← Chapters

မဟာရန်သူများ ရောက်ရှိလာခြင်း

Vol. 127 Ch. 1894

မဟာရန်သူများ ရောက်ရှိလာခြင်း

Vol. 127 Ch. 1894

နှင်းလေတောင်ကြောရိုးက မှောင်မည်းတိတ်ဆိတ်နေ၏။

စိတ်ဝိညာဉ်လယ်သမား အများစုက အနားယူသွားကြပြီဖြစ်ပြီး နှင်းလေတောင်ကြောရိုး၏ ကင်းလှည့်အဖွဲ့ငယ် ၁၀ဖွဲ့က နှင်းလေတောင်ကြောရိုးပတ်လည်မှာ အဆက်မပြတ် ကင်းလှည့်နေကြ၏။

“အစ်ကိုဟန်.. ဒီရက်တွေထဲ ပိုင်နက်အရှင်က ဘာစိတ်ကူးရလာတယ် မသိဘူး.. သူက ကင်းလှည့်ဖို့အတွက် လူတွေ ဘာလို့ အဲ့လောက်အများကြီး လွှတ်ထားရတာလဲ”

“ဟုတ်တယ်.. အရင်ကဆို ညမှာ ကင်းလှည့်တာက အလွန်ဆုံး သုံးဖွဲ့လောက်ပဲ.. အခုဆိုရင် ဆယ်ဖွဲ့တောင်မှ ကင်းလှည့်နေရတယ်.. လူတွေကို သက်သက်စိုးရိမ်ထိတ်လန့်အောင် လုပ်နေတာပဲ”

“အဲဒီမှာ ကိစ္စတစ်ခုခု ရှိနေလောက်တယ်”

ဟန်မျိုးရိုး ကျင့်ကြံသူက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ညစဉ်ညတိုင်း ခေါင်းဆောင်တပ်မှူးရှန်ဖေးက လူတစ်ရာကို ဦးဆောင်ပြီးတော့ ငါးကီလိုမီတာ ပတ်လည်အတွင်းမှာ​ ကင်းလှည့်နေတတ်တယ်လို့ ငါကြားထားတယ်”

“အဲ့လောက်တောင်မှလား.. ကျုပ်အထင်တော့ သူတို့တွေက ဘာမဟုတ်တာအတွက် စိုးရိမ်နေကြတာပဲ”

နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ရယ်မောလိုက်၏။

“ဓားပြတွေ… ငါတို့ တိုက်ခိုက်ခံနေရပြီဟေ့”

ရုတ်တရက် စူးရှ၍ အလောတကြီးနိုင်သော အော်သံတစ်သံက နှင်းလေတောင်ကြောရိုးထဲကနေ ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင် ဧရာမ မီးတောက်တစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်လာပြီး လေထဲမှာ ပေါက်ကွဲကာ ညအမှောင်ထုကို ဖြိုခွင်းလိုက်၏။

အဲဒါသည် နှင်းလေတောင်ကြောရိုး၏ သတိပေး အချက်ပြမှုတစ်ခု ဖြစ်၏။

ကင်းလှည့်နေသော အဖွဲ့ငယ် ဆယ်ဖွဲ့က တုန်လှုပ်သွားကြ၏။

သတိပေး အချက်ပြမှုကို လုံးလုံး မလိုအပ်သရွေ့ ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။

အဲဒါသည် သူတို့က မဟာရန်သူတော်တစ်ယောက်နှင့် ရင်ဆိုင်နေရပြီဟု အချက်ပြလိုက်ခြင်း ဖြစ်၏။

“အားလုံးပဲ လူတိုင်းကို မြန်မြန်သတင်းပေးကြ”

ဟန်မျိုးရိုး ကျင့်ကြံသူက မဆိုင်းမတွ ဆုံးဖြတ်ချက်တစ်ခုချပြီး အမိန့်ပေးလိုက်၏။

တစ်ချိန်တည်းနီးပါးမှာပင် နှင်းလေတောင်ကြောရိုးမှာ မီးတောက်များက လင်းလက်လာပြီး ကျင့်ကြံသူများစွာက နိုးထလာကြ၏။

