အင်မော်တယ် ဝင်္ကပါကို ဖြိုခွဲခြင်း
Vol. 127 Ch. 1900
နှင်းလေတောင်ကြောရိုး၏ အပြင်ဘက်တွင်…
နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သိမ်းငှက်ဂိုဏ်း၏ သန်မာသော စစ်သည်တစ်သိန်းက အင်မော်တယ် ဝင်္ကပါကို ခုနှစ်ရက်ကြာအောင် နေ့နေ့ညည တိုက်ခိုက်နေ၏။
အစကတော့ အင်မော်တယ် ဝင်္ကပါက ဖျက်ဆီး၍ မရနိုင်ပေ။ သို့သော်လည်း စစ်သည်တစ်သိန်း၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်မှာ ဝင်္ကပါမျက်လုံးထဲရှိ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများ၏ စွမ်းအင်က အလျင်အမြန် ကုန်ခန်းလာခဲ့၏။
အင်မော်တယ် ဝင်္ကပါကနေ ဖြာထုတ်ပေးနေသည့် အလင်းရောင်ကလည်း ယခင်ကထက် သိသိသာသာ မှေးမှိန်သွားခဲ့ပြီဖြစ်၏။
အလုံးအရင်းနှင့် တစ်ချက်ဝင်ဆောင့်တိုင်း အင်မော်တယ် ဝင်္ကပါက တုန်ခါသွားတတ်၏။
ခုနှစ်ရက်ကြာ ပြန်လည်အားဖြည့်ပြီးနောက် ယွဲ့ဟောက်၏ ဝမ်းဗိုက်ရှိ ဒဏ်ရာက သက်သာလာခဲ့ပြီဖြစ်ပြီး သွေးထွက်ခြင်း မရှိတော့ပေ။
သူက မတိုက်ခိုက်နိုင်သေးသော်လည်း အနည်းဆုံးတော့ လှုပ်ရှားသွားလာနိုင်ပြီဖြစ်၏။
ယွဲ့ဟောက်နှင့် ရှချင်းယင်က သုန်မှုန်နေသော အမူအရာများနှင့်အတူ နှင်းလေတောင်ကြောရိုး အပြင်ဘက်ရှိ ဓားပြတပ်ဖွဲ့ကို ကြည့်လိုက်၏။
ဝင်္ကပါမျက်လုံးထဲရှိ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများ ကုန်ခန်းသွားသည်နှင့် အင်မော်တယ် ဝင်္ကပါက ဖျက်ဆီးခံရကာ နှင်းလေတောင်ကြောရိုးကလည်း ချေမှုန်းခံရတော့မည်ဖြစ်ကြောင်း သူတို့က ကောင်းကောင်းသိထား၏။
နှင်းလေတောင်ကြောရိုးမှာ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများ အပိုမရှိပေ။
ရှိမည်ဆိုလျှင်တောင် သူတို့နှစ်ယောက်က အဲဒါကို ဘယ်လိုအစားထိုးရမလဲ မသိပေ။
အင်မော်တယ် ဝင်္ကပါက သိပ်ကြာကြာ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ရှချင်းယင်က ယွဲ့ဟောက်၏ လက်ကို ဆုပ်ကိုင်ထား၏။
သူတို့နှစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ပြီး မည်သည့် စကားမှ ပြောစရာမလိုဘဲ တစ်ယောက်စိတ်ကို တစ်ယောက်နားလည်လိုက်၏။
သူတို့က သေရမည်ဆိုလျှင်တောင် အတူတကွ သေဆုံးချင်ကြ၏။
“အစ်ကိုကြီး.. ထိပ်သီးဂိုဏ်းကြီးတွေ အားလုံးနီးပါးက ဒီကိုရောက်လာကြတယ်.. ဒါပေမဲ့ သူတို့ထဲ ဘယ်သူကမှ နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ သိမ်းငှက်ဂိုဏ်းကို ထွက်ပြီး မတိုက်ခိုက်ရဲကြဘူး”
ရှန်ဖေးက သက်ပြင်းချလိုက်၏။
