← Chapters

ဖျက်ဆီးချေမှုန်းခြင်း

Vol. 127 Ch. 1899

ဖျက်ဆီးချေမှုန်းခြင်း

Vol. 127 Ch. 1899

ထိုအရာများသည် ဟင်္သပဒါးငှက်၏ မျက်လုံးထဲကနေ လျှံထွက်လာသော မီးတောက်များဖြစ်သည်။ သူတို့က ဘယ်လိုလုပ်ပြီး အလွယ်တကူဝါးမျိုခံရနိုင်ပါ့မလဲ။ အင်္ကျီလက်အိုးစကြာဝဠာပင်လျှင် ၎င်းကို ထိန်းမထားနိုင်ပေ။

တစ်ခဏချင်းမှာပင်လျှင် မိန်ကျိ၏ အင်္ကျီလက်စနှစ်ဖက်က လောင်ကျွမ်းပြာကျသွား၏။

ထိုမျှသာမက သူမ၏ လက်က လောင်ကျွမ်းတူးချစ်သွားပြီး သူမ၏ အရေပြားက အက်ကွဲကာ ညှီစို့စို့အနံ့တစ်ခုထွက်လာ၏။

ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ ထိုမီးတောက်များသည် ငြိမ်းသေမည့် မည်သည့်လက္ခဏာမှမပြဘဲ သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းသို့ သူမ၏ လက်တံတစ်လျှောက် ဖြန့်ကြက်တက်လာခြင်းပင်။

မိန်ကျိ၏ မျက်လုံးထဲတွင် ပြတ်သားသည့် အကြည့်တစ်ခုပေါ်ထွက်လာ၏။ သူမကလက်ပြန်လွှဲပြီး သူမ၏ လက်ကို ခုတ်ပိုင်းချလိုက်၏။

သူမ၏လက် ပြတ်တောက်သွားသောနေရာကနေ လတ်ဆတ်သောသွေးများက ပန်းထွက်လာပြီး နီရဲနေသော မီးတောက်များပေါ်သို့ ဖိတ်စင်ကျကာ တရှဲရှဲအသံနှင့်အတူ မီးခိုးများအူထွက်လာ၏။

သူမ၏ ပြတ်တောက်သွားသောလက်က ပြုတ်ကျလာခဲ့ပြီး ပြာကျသွားခဲ့၏။

မိန်ကျိ​သည် သူမ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး တစ်ဏချင်းမှာပင် သူမ၏ လက်ကို ပြန်ပေါက်စေလိုက်၏။

“ဂီး..”

ဟင်္သပဒါးငှက်က သံရှည်ဆွဲ၍ အော်ဟစ်လိုက်ပြီး ၎င်း၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်၏။ ၎င်း၏ ခန္ဓကိုယ်ပေါ်ရှိ မီးတောက်များက ဒေါသတကြီးလောင်ကျွမ်းလာပြီး ၎င်းသည် ကောင်းကင်ထက်ကနေ မိန်ကျိထံသို့ ထိုးဆင်းလာ၏။

အမြုတေချီက မိန်ကျိ၏ ဘေးပတ်လည်တွင် တလိပ်လိပ်တက်လာပြီး သူမက သူမ၏ ဆေဘာကိုလှည့်ကာ ရှေ့သို့ခုတ်ပိုင်းချလိုက်၏။ အေးစက်နေသော ဆေဘာအလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်အပူချိန်ကို ထိုးဆင်းသွားစေ၏။

ဘုန်း...