ချက်ချင်းပင် နှင်းလေတောင်ကြောရိုးက ဆူညံပွက်လောရိုက်သွား၏။

ယွဲ့ဟောက်၏ ပုံရိပ်က လေထဲမှာ ဖျတ်ခနဲ ပေါ်ထွက်လာ၏။

မဟူရာအင်မော်တယ်များသည် လေထဲမှာ ရပ်နေဖို့အတွက် အမြုတေချီများစွာကို လိုအပ်သည်။ သို့သော်လည်း ယွဲ့ဟောက်သည် အဲဒါကို ဂရုမစိုက်နိုင်တော့ဘဲ လေးနက်သော အသံဖြင့် အော်ပြောလိုက်၏။

“နှင်းလေတောင်ကြောရိုးက လူတိုင်းပဲ.. ဘာမှ မကြောက်ကြနဲ့.. ငါ့အမိန့်ကို နာခံပြီးတော့ ခန်းမထဲမှာ လာပြီးစုဝေးကြ.. မင်းတို့ရဲ့ ဓမ္မရတနာတွေကို ဆင့်ခေါ်ထားပြီး ငါတို့ရဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြ”

တစ်ချိန်တည်းမှာပင် ယွဲ့ဟောက်သည် သူ၏ သို​လှောင်အိတ်ထဲကနေ အဆောင်ခုနှစ်ခုကို ထုတ်ယူပြီး အမြုတေချီကို ထိုးသွင်းကာ သူတို့ကို ထုတ်လွှတ်လိုက်၏။

အဆောင်ခုနှစ်ခုက အလင်းတန်းများ အသွင်ပြောင်းသွားပြီး အရပ်ဘက် ခုနှစ်ခုသို့ ခွဲထွက်ကာ ညအမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွား၏။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ယွဲ့ဟောက်သည် မကောင်းတာတစ်ခုခု ဖြစ်လာတော့မည့်အလား စိတ်ခံစားချက်တစ်ခုကို ရရှိနေ၏။ အဲဒါကြောင့် ရှန်ဖေးက သတိပေး အချက်ပြမှုတစ်ခုကို ထုတ်ဖော်လိုက်သည့် ခဏမှာပင် ယွဲ့ဟောက်က ချက်ချင်းပင် ပေါ်ထွက်လာပြီး သတင်းပို့အဆောင်များကို ပစ်လွှတ်ခဲ့ခြင်း ဖြစ်၏။

အဲဒါက နှင်းလေတောင်ကြောရိုး၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

“ဝူကျွင်း.. ရှန်ဖေးဆီကို သွားဖို့ ငါနဲ့ လိုက်ခဲ့”

ယွဲ့ဟောက်က မလှမ်းမကမ်းကနေ အပြေးရောက်ရှိလာသည့် ကူဝမ်ကျွင်းကို လှည့်ကြည့်ပြီး ပြောလိုက်၏။

“ကောင်းပါပြီ”

ကူဝမ်ကျွင်းက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ခေါင်းညိတ်ပြလိုက်၏။

“ယောကျ်ား.. ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်”

ရှချင်းယင်က ရှေ့သို့ ပြေးထွက်လာပြီး အလောတကြီး ပြောလိုက်၏။

ယွဲ့ဟောက်က ခေါင်းခါပြလိုက်သည်။

“ဒီမှာပဲ နေခဲ့.. အခြေအနေကို ထိန်းချုပ်ဖို့အတွက် နှင်းလေတောင်ကြောရိုးက မင်းကို လိုအပ်တယ်”

သူက ရပ်တန့်၍ ခဏမျှ တွေးတောပြီးနောက် ပြောလိုက်၏။

“ငါ.. ငါ တကယ်လို့ ပြန်ရောက်မလာရင် ဘာမှ တွေဝေမနေနဲ့.. ချက်ချင်းပဲ…”

“ရှင် ပြန်အလာကို ကျွန်မ သေချာပေါက် စောင့်နေမှာ”

ယွဲ့ဟောက် စကား မဆုံးသေးခင် ရှချင်းယင်က တည်ကြည်ခိုင်မာစွာဖြင့် ဖြတ်ပြောလိုက်၏။

ယွဲ့ဟောက်က သူ၏ လက်ကို ဆန့်ထုတ်၍ ရှချင်းယင်၏ ပါးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူ၏ မျက်လုံးများက နက်ရှိုင်းသော နှမျောတမ်းတမှုနှင့် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေ၏။

