သဲကြီးမဲကြီး တိုက်ခိုက်ကြခြင်း
Vol. 127 Ch. 1896
လေမီးတောက်သည် စံပြဝံပုလွေကို စီးနင်းပြီး ဖရိုဖရဲဖြစ်နေသော လူအုပ်ကြားထဲကနေ ရုန်းထွက်လိုက်၏။ သူက ဆိုးဆိုးဝါးဝါး အခြေအနေတစ်ခုသို့ ကျဆင်းသွားခဲ့ပြီ ဖြစ်၏။
“ဂီး..”
စူးရှသော အော်မြည်သံများက လေထဲကနေ ဆက်တိုက်ထွက်ပေါ်လာ၏။
ရာနှင့်ချီသော သိမ်းငှက်များက နှင်းလေတောင်ကြောရိုးမှ ကျင့်ကြံသူများထံသို့ ဆက်တိုက် ထိုးဆင်းချလာ၏။
သို့သော်လည်း နှင်းလေတောင်ကြောရိုး၏ အပြင်ဘက်ရှိ အကာအရံအလွှာက မြေပြင်ပေါ်မှ တပ်သားများကို ခုခံပေးနိုင်ရုံသာ မဟုတ်ဘဲ နှင်းလေတောင်ကြောရိုး၏ အထက်မှာ အမိုးခုံးပုံစံ အကာအရံအလွှာတစ်ခုကိုလည်း ဖြစ်ပေါ်လာစေ၏။
သိမ်းငှက်များက အမိုးခုံးနှင့် ထိခတ်မိသောအခါ သူတို့သည် အကာအရံအလွှာပေါ်မှာ ဝဲဂယက်များကို ပေါ်ထွက်လာစေပြီး ရှေ့သို့ ဆက်မတိုးနိုင်ကြပေ။
ဆန့်ကျင်ဘက်အနေဖြင့် သိမ်းငှက်များသည် ထိုထိတွေ့ရိုက်ခတ်မှုမှာ မူးဝေသွားကြ၏။
သိမ်းငှက်အချို့က လေထဲကနေ ပြုတ်ကျလာပြီး မြေပြင်ပေါ်မှ တပ်သားများ၏ နင်းခြေသတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
နှင်းလေတောင်ကြောရိုးမှ ကျင့်ကြံသူများ အားလုံးကလည်း ထိတ်လန့်တကြား ဖြစ်နေကြ၏။
ကျင့်ကြံသူ အချို့သည် နတ်ဆိုးဝံပုလွေတပ်သားများနှင့် သိမ်းငှက်ဂိုဏ်းမှ ကျင့်ကြံသူများနှင့် အရမ်းကို နီးကပ်နေပြီး သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်သွားကြ၏။
သူတို့ကြားမှာ ပုစဉ်းတောင်ပံများကဲ့သို့ ပါးလွှာသော အကာအရံအလွှာတစ်ခုသာလျှင် ရှိနေသည်။
သို့သော်လည်း ထိုအကာအရံအလွှာက ကျင့်ကြံသူ တစ်သိန်းကို ပိတ်ဆို့တားဆီးပေးထား၏။
“ဟားဟားဟားဟား”
သွမ့်ထျန်လျန်က ဟားတိုက်ရယ်မော၍ အော်ပြောလိုက်၏။
“အားလုံးပဲ.. ဘာမှ မကြောက်ကြနဲ့.. အဲဒါက ဒီဓားပြတွေကို ကိုင်တွယ်ဖို့အတွက် ဆရာဆူ ချန်ထားပေးခဲ့တဲ့ ဝှက်ဖဲပဲ”
ရှချင်းယင်ကလည်း ရင်တလှပ်လှပ် ခံစားချက်နှင့်အတူ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
သွေးသူရိယတောင်ကြားကို ဖျက်ဆီးပြီးနောက် ဆူဇီမိုသည် ဝင်္ကပါတစ်ခုကို နားလည်ဆင်ခြင်နေခဲ့၏။
ဆယ်နှစ်ကြာပြီးမှ ဆူဇီမိုသည် နှင်းလေတောင်ကြောရိုး၏ ပတ်လည်မှာ ဤဝင်္ကပါကို ခင်းကျင်းနိုင်ခဲ့၏။