ဆေဘာက ဟင်္သပဒါးငှက်နှင့် ထိတွေ့ရိုက်ခတ်သွား၏။

တစ်ခုကအပူ တစ်ခုကအအေးဖြစ်သော စွမ်းအင်နှစ်ခုက ထိတွေ့ရိုက်ခတ်သွားပြီး ဘယ်ဘက်က ပိုမိုသန်မာသည်ကို ချက်ချင်းပြောဖို့ခက်လေသည်။

ဆူဇီမိုက အဝေးတစ်နေရာသို့ခွာပြီး ဝင်ရောက်တိုက်ခိုက်ခြင်း မရှိပေ။

သူ၏ လက်ရှိခွန်အားအရ သူကတိုက်ခိုက်မည်ဆိုလျှင်တောင် မည်သည့်သက်ရောက်မှုကိုမှ ရှိစေလိမ့်မည် မဟုတ်ပေ။

မိန်ကျိနှင့် ဟင်္သပဒါးငှက်ကြားမှ တိုက်ပွဲ၏ တုန်ခါမှုလှိုင်းကပင် သူ့ကိုသတ်ဖြတ်နိုင်ဖို့ လုံလောက်၏။

ဆူဇီမိုသည် ဘေးကနေအေးစက်စွာ စောင့်ကြည့်နေပြီး အခြေအနေကို ပို၍ရှင်းလင်းစွာ တွေ့မြင်နေရ၏။

မိန်ကျိပြောသည်မှာ မှန်လေသည်။ ဟင်္သပဒါးငှက်မှာ အသွေးအသားခန္ဓာကိုယ်တစ်ခုမရှိဘဲ ဝိညာဥ်ပုံစံနှင့်အတူ ၎င်းထုတ်ဖော်နိုင်သည့်ခွန်အားက တကယ်ပင်အကန့်အသတ်ရှိနေသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဟင်္သပဒါးငှက်ပေါ်ရှိ မီးတောက်များက သိပ်သည်းကျစ်လစ်လာပြီး ၎င်း၏ ခန္ဓာကိုယ်ကနေ သွေးနီရောင်ချော်ရည်များကပင် တစ်စက်စက်စီးကျလာ၏။

ဟင်္သပဒါးငှက်က မည်သို့ပင်ဆိုစေ အထွတ်အမြတ်တောကောင်တစ်ကောင်ဖြစ်ပြီး တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ ပို၍ကြမ်းကြုတ်ခက်ထန်လာ၏။

ဟင်္သပဒါးငှက်နှင့် အဆက်မပြတ် ရုန်းကန်တိုက်ခိုက်နေရပြီး မိန်ကျိ၏ အမူအရာက အလွန်တရာပျက်ယွင်းလာကာ သူမက တဖြည်းဖြည်းနှင့် အဲ့ဒါကို တောင့်မခံနိုင်တော့ပေ။

ဟင်္သပဒါးငှက်ပေါ်ရှိ လောင်ကျွမ်းနေသော မီးတောက်များက အရမ်းကို ကြောက်စရာကောင်းလေသည်။

ထိုမီးတောက်များသည် သေစေနိုင်စွမ်းအား အလွန်တရာမြင့်မားရုံသာမက သူတို့သည် ကောင်းကင်နှင့်မြေကြီး အမြုတေချီကိုပင် လောင်ကျွမ်းစေနိုင်၏။

မိန်ကျိ၏ ဘေးပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီက ထိုမီးတောက်များဖြင့် လုံးလုံးလျားလျား လောင်ကျွမ်းခံရလုနီးပါးဖြစ်လာခဲ့၏။

တိုက်ပွဲမှာ မိန်ကျိသည် အန္တိမနတ်ဘုရားစွမ်းအားများကို ထပ်တလဲလဲ ထုတ်ဖော်ပြီး နောက်ဆုံးမှာ သူမ၏ အစွမ်းကုန်ရှိသမျှနှင့် ဟင်္သပဒါးငှက်၏ ပိတ်ဆို့တားဆီးမှုကနေ ရုန်းထွက်ကာ ဆူဇီမိုထံသို့ ပြေးဝင်သွား၏။

သူမက ဆူဇီမိုကို သတ်ဖြတ်နိုင်သည်နှင့် ဟင်္သပဒါးငှက်၏ ဝိညာဥ်က တိုက်ခိုက်ရခြင်းမရှိဘဲ လဲပြိုကျဆင်းသွားမည်ဖြစ်ကြောင်း သူမက ခပ်ရေးရေးသဘောပေါက်လာ၏။