ပြီးခဲ့သည့် ခုနှစ်ရက်အတွင်း ကောင်းကင်ဘုံကင်းမြီးကောက်ဂိုဏ်းနှင့် မိုးကြိုးတုန်ခါလှိုင်းခန်းမကဲ့သို့ နဂါးအသူရာချောက်နက်ကြယ်ပေါ်မှ အဖွဲ့အစည်းကြီးများက နှင်းလေတောင်ကြောရိုးသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာခဲ့ကြ၏။
ဒါ့အပြင် ရောက်ရှိလာသော ထိုသူများက အဖွဲ့အစည်းကြီးများ၏ ခေါင်းဆောင်များ ဖြစ်လေသည်။
သို့သော်လည်း ကောင်းကင်ဘုံကင်းမြီးကောက်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်စေ.. မိုးကြိုးတုန်ခါလှိုင်းခန်းမ၏ ခန်းမသခင်ဖြစ်စေ.. အခြားသော အဖွဲ့အစည်းများမှ ခေါင်းဆောင်များဖြစ်စေ.. မည်သူကမှ လူများစွာကို ခေါ်ဆောင်လာခြင်း မရှိပေ။
သူတို့ ခေါ်ဆောင်လာသည့် လူများက ရာဂဏန်းနှင့် ထောင်ဂဏန်းကြားမှာသာ ရှိနေ၏။
အဲဒါက သူတို့၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးနေခြင်း ဖြစ်ပေသည်။
ဂိုဏ်းချုပ်များနှင့် ခန်းမသခင်များသည် နှင်းလေတောင်ကြောရိုးကို ကူညီပေးဖို့ လုံးဝ စိတ်ကူးမရှိပေ။ သူတို့က ပြပွဲကို စောင့်ကြည့်ဖို့အတွက်သာ ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်၏။
လူအချို့သည် သူတို့ ချေမှုန်းဖျက်ဆီးခံရသည့်အခါ အခြေအနေအပေါ် အမြတ်ထုတ်ဖို့ပင် တွေးကောင်း တွေးနေကြပေလိမ့်မည်။
ယွဲ့ဟောက်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“သူတို့က မတိုက်ခိုက်ရဲလို့ မဟုတ်ဘူး.. သူတို့က မတိုက်ခိုက်ချင်လို့ပဲ… အဖွဲ့အစည်းကြီးတွေရဲ့ ခွန်အားနှင့် အခြေခံအုတ်မြစ်အရဆို သူတို့ အတူပူးပေါင်းလိုက်ရင် နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ သိမ်းငှက်ဂိုဏ်းက သူတို့ကို ခုခံနိုင်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ သူတို့မှာ သူတို့ အကြံအစည်နဲ့ သူတို့ ရှိနေကြတယ်.. သူတို့က မဟာဓားပြ အဖွဲ့နှစ်ဖွဲ့နဲ့ တိုက်ခိုက်လိုက်မယ်ဆိုရင် သူတို့ရဲ့ ခွန်အား လျော့နည်းသွားမှာကို စိုးရိမ်နေကြတာ.. အဲဒါကြောင့် ဘယ်သူကမှ ရှေ့ကို ထွက်လာချင်ကြမှာ မဟုတ်ဘူး”
ဖျောက်.. ဖျောက်.. ဖျောက်…
ရုတ်တရက် နှင်းလေတောင်ကြောရိုး ပတ်လည်ရှိ အကာအရံအလွှာကနေ တဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာ၏။ ၎င်းပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး လျင်မြန်စွာ ဖြန့်ကြက်သွားလေသည်။ အင်မော်တယ် ဝင်္ကပါက ပြိုကျပျက်စီးတော့မည်ဖြစ်၏။
“အသေအကြေတိုက်ခိုက်ဖို့ ပြင်ထားကြတော့”
ယွဲ့ဟောက်က အံကို တင်းတင်းကြိတ်ပြီး အမိန့်ပေးလိုက်၏။
ဘုန်း.. ဘုန်း.. ဘုန်း… ဘုန်း..