အဲဒီနောက် သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ဆုံးဖြတ်ချက်ချကာ လှည့်ထွက်သွား၏။

ကူဝမ်ကျွင်းကလည်း ​နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွား၏။

သူတို့နှစ်ယောက်သည် သားရဲတောကောင်များကို စီးနင်း၍ နှင်းလေတောင်ကြောရိုး၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာစဉ်မှာ သူတို့၏ ဘေးတွင် ကြီးမားသော ခန္ဓာကိုယ်တစ်ခုက ပေါ်ထွက်လာ၏။ သူက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး ယွဲ့ဟောက်နှင့် ကူဝမ်ကျွင်းကို မ,ယူလိုက်၏။

အဆင့် ၇ မဟူရာအမြုတေနယ်ပယ်မှာ ရှိသော ငွေဘီလူး…

“ငါ လုပ်လိုက်မယ်”

ထိုသို့ပြောပြီးနောက် ငွေဘီဘူးက ယွဲ့ဟောက်နှင့် ကူဝမ်ကျွင်းကို သူ၏ ပခုံးပေါ် တင်ပြီး အချက်ပြခဲ့သော နေရာဘက်သို့ လျှောက်လှမ်းလိုက်၏။

ငွေဘီလူး၏ ခြေတစ်လှမ်းချင်းစီက ပေပေါင်းများစွာကို ဖြတ်ကျော်လာ၏။

အဲဒါက သူတို့၏ သားရဲတောကောင်များထက် များစွာပိုမိုမြန်ဆန်သည်။

သိပ်မကြာခင် မြေပြင်က ပြင်းထန်စွာ တုန်ခါလာသည်ကို ယွဲ့ဟောက်က ခံစားလိုက်ရ၏။

“ဝူး…”

​ကြောက်စရာကောင်းသော ဝံပုလွေအော်သံများက အဝေးကနေ ထွက်ပေါ်လာ၏။

“အဲဒါ နတ်ဆိုးဝံပုလွေတပ်ဖွဲ့ပဲ”

ကူဝမ်ကျွင်းက မုန်းတီးစွာဖြင့် ပြောလိုက်၏။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့သည် အရင်တုန်းက သူတို့၏ အဖွဲ့အစည်းကြီး သုံးခုကို ဖျက်ဆီးခဲ့သည့် နောက်ကွယ်မှာ လက်သည်တရားခံများထဲတွင် ပါဝင်လေသည်။

“အဲဒါက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ပဲဆိုရင် တော်သေးတယ်”

ယွဲ့ဟောက်က ထိုဘက်အရပ်သို့ လှမ်းမျှော်ကြည့်ရှုပြီး တီးတိုးရေရွတ်လိုက်၏။

သိပ်မကြာခင် ရှေ့တည့်တည့် ညအမှောင်ထဲမှာ ကြောက်စရာကောင်းသော အစိမ်းရောင်မျက်လုံးများက ပေါ်ထွက်လာ၏။

သူတို့က သိပ်သည်းများပြားလွန်းပြီး ဆိုးယုတ်အော်ရာတစ်ခုက တလိပ်လိပ် ထိုးတက်လာ၏။

ညအမှောင်ထဲမှာပင်လျှင် တထောင်းထောင်းထနေသော ဖုန်လုံးများကို တွေ့မြင်လာရ၏။

သူတို့က အနည်းဆုံး အယောင်သောင်းချီ ရှိကြ၏။

ငွေဘီလူးသည် တစ်မူထူးခြားသော မျိုးဆက်သွေးနှင့် စွမ်းအားကြီးမားသော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း ဤကဲ့သို့သော ကမ္ဘာဖျက်စစ်တပ်တစ်တပ်နှင့် ရင်ဆိုင်ရချိန်မှာ သူက ရင်တလှပ်လှပ် ခံစားလာရ၏။

သူက ဘီလူးတစ်ကောင် ဖြစ်လျှင်တောင် ဤကဲ့သို့ ပြင်းထန်ကြမ်းတမ်းသည့် လှိုင်းလုံးအောက်မှာ သူက နင်းခြေဖျက်ဆီးခံရပေလိမ့်မည်။