သို့သော်လည်း ဆူဇီမို၏ တုံ့ပြန်မှုက အလွန်တရာမြန်ဆန်၏။ သူက အသူရာချောက်နက်၏ နံရံကို ချက်ချင်းပင်ရိုက်ပုတ်ပြီး လျှို့ဝှက်ဆန်းကြယ်သော ထိုနေရာလွတ်ထဲသို့ ဝင်ရောက်ပုန်းကွယ်လိုက်၏။

ဤနေရာကို ဦးချိုနဂါးက ဖန်တီးထားခဲ့၏။

ဆူဇီမိုတွင် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်ရှိပြီး သူက ထိုနေရာသို့ လွတ်လပ်စွာဝင်နိုင်ထွက်နိုင်၏။

သို့သော်လည်း မိန်ကျိကတော့ မဝင်ရောက်နိုင်ပေ။

ဆူဇီမိုကို သတ်ဖြတ်နိုင်ခြင်းမရှိဘဲ မိန်ကျိသည် ဟင်္သပဒါးငှက်နှင့် နောက်တစ်ဖန်ရင်ဆိုင်လိုက်ရ၏။

သူမသည် ပြာမှုန့်များပေကျံ၍ သူမ၏ ဆံပင်များက ကောက်ကွေးနေပြီး ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။

ထိုအခိုက်အတန့်မှာ မိန်ကျိက သူမ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်သောအခါ သူမ၏ ထွက်သက်က ချစ်ချစ်တောက်ပူလောင်နေ၏။

အတန်ကြာပြီးနောက် ဟင်္သပဒါးငှက် မီးတောက်များက သူမ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာခဲ့လေပြီ။

“ငါဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူး”

မိန်ကျိက တိတ်တဆိတ်ထိတ်လန့်လာ၏။

သူမ၏ ဝှက်ဖဲများစွာနှင့် လျှို့ဝှက်အတတ်များကြောင့်သာ မဟုတ်လျှင် သူမက သေနှင့်သွားသည်မှာ ကြာနေလောက်လေပြီ။

“ငါ... ဒီဟင်္သပဒါးငှက်ကို ရှင်းထုတ်ပြီး ငါ့ခန္ဓာကိုယ်ထဲက မီးအဆိပ်ကိုဖယ်ထုတ်ဖို့အတွက် လုံခြုံစိတ်ချရတဲ့နေရာတစ်ခုကိုရှာရမယ်... မဟုတ်ရင် ပြဿနာတွေက မီးခိုးကြွက်လျှောက်လိုက်လာတော့မယ်”

ထိုသို့အတွေးဖြင့်မိန်ကျိသည် သူမ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး ဟင်္သပဒါးငှက်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။

မိန်ကျိက ဆတ်ခနဲတုန်ယင်သွားပြီး သူမ၏ အကြည့်က မှေးမှိန်သွား၏။

ဟင်္သပဒါးငှက်ကလည်း အနည်းငယ်တုန်ခါသွားပြီး လေထဲမှာ ရပ်တန့်သွား၏။

ထိုတိုက်ခိုက်မှုသည် ဟင်္သပဒါးငှက်အပေါ် ကြီးမားသည့်ရိုက်ချက်တစ်ခုဖြစ်လာခဲ့၏။

၎င်း၏ အသက်ဓာတ်အားက သိသိသာသာ အားနည်းသွားပြီး ၎င်း၏ အရောင်အဝါကလည်း များစွာမှေးမှိန်သွား၏။

ဤတိုက်ပွဲသည် ဟင်္သပဒါးငှက်အပေါ် အားအင်ကြီးမားစွာ ကုန်ခန်းစေခဲ့၏။

တကယ်တော့... မိန်းကျိသည်လည်း အခြေအနေမကောင်းလှဘဲ သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။

မိန်ကျိသည် အခွင့်အလမ်းကိုချိန်ဆကာ တိုက်ပွဲနယ်မြေကနေ ဖျတ်ခနဲ ပြေးထွက်၍ နဂါးအသူရာချောက်နက်ကြယ်ကနေ ထွက်ခွာဖို့ပြင်ဆင်လိုက်၏

