← Chapters

ကောင်းကင်အင်မော်တယ် မိန်ကျိ

Vol. 127 Ch. 1897

ကောင်းကင်အင်မော်တယ် မိန်ကျိ

Vol. 127 Ch. 1897

မဟူရာယင်တောင် အစည်းအဝေးခန်းမတွင်…

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တည်တံ့သော အမူအရာနှင့်အတူ အလယ်မှာ ထိုင်နေ၏။ သူ့မှာ အောက်သို့ လျှောဆင်းသွားသော မျက်ခုံးနှစ်ဖက်နှင့် ဆင်တူသည့် နှုတ်ခမ်းမွေး ရှိလေသည်။

အဲဒါသည် မဟူရာယင်တောင်၏ ပိုင်နက်အရှင် တင်းယဲ့၊ အဆင့်ရှစ် မဟူရာအင်မော်တယ်တစ်ယောက် ဖြစ်၏။

ခန်းမ၏ တစ်ဖက်တစ်ချက်စီမှာ မဟူရာယင်တောင်၏ ခေါင်းဆောင်တပ်မှူးများက ထိုင်နေကြ၏။ သူတို့ အားလုံးနီးပါးက အဆင့် ၇ မဟူရာအင်မော်တယ်များ ဖြစ်ကြ၏။

တင်းယဲ့၏ ဘယ်ဘက်နှင့် ညာဘက်တွင် အဆင့်ရှစ် မဟူရာအင်မော်တယ်များ ဖြစ်သော ကာကွယ်သူနှစ်ယောက်က ထိုင်နေကြ၏။

ဘယ်လက်ရုံး ကာကွယ်သူသည် လက်ရှိလူတိုင်းကို ကြည့်ပြီး ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ကာ လက်သီးနှစ်ဖက်ယှက်၍ မေးလိုက်၏။

“ပိုင်နက်အရှင်.. ဒီနေ့ ခင်ဗျား ကျုပ်တို့ကို ဆင့်ခေါ်လိုက်တာ ကိစ္စထူးတစ်ခုခု ရှိလို့လား”

တင်းယဲ့က သူ့လက်ချောင်းကြားထဲရှိ အဆောင်ကို ဝေ့ယမ်းပြလိုက်၏။

“မဟာဓားပြ အဖွဲ့နှစ်ဖွဲ့.. နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ သိမ်းငှက်ဂိုဏ်းက အခု နှင်းလေတောင်ကြောရိုးကို တိုက်ခိုက်နေကြတယ်.. နှင်းလေတောင်ကြောရိုးက အကူအညီတောင်းတဲ့စာကို ငါ အခုပဲ လက်ခံရရှိထားတယ်.. မင်းတို့တွေ ဘယ်လိုထင်ကြလဲ”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် ခန်းမထဲမှာ ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာ၏။

“နှင်းလေတောင်ကြောရိုးက သွေးသူရိယတောင်ကြားကို ဖျက်ဆီးပြီးတဲ့နောက် မကြာသေးခင် နှစ်တွေကမှ အရမ်းကို မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာပဲ.. အခု သူတို့က မဟာဓားပြနှစ်ဖွဲ့ရဲ့ ပစ်မှတ်ထားခြင်း ခံရပြီပေါ့”

“ဟမ်.. နှင်းလေတောင်ကြောရိုးရဲ့ ဂုဏ်သတင်းဆိုတာ ဆူဇီမိုကြောင့် ဖြစ်လာတာပဲ… အခု သူက သေပြီဆိုတော့ နှင်းလေတောင်ကြောရိုးက ငါတို့ အဖွဲ့အစည်းကြီးတွေနဲ့ ရင်ဘောင်တန်း ရပ်တည်ဖို့ အဆင့်မမီတော့ဘူး”

ဆူဇီမို၏ နာမည်ကို ကြားချိန်မှာ တင်းယဲ့၏ မျက်လုံးထဲတွင် မုန်းတီးမှု အကြည့်တစ်ခုက ဖျတ်ခနဲ ပေါ်ထွက်လာ၏။

သူ၏ သား တင်းယွီသည် နဂါးအသူရာချောက်နက်မြို့တော်တွင် ဆူဇီမို၏ လက်ချက်ဖြင့် သေဆုံးခဲ့ရ၏။