ထိုစဉ်မှာပင် မလှမ်းမကမ်း မြေပြင်ကနေ ဖုန်လုံးများက တထောင်းထောင်းထလာပြီး ပြင်းထန်စွာ တုန်ခါနေသော အသံများ ထွက်ပေါ်လာ၏။
စစ်တပ်တစ်တပ်က ချီတက်လာနေခြင်းဖြစ်၏။
“ဟမ်”
လေမီးတောက်၊ စန်းယာနှင့် အဖွဲ့အစည်းကြီးများ၏ ခေါင်းဆောင်များက လှည့်ကြည့်လိုက်ကြ၏။
နှင်းလေတောင်ကြောရိုးမှ လူများကလည်း လူအုပ်ကြားထဲကနေတစ်ဆင့် အတတ်နိုင်ဆုံး ကြိုးစား၍ ကြည့်လိုက်ကြ၏။
“အဲဒါ အမြွှာနဂါးဂိုဏ်းပဲ”
လူအုပ်ကြီးက အံ့အားတသင့် ရေရွတ်လိုက်၏။
“ကြည့်ရတာတော့ အဲဒီမှာ စစ်သည်လေးသောင်းလောက် ရှိတယ်”
ရှန်ဖေးက စိတ်အားတက်ကြွလာပြီး မေးလိုက်၏။
“အမြွှာနဂါးဂိုဏ်းက ငါတို့ကို ကူညီဖို့ ဒီကို ရောက်လာတာများလား”
“စောင့်ကြည့်ရသေးတာပေါ့”
ကူဝမ်ကျွင်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်စေရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။
“ခိုယုံ၊ ရှုကျစ်အန်.. မင်းတို့နှစ်ယောက်က ဒီနေရာကို ဘာလို့ လူတွေအများကြီး ခေါ်လာတာလဲ”
ကောင်းကင်ဘုံကင်းမြီးကောက်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က မျက်ခုံး အနည်းငယ်ပင့်ပြီး ကျယ်လောင်စွာ မေးလိုက်၏။
“မဟာဓားပြ အဖွဲ့နှစ်ဖွဲ့ကို တစ်စုတစ်စည်းတည်း တွေ့မြင်ရဖို့ဆိုတာ တကယ့်ကို ရှားရှားပါးပါးပဲ.. အဲ့လိုဆိုမှတော့ ငါတို့က ငါတို့ စိတ်ကျေနပ်အားရတဲ့အထိ သတ်ဖြတ်ရမှာပေါ့”
အမြွှာနဂါးဂိုဏ်း၏ ရှေ့တွင် ဗလတောင့်တောင့် အမျိုးသားတစ်ယောက်က ကြမ်းကြုတ်ခက်ထန်စွာဖြင့် အော်ပြောလိုက်၏။
သူက အမြွှာနဂါးညီနောင်ထဲမှ တစ်ယောက်ဖြစ်သော ခိုယုံဖြစ်သည်။
မဟူရာယင်တောင်၏ တောင်တန်းအရှင် တင်းယဲ့က ထူးဆန်းသော ပုံစံဖြင့် ပြောလိုက်၏။
“မင်းတို့နှစ်ယောက် ဒုက္ခမရောက်ရအောင် ဒီအရှုပ်တော်ပုံမှာ ဝင်မပါဖို့ ငါ မင်းတို့ကို အကြံပေးလိုက်မယ်”
ခိုယုံ၏ နောက်ကနေ လိုက်မီလာခဲ့သော ရှုကျစ်အန်က မှင်သေသေ အမူအရာဖြင့် မေးလိုက်၏။
“မဟူရာယင်တောင်က ဘယ်အချိန်ကတည်းက ဓားပြတွေဘက်ကို ရောက်သွားတာလဲ”
တင်းယဲ့က သုန်မှုန်နေသော အမူအရာဖြင့် အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
ရုတ်တရက် လေမီးတောက်က ကျယ်လောင်စွာ ကြေညာလိုက်၏။
“ဒီနေ့က နတ်ဆိုးဝံပုလွေတပ်ဖွဲ့၊ သိမ်းငှက်ဂိုဏ်းနဲ့ နှင်းလေတောင်ကြောရိုးကြားက ရန်ငြိုးရန်စပဲ.. တာအိုရောင်းရင်း ညီအစ်ကိုတို့.. ကျေးဇူးပြုပြီး ကျုပ်ကို မျက်နှာသာပေးပါ.. နောက်ပြီးကျရင် ကျုပ်က ခင်ဗျားတို့ကို သေချာပေါက် ကောင်းကောင်းပြန်ပေးဆပ်ပါမယ်”