ဟင်္သပဒါးငှက်က မိန်ကျိကို အေးစက်စွာစိုက်ကြည့်ပြီးနောက် တစ်ဘက်သို့ပြန်လှည့်ကာ စတုရန်းကြေးမီးဖိုထဲသို့ ပြန်လာဖို့ပြင်လိုက်၏။

ဆူဇီမိုက ရင်ထဲမှာထိတ်ခနဲဖြစ်သွား၏။

ဤတိုက်ပွဲသည် ဟင်္သပဒါးငှက်အပေါ် အားအင်ကြီးမားစွာ ကုန်ခန်းစေခဲ့၏။

ဟင်္သပဒါးငှက်အတွက်တော့ မိန်ကျိကို မောင်းထုတ်နိုင်ခဲ့ခြင်းက လုံလောက်လေသည်။

သို့သော်လည်း ဆူဇီမိုအတွက်တော့... မိန်ကျိ၏ ထွက်ပြေးလွတ်မြောက်မှုသည် သူ့အတွက်ကပ်ဘေးတစ်ခုကို ယူဆောင်လာဖို့ ဖြစ်နိုင်ခြေရှိ၏။

မိန်ကျိမှာ ကြီးမားသော အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်း၏ နောက်ခံရှိထား၏။

သူမပြန်လာမည့်နေ့က သူသေရမည့်နေဖြစ်ပေလိမ့်မည်။

ဒါ့အပြင် မိန်ကျိသည် သူ၏ လျှို့ဝှက်ချက်အချို့ကိုလည်း သိရှိသွားခဲ့ပြီဖြစ်၏။

သူမက ထွက်ပြေးလွတ်မြောက်သွားမည်ဆိုလျှင် နောက်ဆက်တွဲ အကျိုးဆက်များက စဥ်းစားကြည့်၍မရနိုင်အောင်ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုက အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်၏။ မိန်ကျိက ဟင်္သပဒါးငှက်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားသည်ဆိုလျှင်တောင် သူက သူမကို တစ်စုံတစ်ရာပြုလုပ်နိုင်ခြင်း မရှိပေ။

“မလာနဲ့... ဒီကိုမလာနဲ့ဦး.. သူ့နောက်ကိုလိုက်.. ရအောင်လိုက်ပေး”

ဆူဇီမိုသည် ပြန်လှည့်လာသော ဟင်္သပဒါးငှက်ကိုကြည့်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ကာ သူ၏ စိတ်ဆန္ဒကို ထိုသူအာရုံခံနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားလိုက်၏။

မိုးပြာနဂါးဖြစ်စေ... ဟင်္သပဒါးငှက်ဖြစ်စေ သူတို့သည် တစ်​​ကြိမ်ချင်းစီမှာ သူ့တို့ဘာသာသူတို့ ပေါ်ထွက်လာတတ်ပြီး ဆူဇီမို၏ စကားကို ဘယ်တုန်းကမှ နားမထောင်ခဲ့ပေ။

သူ၏ လက်ရှိအပြုအမူက အသုံးဝင်ပါ့မလား ဆူဇီမို မသိပေ။

ရုတ်တရက်ဆိုသလို...

ဟင်္သပဒါးငှက်က ခဏမျှရပ်တန့်သွား၏။

ဆူဇီမိုက စိတ်အားတက်ကြွသွားပြီး အလောတကြီးထပ်ပြောလိုက်၏။

“သတ်ပေး... သူ့ကိုတတ်နိုင်သမျှနည်းလမ်းနဲ့ ရအောင်သတ်ပေး”

ဟင်္သပဒါးငှက်က အေးစက်နေသော အမူအရာတစ်ခုနှင့်အတူ တစ်ဘက်သို့ပြန်လှည့်ပြီး ထွက်ပြေးသွားသောမိန်ကျိနောက်သို့ တစ်ဖန်ပြေးလိုက်သွား၏။