ညာလက်ရုံး ကာကွယ်သူက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ပိုင်နက်အရှင်.. ကျုပ်တို့က နှင်းလေတောင်ကြောရိုးအတွက်နဲ့ မဟာဓားပြနှစ်ဖွဲ့ရဲ့ အမျက်ဒေါသကို ခံယူစရာ အကြောင်းမရှိဘူး”

“အဲဒါ အမှန်ပဲ”

ဘယ်လက်ရုံး ကာကွယ်သူက သဘောတူစွာ ခေါင်းညိတ်ပြလိုက်၏။

“ကျုပ်တို့က နှင်းလေတောင်ကြောရိုးနဲ့ ဘာပတ်သက်ဆက်နွယ်မှုမှ ရှိတာ မဟုတ်ဘူး.. ကျုပ်တို့က ဝင်ပါစရာ မလိုဘူး ထင်တယ်”

တင်းယဲ့က ခေါင်းညိတ်ပြလိုက်၏။

“ဒါပေမဲ့.. ငါတို့က ပြပွဲကို သွားပြီး စောင့်ကြည့်လို့ ရတယ်.. ဘယ်လက်ရုံး.. မင်းက ဒီမှာနေပြီး စောင့်ကြပ်နေခဲ့… ညာလက်ရုံး.. မင်းက နှင်းလေတောင်ကြောရိုးကို တစ်ချက်သွားကြည့်ဖို့အတွက် လူငါးရာခေါ်ပြီး ငါ့နောက်က လိုက်ခဲ့”

အမြွှာနဂါးဂိုဏ်းတွင်…

အမျိုးသားနှစ်ယောက်က ခန်းမ၏ ဝင်ပေါက်ဝမှာ ဘေးချင်းယှဉ်ရပ်နေကြ၏။ သူတို့နှစ်ယောက်စလုံးက တစ်မူထူးခြားသော အော်ရာများနှင့်အတူ အရပ်အမောင်း မြင့်မား၍ တောင့်တင်းခိုင်မာမှု ရှိကြ၏။

ညာဘက်မှာ ရှိသော တစ်ယောက်၏ ဆံပင်များက ရှုပ်ပွနေပြီး ထိန်းမနိုင် သိမ်းမရသော အမူအရာတစ်ခုနှင့်အတူ သူ၏ ကျောထက်မှာ ဆေဘာတစ်လက်ကို ချိတ်ဆွဲထား၏။ သူက အမြွှာနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော ခိုယုံ ဖြစ်လေသည်။

ဘယ်ဘက်မှာ ရှိသော တစ်ယောက်က ရုပ်ရည်ချောမောပြီး သူ၏ အနက်ရောင်ဆံပင်ကို စည်းနှောင်ကာ သူ၏ ကျောပေါ်မှာ ချထား၏။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တည်ငြိမ်၍ ဝံ့ကြွားသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

သူက နောက်ထပ်ဂိုဏ်းချုပ်၊ ရှုဝမ်၏ အဖေ ရှုကျစ်အန် ဖြစ်လေသည်။

“အဖေ.. ဦးလေးခို..”

ရှုဝမ်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။

“ဆူဇီမိုက သေသွားပြီဆိုပေမဲ့ ယွဲ့ဟောက်နဲ့ နှင်းလေတောင်ကြောရိုးက တခြားသူတွေက ကျွန်မနဲ့ ပတ်သက်ဆက်နွယ်မှုတချို့ ရှိတယ်.. ကျွန်မ.. ကျွန်မ သူတို့ကို ကယ်ချင်တယ်”

ရှုကျစ်အန်က အသံတိတ်နေ၏။

ရှုဝမ်က ကြိတ်၍ သက်ပြင်းချလိုက်၏။

အမြွှာနဂါးဂိုဏ်းအနေဖြင့် နှင်းလေတောင်ကြောရိုးကို ကယ်တင်စရာ အကြောင်းမရှိသည်ကို သူမ ကောင်းကောင်းသိထား၏။ အဲဒါက တကယ်ကို ဉာဏ်မရှိရာကျပေမည်။

သူတို့က နှင်းလေတောင်ကြောရိုးကို ကယ်တင်နိုင်မည် မကယ်တင်နိုင်မည်ကို အသာထား… အမြွှာနဂါးဂိုဏ်းက ဝင်ရောက်တိုက်ခိုက်မည်ဆိုလျှင် သူတို့သည် နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သိမ်းငှက်ဂိုဏ်းကို သေချာပေါက် ဆန့်ကျင်မိသွားပေလိမ့်မည်။