(လှိုင်းလုံးဆိုသည်မှာ တလိပ်လိပ်ချီတက်လာသော ကြီးမားသည့် စစ်တပ်တစ်တပ်ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။)

သိပ်သည်းပြင်းထန်သော လှိုင်းလုံးရှေ့တွင် လူတချို့သည် အချိန်မရွေး နစ်မြုပ်ခံရတော့မည့်အလား အသည်းအသန် ပြေးလွှားလာနေကြ၏။

သူတို့၏ ခေါင်းဆောင်က ရှန်ဖေးဖြစ်၏။

“ညီလတ်.. ငါရောက်လာပြီ”

ယွဲ့ဟောက်က အော်ပြောလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ဧရာမ ပုဆိန်ကို ဆင့်ခေါ်ထုတ်ကာ ရှေ့သို့ ပြေးတက်သွား၏။

ကူဝမ်ကျွင်း၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွား၏။ သို့သော်လည်း သူမက သူမ၏ သတ္တိကို စုစည်းပြီး နောက်ကနေ လိုက်ပါသွား၏။

“အစ်ကိုကြီး.. မြန်မြန်နောက်ဆုတ်.. ကျုပ်ကို အရေးလုပ်မနေနဲ့”

ရှန်ဖေးက လှမ်းအော်ပြောလိုက်၏။

အချိန်တိုအတွင်းမှာပင် သူတို့ထဲမှ အချို့ကို နောက်မှာရှိသော စစ်တပ်ကြီးက လိုက်မီသွားပြီး သူတို့သည် မဟူရာကြေးခွံများ၏ ထက်ရှသော လက်သည်းချက်များ အောက်မှာ နစ်မြုပ်သွား၏။

ယွဲ့ဟောက်က တုံ့ဆိုင်းမနေခဲ့ပေ။

သူက ရှေ့သို့ မတက်လှမ်းဘူးဆိုလျှင် ရှန်ဖေးက နှင်းလေတောင်ကြောရိုးသို့ ပြန်မရောက်ခင်မှာ သေချာပေါက် သေဆုံးရပေလိမ့်မည်။

“ဘန်း..”

ယွဲ့ဟောက်က သူ၏ ဧရာမ ပုဆိန်ကို ကိုင်ဆွဲပြီး ကောင်းကင်ထက်ကနေ ဆင်းသက်ကာ ရှန်ဖေး၏ ဦးခေါင်းကို ကျော်၍ နောက်မှာ ရှိသော တပ်သားများကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်၏။

အဲဒါက တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဆိုလျှင် ယွဲ့ဟောက် ထုတ်ဖော်လိုက်သော စွမ်းအားနှင့် အော်ရာကို မည်သည့် အဆင့် ၇ မဟူရာအင်မော်တယ်မဆို ခုခံဖို့အတွက် ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ယွဲ့ဟောက်၏ ဧရာမ ပုဆိန်က ဆင်းသက်လာသည့် အချိန်မှာပင် ရာနှင့်ချီသော ဓမ္မရတနာများက ရှေ့သို့ ဝင်ရောက်လာ၏။

ယွဲ့ဟောက်က ဆတ်ခနဲ တုန်ယင်သွားပြီး သိပ်သည်းပြင်းထန်သော အင်အားဖြင့် လွင့်စင်ထွက်သွား၏။

သူ၏ လက်ဖဝါးက စုတ်ပြဲသွားပြီး ဧရာမ ပုဆိန်က သူ၏ လက်ထဲကနေ လွတ်ကျလုနီးပါး ဖြစ်သွားရ၏။

သိပ်သည်းပြင်းထန်သော ဝံပုလွေများနှင့် ကျင့်ကြံသူများ၏ လှိုင်းလုံးက ရပ်တန့်မည့် လက္ခဏာ မရှိဘဲ ရှေ့သို့ အဆက်မပြတ် တိုးဝင်လာ၏။

ကူဝမ်ကျွင်း၏ တိုက်ခိုက်မှုက မည်သည့် သက်ရောက်မှုမှ မရှိစေဘဲ သိပ်သည်းပြင်းထန်သော လှိုင်းလုံးကြားမှာ နစ်မြုပ်သွား၏။