အဲဒီနောက် ဆူဇီမိုသည် ယွဲ့ဟောက်နှင့် ရှချင်းယင်အား ဝင်္ကပါကို သင်ကြားပေးခဲ့သည်။
သို့သော်လည်း သူတို့နှစ်ယောက်စလုံးက အစီအရင် ဝင်္ကပါများမှာ ပါရမီ ပါမလာကြပေ။
သူတို့နှစ်ယောက်သည် ဝင်္ကပါကို အသက်သွင်းမည့် ဓမ္မပညာရပ်တစ်ခုကိုသာ သင်ယူနိုင်ခဲ့ပြီး.. အဲဒီနောက် နဂါးအသူရာချောက်နက်ကြယ်မှာ အပြောင်းအလဲတစ်ရပ် ပေါ်ထွက်လာကာ ဆူဇီမိုက ထွက်ခွာသွားခဲ့၏။
တကယ်တော့ သည့်ယခင်က ယွဲ့ဟောက်နှင့် ရှချင်းယင်သည် ဤဝင်္ကပါ ဘယ်လောက်ထိ စွမ်းအားကြီးမားသလဲ မသိကြပေ။
ယခု ဤဝင်္ကပါက အယောက်တစ်သိန်းပါ စစ်တပ်ကြီးတစ်တပ်ကို ပိတ်ဆို့တားဆီးပေးထားနိုင်၏။
တကယ်တော့ ယွဲ့ဟောက်သည် တစ်စုံတစ်ရာကို ကြိုတင်အာရုံခံမိခဲ့ပြီး သူတို့၏ ခံစစ်အားကို မြှင့်တင်ကာ ဤနေရာကနေ ငါးကီလိုမီတာ ပတ်လည်အထိ ရှန်ဖေးကို ကင်းလှည့်ခိုင်းထားသည်မှာ ကံကောင်းသွားခဲ့၏။
ရှန်ဖေး၏ သတိပေးမှုကြောင့် မဟုတ်လျှင် အယောက်တစ်သိန်းပါ သန်မာသော စစ်တပ်ကြီးက ညအမှောင်ထုနှင့်အတူ ဝင်ရောက်လာပေလိမ့်မည်။ ဤဝင်္ကပါနှင့်ပင်လျှင် နှင်းလေတောင်ကြောရိုးက သေကြေပျက်စီးဆုံးရှုံးမှုများကို ကြီးမားစွာ ခံစားရပေလိမ့်မည်။
ထိုသို့အတွေးဖြင့် ရှချင်းယင်က ယွဲ့ဟောက်နှင့် အခြားသူများထံသို့ ပြေးသွားလိုက်၏။
ယွဲ့ဟောက်သည် ရှန်ဖေး၏ ရင်ခွင်ထဲမှာ လဲကျနေ၏။
သူ၏ မျက်နှာက ဖြူဖျော့၍ မျက်မှောင်ကြုတ်ထား၏။ သူ၏ ဝမ်းဗိုက်တွင် ယခုအချိန်ထိ သွေးများ စီးထွက်နေသည့် ကြီးမားသော အပေါက်တစ်ပေါက် ရှိနေ၏။
“ယောက်ျား.. ရှင် ဘယ်လိုဖြစ်ပြီး…”
ရှချင်းယင်သည် ယွဲ့ဟောက်ကို ဤကဲ့သို့သော ပုံစံဖြင့် တွေ့မြင်သောအခါ သူမ၏ မျက်လုံးများက နီရဲလာပြီး မျက်ရည်များက စီးကျလာ၏။
“အဆင်ပြေတယ်.. ငါ သေမှာ မဟုတ်ဘူး”
ယွဲ့ဟောက်က ကြိုးစား၍ ပြုံးပြလိုက်၏။
ငွေဘီလူးသည် ဘေးတွင် လဲကျနေပြီး သူ၏ ကျောပေါ်တွင် ကြောက်စရာကောင်းသော ဒဏ်ရာများ ရှိနေ၏။ သူ၏ အသားများက ဖွာလန်ကြဲ၍ တုန်လှုပ်စရာကောင်းနေ၏။
ကူဝမ်ကျွင်းက ငွေဘီလူးကို နည်းနည်းချင်းစီ ကုသပေးနေ၏။
ငွေဘီလူးကြောင့်သာ မဟုတ်လျှင် ယွဲ့ဟောက်နှင့် အခြားသူများက သေခဲ့ရပေလိမ့်မည်။
ဝင်္ကပါ၏ အပြင်ဘက်တွင်..