နောင်တစ်ချိန်မှာ အမြွှာနဂါးဂိုဏ်းသည် မဟာဓားပြအဖွဲ့နှစ်ဖွဲ့၏ ပစ်မှတ်ထားခြင်းခံရပြီး တည်ငြိမ်အေးချမ်းမှုကို ရရှိလာတော့မည် မဟုတ်ပေ။

ရုတ်တရက် ခိုယုံက ရှုကျစ်အန်ကို လှည့်ကြည့်ပြီး မျက်ခုံးပင့်၍ မေးလိုက်၏။

“မင်း ဘယ်လိုထင်လဲ”

“ငါ့သဘောကတော့ မင်းနဲ့ အတူတူပဲ”

ရှုကျစ်အန်က ညင်သာစွာ ပြုံးပြလိုက်၏။

“ဟားဟား”

ခိုယုံက ဟားတိုက်ရယ်မောလိုက်၏။

“ငါ့ဘဝတစ်လျှောက်လုံးမှာ.. ညီအစ်ကို.. မင်းကသာ ငါ့အကြောင်းကို ကောင်းကောင်းအသိဆုံးပဲ”

ရှုဝမ်က တွေဝေရှုပ်ထွေးသွားပြီး မနေနိုင်တော့ဘဲ ဝင်မေးလိုက်၏။

“အဖေ.. ဦးလေးခို.. ရှင်တို့တွေ ဆုံးဖြတ်ပြီးသွားပြီလား”

“ဒါပေါ့”

ခိုယုံက သူ့ကျောပေါ်မှ ဆေဘာကို ပုတ်ပြီး သူရဲကောင်းဆန်ဆန် ပြောလိုက်၏။

“အဲဒီဓားပြတွေကို သွားတွေ့ဖို့အတွက် ငါတို့နဲ့ လိုက်ခဲ့ဖို့ ပြင်ထားလိုက်တော့”

“အဖေ.. ရှင်တို့တွေက.. ဘာလို့…”

ရှုဝမ်က အဲဒါကို မယုံကြည်နိုင်သေးပေ။

ရှုကျစ်အန်က ပြုံး၍ ပြောလိုက်၏။

“မဟာဓားပြလေးဖွဲ့က နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ သတ်ဖြတ်မှုတွေကို ပြုလုပ်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.. ဒါပေမဲ့ သူတို့ရဲ့ တည်နေရာကို အတိအကျ မသိရဘူး.. သူတို့က လေလိုပဲ လှုပ်ရှားသွားလာနေကြတယ်… သူတို့ကို ဖျက်ဆီးချေမှုန်းဖို့ဆိုတာ မလွယ်ဘူး”

“အခုဆို မဟာဓားပြအဖွဲ့နှစ်ဖွဲ့က တစ်စုတစ်စည်းတည်းရှိနေတယ်ဆိုတာ တကယ့်ကို ရှားရှားပါးပါး အခွင့်အရေးပဲ.. နှင်းလေတောင်ကြောရိုးအတွက် မဟုတ်ရင်တောင်မှ ငါတို့က သူတို့ကို တိုက်ခိုက်ရမှာပဲ”

မဟူရာယင်တောင်နှင့် အမြွှာနဂါးဂိုဏ်းအပြင် အခြားသော အဖွဲ့အစည်းကြီး ငါးခုကလည်း နှင်းလေတောင်ကြောရိုးထံမှ အကူအညီတောင်းခံစာကို လက်ခံရရှိခဲ့ကြ၏။

သို့သော်လည်း အမြွှာနဂါးဂိုဏ်းက လွဲလျှင် အခြားသော အဖွဲ့အစည်းကြီးများက လှုပ်ရှားမှုများစွာ ပြုလုပ်ဖို့ စိတ်ကူးမရှိကြပေ။

. . . . .