နီရဲနေသောအလင်းတန်းတစ်ခုက လေထုကို ဆုတ်ဖြဲသွား၏။

မိန်ကျိက ဘယ်လောက်ပင်မြန်ဆန်သည်ဖြစ်စေ သူမက ဟင်္သပဒါးငှက်ကို မယှဥ်နိုင်ပေ။

သူမ၏ နောက်ဘက်မှ ချစ်ချစ်တောက်အပူလှိုင်းတစ်ခုကို အာရုံခံမိသွားပြီး သူမက ထိတ်လန့်ကာ နောက်သို့လှည့်ကြည့်လိုက်၏။

ဟင်္သပဒါးငှက်က ရန်လိုခက်ထန်နေပြီး ၎င်း၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ယခင်ကထက်ပင် ပို၍သိပ်သည်းအားကောင်းနေ၏။

“ဂီး...”

ဟင်္သပဒါးငှက်၏ အော်သံက နောက်တစ်ဖန်ထွက်ပေါ်လာပြီး အလွန်တရာ စူးရှလွန်းနေ၏။

မိန်ကျိက နာကျင်နေသောအမူအရာနှင့်အတူ သူမ၏ နားနှစ်ဖက်ကနေ သွေးများက စီးကျလာ၏။

“ငါနင်နဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ်”

မိန်ကျိက အံကိုတင်းတင်းကြိတ်ပြီး အော်ပြောလိုက်၏။

သူမက သူမ၏ သိုလှောင်အိတ်ထဲကနေ ဓမ္မရတနာများစွာကို ဆင့်ခေါ်ထုတ်ပြီး မရေမတွက်နိုင်သော နတ်ဘုရားအလင်းတန်းများအဖြစ် ပြောင်းလဲစေကာ ဟင်္သပဒါးငှက်ထံသို့ ပျံသန်းသွားစေ၏။

ဝှစ်...

ဟင်္သပဒါးငှက်က ၎င်း၏ ခန္ဓာကိုယ်ကို ကွေးညွှတ်ပြီး ဧရာမမီးလုံးတစ်လုံးကဲ့သို့ ဓမ္မရတနာများကို ပစ်တိုက်လိုက်၏။

ဘုန်း...

အဲ့ဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။

ဓမ္မရတနာများက အဘက်ဘက်သို့ စင်ထွက်သွားပြီး သူတို့တစ်ခုချင်းစီက မီးတောက်များဖြင့်လောင်ကျွမ်းကာ လေထဲကနေပြုတ်ကျသွား၏။ သူတို့က ချို့ယွင်းပျက်စီးသွားသည်မှာ သိသာနေ၏။

ဟင်္သပဒါးငှက်ပေါ်ရှိအလင်းရောင်ကလည်း နောက်တစ်ဖန်မှေးမှိန်သွား၏။

မိန်ကျိနှင့် ဟင်္သပဒါးငှက်က နောက်တစ်ဖန်တိုက်ခိုက်လိုက်ကြ၏။

သူတို့နှစ်ယောက် တစ်ကြိမ်ထိတွေ့ရိုက်ခတ်တိုင်း ဟင်္သပဒါးငှက်၏ အော်ရာက ပို၍အားနည်းသွားတတ်၏။

မိန်ကျိကတော့.. သူမ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာများက ပိုတိုးလာပြီး သူမ၏ ခန္ဓာကိုယ်ထဲရှိ မီးအဆိပ်ကလည်း ပိုမိုသိပ်သည်းအားကောင်းလာခဲ့၏။

နောက်ဆုံးမှာတော့ မိန်ကျိ၏ ကိုယ်တွင်းအင်္ဂါများက မီးတောက်များဖြင့် စတင်လောင်ကျွမ်းလာခဲ့၏။

“အား...”