ဘန်း.. ဘန်း.. ဘန်း…

ယွဲ့ဟောက်နှင့် အခြားသူများက နတ်ဆိုးဝံပုလွေတပ်သားများ၏ ဝါးမျိုခြင်းကို ခံရတော့မည့်ဆဲဆဲမှာပင် ကြီးမားသော ပုံရိပ်တစ်ခုက ရှေ့သို့ ပြေးဝင်လာခဲ့၏။ အဲဒါက ငွေရောင်အလင်းဖြင့်​ တောက်ပနေပြီး အဆက်မပြတ် မာန်ဖီဟိန်းဟောက်လိုက်၏။

ငွေဘီလူးက တိုက်ခိုက်လိုက်ပြီဖြစ်၏။

ရှေ့မှာ ရှိသော နတ်ဆိုးဝံပုလွေတပ်သား ကျင့်ကြံသူများက ငွေဘီလူး၏ လက်ချက်ဖြင့် နောက်ပြန်လန်ကျသွား၏။

ကြေးခွံနက် မိစ္ဆာဝံပုလွေများပင်လျှင် ငွေဘီလူး၏ သိပ်သည်းပြင်းထန်သော စွမ်းအားကို ခံနိုင်ရည် မရှိဘဲ ရှေ့ဆုံးမှာ ရှိသော တပ်သားများက ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ကြ၏။

“အတူတူ သွားကြမယ်”

ယွဲ့ဟောက်က အသက်တစ်ချက်ရှိုက်ပြီး ငွေဘီလူးကို အော်ပြောလိုက်၏။

သူတို့ရှေ့မှ စစ်တပ်ကြီးနှင့်​ ရင်ဆိုင်ရချိန်မှာ သူတို့သည် လုံးဝကို ကူကယ်ရာမဲ့နေ၏။

ငွေဘီလူးက နတ်ဆိုးဝံပုလွေတပ်သားများကြားမှာ သူ၏ လက်သီးနှစ်ဖက်ကို လွှဲယမ်းပြီး အဘက်ဘက်သို့ ဆန့်ကျင်တိုက်ခိုက်နေ၏။

အစကတော့ သူသည် တပ်သားများကြားသို့ ဝင်ရောက်ပြီး သူတို့များစွာကို သတ်ဖြတ်ကာ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။

သို့သော်လည်း တစ်ခဏချင်းမှာပင် ပို၍ ပို၍ သန်မာသော နတ်ဆိုးဝံပုလွေတပ်သားများက ဝင်ရောက်တိုက်ခိုက်လာကြ၏။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာ ငွေဘီလူးက ဒဏ်ရာများဖြင့် ပြည့်နှက်လာခဲ့၏။

ငွေဘီလူးက နောက်တစ်ဖန် ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ ခုန်တက်လိုက်သော်လည်း သူက လုံးဝ ပိတ်မိသွားခဲ့၏။ သူ၏ သွေးသံရဲရဲ လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်ကို ဆွဲယူကာ နှင်းလေတောင်ကြောရိုးရှိရာဘက်သို့ ပြေးထွက်လာခဲ့၏။

ငွေဘီလူး၏ ခန္ဓာကိုယ်မှာ လတ်ဆတ်သော သွေးများက စီးကျနေ၏။

သူ၏ နောက်ဘက်မှာ ငွေရောင်သွေးများက ရှင်းလင်းသော အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်ခဲ့စေပြီး ညအမှောင်မှာ ဝင်းလက်တောက်ပ၍ အလွန်တရာ ထင်ရှားပေါ်လွင်နေ၏။

ငွေဘီလူးက အံကို တင်းတင်းကြိတ်ပြီး နာကျင်မှုကို တောင့်ခံကာ အသည်းအသန် ရှေ့သို့ ပြေးလွှားနေ၏။

နှင်းလေတောင်ကြောရိုးမှ မီးအလင်းရောင်များက သူတို့၏ ရှေ့တည့်တည့်မှာ ရှိ၏။

“ဟမ်”

ထိုစဉ်မှာပင် အေးစက်နေသော အသံတစ်သံက ထွက်ပေါ်လာ၏။

“မင်းတို့တွေက ဘယ်ကို ထွက်ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”

All Chapters