“ဟားဟားဟားဟား”
ခိုယုံက ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ လက်ကို လက်ပြန်လှမ်းပုတ်လိုက်၏။ သူ၏ ကျောပေါ်မှ ဆေဘာက ခုန်ထွက်လာပြီး တဇီဇီ မြည်သံနှင့်အတူ ဆေဘာချီက ဖြန့်ကြက်လာခဲ့၏။
“ဓားပြခေါင်းဆောင်တစ်ယောက်က ငါ့ကို ညီအစ်ကိုလို့ ဘယ်လိုတောင် ခေါ်ရဲတာလဲ”
ခိုယုံက ဟိန်းဟောက်လိုက်ပြီး သူ၏ ဆေဘာနှင့်အတူ လေထဲသို့ ခုန်တက်လိုက်၏။ သူက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ကျိန်းစပ်နေသော ဆေဘာအလင်းတစ်ခုနှင့်အတူ နတ်ဆိုးဝံပုလွေတပ်သားများကြားသို့ ခုတ်ပိုင်းချလိုက်၏။
လူတိုင်းက ရင်တစ်ချက်ထိတ်သွား၏။
အမြွှာနဂါးညီနောင်ထဲမှ တစ်ယောက်ဖြစ်သော ခိုယုံသည် မဟာဓားပြ အဖွဲ့နှစ်ဖွဲ့ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ဖို့အထိ ရဲတင်းနေလိမ့်မယ်လို့ မည်သူကမှ ထင်မှတ်မထားပေ။
“သတ်..”
ရှုကျစ်အန်က သူ၏ လက်ကို ဝှေ့ယမ်းပြီး ရှေ့သို့ စေညွှန်လိုက်၏။
အမြွှာနဂါးဂိုဏ်း၏ သန်မာသော စစ်သည်လေးသောင်း စစ်တပ်က ရှေ့သို့ ချီတက်လာပြီး မဟာဓားပြ အဖွဲ့နှစ်ဖွဲ့မှ စစ်သည်တစ်သိန်း စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်၏။
ထိပ်တိုက်ရင်ဆိုင်မိသည့် အချိန်မှာပင် အဆုံးမဲ့ သွေးမြစ်တစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
ဘုန်း.. ဘုန်း..
တစ်ချိန်တည်းမှာပင် နှင်းလေတောင်ကြောရိုး၏ အပြင်ဘက်ပတ်လည်ရှိ အင်မော်တယ် ဝင်္ကပါက အဲဒါကို ခံနိုင်ရည် မရှိတော့ဘဲ လုံးဝ ကြေမွသွား၏။
နှင်းလေတောင်ကြောရိုးမှ လူတိုင်းက မဟာဓားပြ အဖွဲ့နှစ်ဖွဲ့၏ ရှေ့မှာ ပေါ်ထွက်လာခဲ့ပြီဖြစ်၏။
“အမြွှာနဂါးညီနောင်ရဲ့ နည်းလမ်းတွေကို ငါကြားဖူးထားတာ ကြာပြီ.. ဒီနေ့ အခုလို ကြုံတွေ့ရတာ ရှားရှားပါးပါးဆိုတော့ အဲဒါက မင်းတို့တွေဆီက တစ်ခုခု သင်ယူရမယ့် အခွင့်ကောင်းပဲ”
ထိုစဉ်မှာပင် မဟူရာယင်တောင်၏ တင်းယဲ့က ရုတ်တရက် ရှေ့သို့ ထွက်လာခဲ့ပြီး သူ၏ ညာလက်ရုံးနှင့် ပူးပေါင်းကာ ခိုယုံနှင့် ရှုကျစ်အန်ထံသို့ ပြေးဝင်သွား၏။
“မဟူရာယင်တောင်ကလည်း တိုက်ခိုက်လာပြီပေါ့လေ”
မိုးကြိုးတုန်ခါလှိုင်းခန်းမ၏ ခန်းမသခင်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
ကောင်းကင်ဘုံကင်းမြီးကောက် ဂိုဏ်းခေါင်းဆောင်က လှောင်ရယ်လိုက်၏။