နဂါးအသူရာချောက်နက်ကြယ်၊ အသူရာချောက်နက်၏ အဆုံး၌…

မဟာဓားပြအဖွဲ့နှစ်ဖွဲ့က နှင်းလေတောင်ကြောရိုး၏ အင်မော်တယ်ဝင်္ကပါကို တိုက်ခိုက်လိုက်သည့် အချိန်မှာ ဆူဇီမိုသည် လျှို့ဝှက်ဆန်းကြယ်သော ဤနေရာလွတ်မှာ တံခါးပိတ်ကျင့်ကြံရာကနေ နိုးထလာခဲ့၏။

ဆူဇီမိုသည် အင်မော်တယ်ဝင်္ကပါပေါ်တွင် သူ၏ စိတ်ဝိညာဉ်အသိစိတ် အမှတ်အသားကို ချန်ထားရစ်ခဲ့၏။

အင်မော်တယ်ဝင်္ကပါကို အသက်သွင်းလိုက်သည်နှင့်အမျှ သူက အဲဒါကို အာရုံခံမိပေလိမ့်မည်။

ဆူဇီမိုက ဖြည်းဖြည်းချင်း ထရပ်ပြီး သူ၏ အမူအရာက အေးစက်ခက်ထန်လာ၏။

နှင်းလေတောင်ကြောရိုးမှာ တစ်ခုခု ဖြစ်ပွားနေလေပြီ။

သူ မထွက်ခွာခင် ရွေးချယ်စရာ လုံးဝ မရှိသည့် အခြေအနေသို့ မကျရောက်သရွေ့ ဤအင်မော်တယ်ဝင်္ကပါကို အသက်မသွင်းဖို့ ယွဲ့ဟောက်နှင့် ရှချင်းယင်ကို သူက မှာထားခဲ့၏။

အကြောင်းမှာ အင်မော်တယ်ဝင်္ကပါကို အသက်သွင်းဖို့အတွက် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို လိုအပ်သောကြောင့်ဖြစ်၏။

အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများ ကုန်ခန်းသွားသည်နှင့် အင်မော်တယ်ဝင်္ကပါကို ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။

ဆူဇီမိုက ချက်ချင်းပင် အပြေးအလွှားပြန်သွားဖို့ ပြင်ဆင်လိုက်၏။

အင်မော်တယ်ဝင်္ကပါကို ပုံမှန်အတိုင်း အသက်သွင်းထားမည်ဆိုလျှင် ဝင်္ကပါမျက်လုံးနှင့် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများထဲရှိ စွမ်းအင်သည် နှစ်ပေါင်း အတော်အတန် ထိန်းသိမ်းထားဖို့ လုံလောက်ပေလိမ့်မည်။

သို့သော်လည်း ပြင်ပအား တစ်စုံတစ်ရာဖြင့် အဆက်မပြတ် တိုက်ခိုက်မည်ဆိုပါက အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများ၏ ကုန်ဆုံးမှုက အလွန်တရာ မြန်ဆန်လာပြီး သိပ်ကြာကြာခံတော့မည် မဟုတ်ပေ။

ဤနှစ်များအတွင်း ဆူဇီမိုသည် အမြုတေစုဖွဲ့ဆေးလုံးများကို စားသုံးပြီး အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများနှင့်အတူ ကျင့်ကြံကာ သူ၏ ကျင့်ကြံမှုနယ်ပယ်က လျင်မြန်စွာ မြင့်တက်လာခဲ့၏။

သူက ပုံမှန်အတိုင်း ကျင့်ကြံမည်ဆိုလျှင် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင် အဆင့် ၇ မဟူရာအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းဖို့အတွက် နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းတစ်ထောင်လောက် အချိန်ယူရပေလိမ့်မည်။

သို့သော်လည်း သူသည် လွန်ခဲ့သည့် သုံးနှစ်က အဆင့်ချိုးဖျက်တက်လှမ်း၍ အဆင့် ၇ မဟူရာအမြုတေနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။

သူ၏ အမြုတေစိတ်ဝိညာဉ်ကတော့ ပို၍ ကြောက်စရာကောင်းပြီး အဆင့် ၉ မဟူရာအမြုတေနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။

ဤဖြစ်စဉ်တစ်ခုလုံးအတွက် သူသည် နှစ်သုံးဆယ်ပင် အချိန်မယူခဲ့ရပေ။

တကယ်တော့ သူ၏ သိုလှောင်အိတ်ထဲရှိ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများစွာက ပြီးခဲ့သည့် နှစ်သုံးဆယ်အတွင်း ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် အဝေးတစ်နေရာမှ ယိုယွင်းပျက်စီးနေသော နန်းတော်ကို လှည့်ကြည့်ပြီးနောက် အပြင်ဘက်သို့ လှည့်ထွက်လာခဲ့၏။

ရေပြင်နှင့် ဆင်တူသော အကာအရံအလွှာကို ဖြတ်ကျော်လာပြီးနောက် သူက အသူရာချောက်နက်ထဲသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာ၏။

ဆူဇီမိုက ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီး နှင်းလေတောင်ကြောရိုးသို့ ချက်ချင်း အပြေးနှင်ရန် သူ၏ အဆုံးစွန် အလျင်အဟုန် ပင်ကိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ဖို့ ပြင်ဆင်လိုက်၏။

ရုတ်တရက်ဆိုသလို..