အယောက်တစ်သိန်းပါ သန်မာသော စစ်တပ်သည် ဖရိုဖရဲဖြစ်နေပြီး အချင်းချင်း နင်းခြေကာ လူများစွာက ဒဏ်ရာရသူရ၊ သေသူသေ ဖြစ်ကုန်ကြ၏။
စန်းယာ၏ အကြည့်က ညိုမည်းလာ၏။
လေမီးတောက်ကလည်း ဒေါသထွက်သွားပြီး အော်ပြောလိုက်၏။
“ငါ့အမိန့်ကို နားထောင်ကြ.. မင်းတို့တွေ အားလုံး ရပ်တန့်ကြ”
ထိုအသံက စစ်သည်တစ်သိန်း၏ ဆူညံပွက်လောရိုက်နေသော အသံများကို လွှမ်းမိုးသွား၏။
နတ်ဆိုးဝံပုလွေတပ်သားများနှင့် သိမ်းငှက်ဂိုဏ်း ကျင့်ကြံသူများက တဖြည်းဖြည်း တည်ငြိမ်သွားကြပြီး နောက်သို့ စတင် ဆုတ်ခွာကာ သူတို့၏ ဖွဲ့စည်းပုံများအတိုင်း ပြန်လည်နေရာယူလိုက်ကြ၏။
“နှင်းလေတောင်ကြောရိုးမှာ အင်မော်တယ် ဝင်္ကပါတစ်ခု ရှိနေတာပဲ”
စန်းယာက အကျပ်တွေ့သွားဟန်ဖြင့် တီးတိုးရေရွတ်လိုက်၏။
အစီအရင် ဝင်္ကပါများမှာ ကျွမ်းကျင်ပိုင်နိုင်သည့်သူများက အရမ်းကို ရှားပါးလေသည်။
အောက်ဘုံလောက၏ ဝင်္ကပါ မဟာသခင်အချို့ပင်လျှင် အထက်ဘုံ၏ အင်မော်တယ် ဝင်္ကပါများနှင့် ထိတွေ့နိုင်ဖို့ ခဲယဉ်းသည်။
လေမီးတောက်က ကျယ်လောင်စွာ ကြေညာလိုက်၏။
“အင်မော်တယ် ဝင်္ကပါတွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ ဘယ်သူမဆို ရှေ့ကို ထွက်လာခဲ့”
ခဏနေပြီးနောက်.. အဆင့် ၃ မဟူရာအမြုတေနယ်ပယ်မှာ ရှိသော ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်က တွေဝေတုံ့ဆိုင်းစွာဖြင့် ရှေ့သို့ တက်လာခဲ့၏။
“ခေါင်းဆောင်.. ကျုပ်က အစီအရင် ဝင်္ကပါတွေနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါးတော့ သိထားတယ်.. ဒါပေမဲ့ ကျုပ်က အင်မော်တယ် ဝင်္ကပါတွေနဲ့ ပတ်သက်ပြီး သိထားတာ များများစားစား မရှိဘူး… ကျုပ်က အဲဒါကို ချေဖျက်နိုင်ပါ့မလားတော့ မသိဘူး”
ပိန်ပိန်ပါးပါး အဘိုးအိုက ခြောက်ကပ်စွာ ရယ်မောလိုက်၏။
“ရတယ်လေ”
လေမီးတောက်က လက်ကာပြပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“အဲဒီ ဝင်္ကပါကို မင်း ချေဖျက်နိုင်မယ်ဆိုရင် မင်းရဲ့ ဒီနေ့ အကျိုးဆောင်မှုအတွက် ငါ မင်းကို ဆုကောင်းကောင်း ချီးမြှင့်ပေးမယ်”
“ကောင်းပါပြီ.. ကျုပ် အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါမယ်”
ပိန်ပိန်ပါးပါး အဘိုးအိုက စိတ်လှုပ်ရှားတက်ကြွလာ၏။
လေမီးတောက်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“နတ်ဆိုးဝံပုလွေတပ်သားတွေ နားထောင်ကြ.. အားလုံးပဲ လူစုခွဲပြီး နှင်းလေတောင်ကြောရိုးကို ဝိုင်းပတ်ထားကြ.. နှင်းလေတောင်ကြောရိုးကနေ ပုရွက်ဆိတ်တစ်ကောင်တောင် ထွက်မလာစေနဲ့”
