုက်ဘဲ ကျင့်ကြံဆင့်များကိုချိုးဖျက်ဖို့ရည်ရွယ်ထားကြောင်း သိလိုက်ရလေသည်။
သူတို့လည်း မာနတွေ သိက္ခာတွေအားလုံးကို ဘေးဖယ်ကာ အနူးအညွှတ်တောင်းပန်လာကြတော့၏။
သို့သော် သူတို့၏အသနားခံတောင်းပန်စကားများမှာ လျစ်လျူရှုခံလိုက်ရပြီး ဖုန့်ချန်းသည် သူတို့တစ်ဦးချင်းစီ၏ ဒန်ထျန်များကို လိုက်လံဖျက်ဆီးပစ်လိုက်တော့သည်။
လန်မိသားစုကျင့်ကြံသူများ၏ နာကျင်စွာလူးလှိမ့်အော်ဟစ်သံမှာ ခန်းမတစ်ခုလုံးပဲ့တင်ထပ်လို့နေပြီး ဘယ်သူမှလည်းဝင်မတားရဲကြပေ။
လန်ကျန်းသည် နောက်ဆုံးကျန်သောတစ်ယောက်ပင် သူ့မျက်နှာမှာ မောက်မာမှုများပျောက်ကွယ်သွားပြီး ဖြူရော်လို့နေတော့၏။
"ဖုန့်ချန်း မင်းနောင်တရလိမ့်မယ် လန်မိသားစုက...."
ဂျွတ်
လန်ရှန်း၏ဒန်ထျန်မှာ တစ်ချက်တည်းချိုးဖျက်ခံလိုက်ရပြီး ထိုအကြီးအကဲမှာ သူ့ကံကြမ္မာ၏ဆိုးရွားကြမ်းတမ်းမှုကို လက်ခံလိုက်ရကာ လဲပြိုကျသွားရတော့သည်။
ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူသည်လည်း ဆန်ကုန်မြေလေးကောင်ဖြစ်သွားရလေပြီ။
စာစဉ်ပြီး၏