သူက မျက်မှောင်ကြုတ်၍ တစ်စုံတစ်ရာ လွဲမှားနေသည်ကို ခံစားမိလိုက်၏။

အသူရာချောက်နက်ထဲမှာ အမျိုးမျိုးသော ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များ၏ အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေ၏။

သို့သော်လည်း ထိုအလောင်းများသည် ရွှေ့ပြောင်းခြင်းခံထားရပုံ ရလေသည်။

ဆူဇီမိုသည် လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်မှာ သီးခြားကျင့်ကြံနေခဲ့သော်လည်း သူက အပြင်ဘက်ရှိ လှုပ်ရှားမှုများကို အာရုံခံမိနိုင်၏။

သို့သော်လည်း ထိုလူသည် သူ၏ အာရုံခံအသိစိတ်ကနေ ကောင်းကောင်းပုန်းကွယ်နိုင်ခဲ့၏။

အဲဒါက သူ့ထက် များစွာသာလွန်သော ပညာရှင်တစ်ဦး ဖြစ်ရပေမည်။

တကယ်ဆို ယခုအချိန်ထိကို ဆူဇီမို၏ အာရုံခံသတိစိတ်က တစ်စုံတစ်ရာ ထူးခြားနေသည်ကို မခံစားမိနိုင်ပေ။

သို့သော်လည်း ဤလူက အနီးအနားမှာ ရှိနေပုံရသည်ကို သူ၏ ရင်ထဲမှာ ကောင်းကောင်းသိထား၏။

“ထွက်လာခဲ့တော့”

ဆူဇီမိုက တည်တံ့သော အမူအရာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဟင်းဟင်း”

ညို့ငင်ဖမ်းစားတတ်သော ရယ်သံတစ်သံက သူ့နောက်ကနေ ထွက်ပေါ်လာပြီး သူ့ကို ရင်ထိတ်သွားစေ၏။

ဆူဇီမိုက လှည့်ကြည့်လိုက်၏။

မလှမ်းမကမ်းတွင် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက သူမ၏ ရေလို ကြည်လင်သော မျက်လုံးများကို ပုတ်ခတ်ပြီး သူ့ကို ပြုံးစစဖြင့် ကြည့်နေ၏။

အဲဒါက ကောင်းကင်အင်မော်တယ်ပညာရှင် မိန်ကျိ​ ဖြစ်လေသည်။

“အထင်ကြီးစရာပဲ.. ကောင်လေး နင် ငါ့ကို ဘယ်လိုရှာတွေ့သွားတာလဲ”

မိန်ကျိက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

“ခင်ဗျား အခုထိ ထွက်မသွားသေးဘူးလား”

ဆူဇီမိုက မျက်မှောင်ကြုတ်၍ စိမ်းသက်သော လေသံဖြင့် မေးလိုက်၏။

မိန်ကျိသည် တကယ်တမ်း ထွက်ခွာသွားခြင်း မရှိဘဲ လွန်ခဲ့သည့် နှစ်သုံးဆယ်လုံးလုံး ဤနေရာကို စောင့်ကြပ်နေခဲ့၏။

မိန်ကျိက ဒေါသထွက်သွားခြင်း မရှိဘဲ ရယ်မောလိုက်၏။

“တိုက်ပွဲပြီးဆုံးသွားပြီးတဲ့နောက် ငါက မချင့်မရဲနဲ့ ပြန်သွားခဲ့ရတယ်.. နောက်ဆုံးမှာတော့ အလောင်းတစ်လောင်း ပျောက်ဆုံးနေတာကို ငါ သတိထားမိသွားတယ်”

ထိုနေရာအရောက်တွင် သူမက ထူးဆန်းသော နတ်ဆိုးစွမ်းအားတစ်ခု ဖြာထွက်နေပုံရသော တလက်လက်ထနေသည့် မျက်လုံးများနှင့်အတူ ဆူဇီမိုကို စိုက်ကြည့်လိုက်၏။ သူမက ညင်သာစွာ ပြောလိုက်လေသည်။

“အဲဒီ အလောင်းကတော့ နင်ပဲ”

All Chapters