စန်းယာကလည်း ခေါင်းညိတ်ပြလိုက်၏။
“သိမ်းငှက်ဂိုဏ်းက ညီအစ်ကိုတွေ.. အဲ့လိုပဲ လုပ်ကြ.. ဝင်္ကပါ ပျက်စီးသွားတာနဲ့ ငါတို့က နှင်းလေတောင်ကြောရိုးက လူတိုင်းကို တစ်ယောက်မကျန် သတ်ဖြတ်ကြမယ်”
“သတ်… သတ်… သတ်”
များစွာသော ဓားပြများက ကြမ်းကြုတ်ခက်ထန်သော အကြည့်များနှင့်အတူ စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ကြ၏။
စစ်သည်တစ်သိန်းက လှုပ်ရှားလိုက်ပြီး နှင်းလေတောင်ကြောရိုးကို သိပ်မကြာခင် တစ်လွှာပြီး တစ်လွှာ ဝိုင်းပတ်လိုက်၏။
နှင်းလေတောင်ကြောရိုးမှ ကျင့်ကြံသူများစွာက ထိတ်လန့်သွားကြ၏။
ဝင်္ကပါက ဖျက်ဆီးခံရသည်နှင့် သူတို့မှာ ထွက်လမ်းတစ်ခုပင် ရှိတော့မည် မဟုတ်ပေ။
အကာအရံအလွှာကနေတစ်ဆင့် ပိန်ပိန်ပါးပါး အဘိုးအိုသည် ဝင်္ကပါကို လှည့်ပတ်ကြည့်ရှုနေ၏။
မကြာ မကြာဆိုသလို သူက စစ်ဆေးကြည့်ရှုဖို့အတွက် ဆောင့်ကြောင့်ထိုင်ချလိုက်၊ သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်နှင့် အတွေးနက်စွာ မျက်မှောင်ကြုတ်နေ၏။
နှစ်နာရီ..
လေးနာရီ..
တစ်ခဏချင်းမှာပင် နေ့တစ်ဝက် ကုန်ဆုံးသွား၏။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ လူတိုင်းက စိတ်မရှည်နိုင် ဖြစ်လာကြ၏။ နှင်းလေတောင်ကြောရိုးမှ လူတိုင်းကတော့ ဝင်္ကပါ ဖျက်ဆီးခံရမည်ကို စိုးရိမ်ပြီး သူတို့က ပို၍ပင် ထိတ်လန့်တကြား ဖြစ်လာကြ၏။
ရှချင်းယင်နှင့် ယွဲ့ဟောက်သည် ဝင်္ကပါကို ဘယ်လိုအသက်သွင်းရမလဲသာ သိရှိထားပြီး တခြား မည်သည့်အရာကိုမှ မသိရှိပေ။
အဲဒါနှင့် ရင်ဆိုင်ရချိန်မှာ နှင်းလေတောင်ကြောရိုးမှ လူတိုင်းက တိတ်တဆိတ်ဖြင့် စောင့်ဆိုင်းနေရုံသာ တတ်နိုင်၏။
တစ်နေ့ကြာပြီးနောက်.. ပိန်ပိန်ပါးပါး အဘိုးအိုက ချွေးများဖြင့် စိုရွှဲနေပြီး တစ်စုံတစ်ရာ ပြုလုပ်နိုင်ခြင်း မရှိဘဲ ဝင်္ကပါ၏ အပြင်ဘက်မှာသာ ရစ်ဝဲနေဆဲဖြစ်၏။
လေမီးတောက်နှင့် စန်းယာ၏ စိတ်ရှည်နိုင်မှုက ကုန်ဆုံးလာခဲ့သည်။
နောက်ဆုံးမှာတော့ လေမီးတောက်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဖြည်းဖြည်းချင်း မေးလိုက်၏။
“မင်း အဲဒါကို လုပ်နိုင်မှာလား.. မလုပ်နိုင်ဘူးလား.. ဒီအင်မော်တယ်ဝင်္ကပါကို ချေဖျက်ဖို့အတွက် အချိန်ဘယ်လောက်တောင်ယူနေမှာလဲ”
“ကျုပ်.. ကျုပ်လည်း မပြောတတ်ဘူး”
ပိန်ပိန်ပါးပါး အဘိုးအိုက ချွေးများဖြင့် စိုရွှဲနေပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။