မိန်ကျိက နာကျင်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

သူမ၏ ပါးစပ်ကို ဖွင့်ဟလိုက်သောအခါ မီးတောက်များက လျှံထွက်လာ၏။

မီးတောက်များက အရမ်းကိုကြောက်စရာကောင်းပြီး အဲ့ဒီကနေ ထွက်ပြေးလွတ်မြောက်နိုင်စရာအကြောင်း မရှိတော့ပေ။

သွေးကနေပြန်လည်မွေးဖွားခြင်းဖြင့်ပင် အဲ့ဒါက မလုံလောက်တော့ပေ။

ထိုမီးတောက်၏ လောင်ကျွမ်းမှုအောက်မှာ သူမ၏ မျိုးဆက်သွေးအားလုံးက လုံးဝသန့်စင်ခံလိုက်ရပေလိမ့်မည်။

နောက်ဆုံးမှာတော့ မိန်ကျိသည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ နောင်တစ်ဖန်စူးစူးဝါးဝါးအော်ဟစ်လိုက်၏။

“ကောင်းကင်ဘုံမိစ္ဆာဖြိုခွဲခြင်း”

ကောင်းကင်ဘုံမိစ္ဆာဖြိုခွဲခြင်းက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ ဆူဇီမိုကောင်းကောင်းသိ​ထားသည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ကိုယ်တော်တာမင်းသည် ဤအန္တိမနတ်ဘုရားစွမ်းအားကိုထုတ်ဖော်ပြီး တာအိုအရှင်သွေးမိစ္ဆာ၏ ကိုယ်ပွားတစ်ခုကို သူနှင့်အတူ အပါဆွဲခေါ်သွားခဲ့၏။

ဘုန်း...

မိန်ကျိ၏ ခန္ဓာကိုယ်က သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားပြီး အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ထွက်ပေါ်လာကာ ဟင်္သပဒါးငှက်ကို ချက်ချင်းပင်လွှမ်းခြုံသွား၏။

ဟင်္သပဒါးငှက်၏ ရောင်ဝါက အစကတည်းကမှေးမှိန်၍ သူ၏ အော်ရာက အားနည်းနေခဲ့၏။

ကောင်းကင်ဘုံမိစ္ဆာဖြိုခွဲခြင်း၏ စွမ်းအားက ဆင်းသက်လာခဲ့ပြီး ဟင်္သပဒါးငှက်က နေရာမှာပင်ကြေမွသွား၏။ အဲ့ဒါက သွေးနီရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ဆူဇီမို၏ နှာရောင်ထဲသို့ ဝင်ရောက်သွားပြီး စတုရန်းကြေးမီးဖို၏ နံရံပေါ်သို့ ပြန်လည်ရောက်ရှိသွား၏။

စတုရန်းကြေးမီးဖို၏ ဒုတိယမြောက်နံရံပေါ်တွင် ဟင်္သပဒါးငှက်၏ ပုံသဏ္ဌာန်က ပြန်လည်ပေါ်ထွက်လာ၏။

သို့သော်လည်း အဲ့ဒီမှာ မည်သည့်အသက်ဓာတ်မှ မကျန်ရှိတော့ဘဲ ဟင်္သပြဒါးငှက်၏ မျက်လုံးများက တင်းကျပ်စွာမှိတ်နေ၏။

မိုးပြာနဂါးနှင့် ဟင်္သပဒါးငှက် နှစ်ဦးစလုံးက တိတ်ဆိတ်ငြိမ်သက်သွားပြီဖြစ်၏။

ဆူဇီမိုသည် လောလောဆယ်မှာ သူ၏ စွမ်းအားကြီးမားသော ဝှက်ဖဲကို ဆုံးရှုံးလိုက်ရပြီဖြစ်သော်လည်း အနည်းဆုံးတော့ သူကမိန်ကျိကို သတ်ဖြတ်နိုင်ခဲ့ပြီး နောက်ပိုင်းတက်လာမည့် ပြဿနာများစွာကို ဖြေရှင်းနိုင်ခဲ့၏။

မိန်ကျိ၏ သိုလှောင်အိတ်ကို သိမ်းဆည်းပြီး ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ နှင်းလေတောင်ကြောရိုးထံသို့ အပြေးအလွှားသွားလိုက်၏။

All Chapters