“ဒီအင်မော်တယ်ဝင်္ကပါရဲ့ ဖွဲ့စည်းပုံက အရမ်းကို ရှုပ်ထွေးတယ်.. ကျုပ်က အခုချိန်ထိ ဝင်္ကပါမျက်လုံးကို…”
“အဲ့လိုဆိုရင် မင်းက ဒီအင်မော်တယ်ဝင်္ကပါကို မချေဖျက်နိုင်ဘူးပေါ့”
လေမီးတောက်၏ အမူအရာက အေးစက်လာပြီး တင်းမာခက်ထန်စွာဖြင့် ဖြတ်ပြောလိုက်၏။
“ကျုပ်… ကျုပ် သေချာပေါက် လုပ်နိုင်ပါတယ်”
ပိန်ပိန်ပါးပါး အဘိုးအိုက ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားပြီး အံကို ကြိတ်ကာ အာမခံလိုက်၏။
လေမီးတောက်က မှင်သေသေဖြင့် ပြောလိုက်၏။
“ငါ့ကို နောက်ဆုံးအချိန်တစ်ခု သတ်မှတ်ပေးစမ်း”
ပိန်ပိန်ပါးပါး အဘိုးအိုက တံတွေးကို မျိုချပြီး ပြောလိုက်၏။
“တစ်နှစ်..”
ထိုသို့ သူပြောလိုက်သည့် အချိန်မှာပင် သူ၏ ခန္ဓာကိုယ်က အေးစက်လာသည်ဟု ခံစားလိုက်ရ၏။
ပိန်ပိန်ပါးပါး အဘိုးအိုသည် လေမီးတောက်၏ မျက်နှာပေါ်မှာ သတ်ဖြတ်လိုစိတ်ကို တွေ့မြင်သွားပြီး စကားကို ခပ်မြန်မြန် ထပ်ပြောလိုက်၏။
“နှစ်.. နှစ်ဝက်”
“သေစမ်းကွာ.. နှစ်ဝက်တောင် ငါတို့က မင်းကို ထိုင်ကြည့်နေရမှာလား”
အဲဒါကို ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ လေမီးတောက်က သူ့လက်ထဲရှိ ဆေဘာဖြင့် ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။
ဖောက်..
ဆေဘာအလင်းက ဆင်းသက်လာပြီး ပိန်ပိန်ပါးပါး အဘိုးအိုကို နှစ်ပိုင်းလှီးဖြတ်ကာ သွေးများနှင့် ကိုယ်တွင်းအင်္ဂါများကို မြေပြင်ပေါ်မှာ ပြန့်ကျဲ ကျဆင်းသွား၏။
လေမီးတောက်နှင့် စန်းယာက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီဖြစ်၏။ သူတို့က နှစ်ဝက်ကြာအောင် ဘယ်လိုလုပ် စောင့်နိုင်ပါ့မလဲ။
“ဟားဟားဟား”
သွမ့်ထျန်လျန်က ဟားတိုက်ရယ်မောပြီး လှောင်ပြောင်သရော်လိုက်၏။
“အင်မော်တယ်ဝင်္ကပါတစ်ခုကို ချေဖျက်ဖို့အတွက် နှစ်တစ်ဝက်တဲ့လား.. ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ”
“သိပ်ပြီးတော့ အူမြူးမနေနဲ့”
လေမီးတောက်က ရယ်မောနေသော သွမ့်ထျန်လျန်ကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။
“ဒီဝင်္ကပါကို ချေဖျက်ပြီးရင် ငါ မင်းကို အရင်ဆုံးသတ်မယ်”
“နတ်ဆိုးဝံပုလွေတပ်သားတွေ… သိမ်းငှက်ဂိုဏ်းသားတွေ.. နားထောင်ကြ.. နေ့ညမပြတ် လူပြောင်းပြီး တိုက်ခိုက်ကြ”
လေမီးတောက်နှင့် စန်းယာက တစ်ချိန်တည်းမှာပင် တူညီသော အမိန့်ကို ပေးလိုက်၏။
လေမီးတောက်က နှင်းလေတောင်ကြောရိုးမှ လူတိုင်းကို ကြည့်ပြီး ကြမ်းကြုတ်ခက်ထန်စွာဖြင့် ပြောလိုက်၏။
“အဲဒီ ဝင်္ကပါက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”