“မဟူရာယင်တောင်ရဲ့ တည်နေရာက အမြွှာနဂါးဂိုဏ်းနဲ့ အရမ်းကို နီးကပ်တယ်.. သူတို့က အမြွှာနဂါးညီနောင်ကို ဒီနေရာမှာ သတ်ဖြတ်နိုင်မယ်ဆိုရင် မဟူရာယင်တောင်က မဟာဓားပြအဖွဲ့နှစ်ဖွဲ့ရဲ့ စွမ်းအားကို ငှားရမ်းအသုံးချပြီး အမြွှာနဂါးဂိုဏ်းကို ဝါးမျိုနိုင်ပြီပေါ့”
“ကြည့်ရတာတော့ ဒီနေ့က နှင်းလေတောင်ကြောရိုးတင်မကဘူး.. အမြွှာနဂါးဂိုဏ်းကပါ ဖျက်ဆီးခြေမှုန်းခံရမယ့်ပုံပဲ”
မဟူရာအလင်းဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်၏။
တင်းယဲ့နှင့် သူ၏ ညာလက်ရုံးက အမြွှာနဂါးညီနောင်ကို တားဆီးပေးထားပြီး… လေမီးတောက်၊ နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ဒုတိယခေါင်းဆောင်နှင့် သိမ်းငှက်ဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်တို့က အခွင့်အလမ်းကို ချိန်ဆကာ နှင်းလေတောင်ကြောရိုးရှိရာဘက်သို့ ပြေးဝင်သွား၏။
ထိုသူများက အဆင့်ရှစ် မဟူရာအင်မော်တယ် လေးယောက်ဖြစ်၏။
နှင်းလေတောင်ကြောရိုးမှာတော့ အဆင့်ခုနှစ် မဟူရာအမြုတေနယ်ပယ်မှာ ရှိသော ယွဲ့ဟောက်နှင့် ငွေဘီလူးက လွဲလျှင် ကျန်သူများက အဆင့်ခုနှစ် မဟူရာနယ်ပယ်၏ အောက်မှာသာ ရှိကြ၏။
ယွဲ့ဟောက်နှင့် ငွေဘီလူးက ဒဏ်ရာ အပြင်းအထန်ရရှိထားပြီး ကောင်းကောင်း တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
အဆင့်ရှစ် မဟူရာအင်မော်တယ် လေးယောက်က တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်လာပြီး တစ်ခဏချင်းမှာပင် နှင်းလေတောင်ကြောရိုး၏ တပ်သားများက သေကြေပျက်စီးထိခိုက်မှု များစွာနှင့်အတူ ဖရိုဖရဲဖြစ်ကုန်ကြ၏။
လေမီးတောက်နှင့် အခြားသုံးယောက်၏ တိုက်ခိုက်မှုများကို မည်သူကမှ မတားဆီးနိုင်ကြပေ။
စိုင်းအာက ရာနှင့်ချီသော သိမ်းငှက်စစ်တပ်တစ်တပ်ကို ဦးဆောင်ကာ လေထဲကနေ အဆက်မပြတ် တိုက်ခိုက်နေ၏။ သူက နှင်းလေတောင်ကြောရိုးနှင့် အမြွှာနဂါးဂိုဏ်းအပေါ် ပြင်းထန်သော ပျက်စီးထိခိုက်မှုများကို ဖြစ်စေ၏။
အမြွှာနဂါးညီနောင်က အဆင့်ရှစ် မဟူရာအင်မော်တယ်များ ဖြစ်ကြသော်လည်း သူတို့သည် လေထဲမှာ အမြင့်ပေ ၉၀ထက် ပို၍ မပျံသန်းနိုင်ကြပေ။
သို့သော်လည်း သိမ်းငှက်များက လေထဲတွင် အမြင့်ပေ အတော်များများအထိ ပျံသန်းနိုင်ကြ၏။
သိမ်းငှက်တစ်ကောင်ကို ဖမ်းဆီး၍ ယဉ်ပါးအောင် ပြုလုပ်ဖို့က အင်မတန် ခက်ခဲသည်။
သိမ်းငှက်စစ်တပ်တွင် လူများစွာ မပါဝင်သော်လည်း သူတို့ ရာဂဏန်းတချို့က လေထဲမှာ ပြိုင်ဘက်ကင်းနေပြီဖြစ်၏။
မဟူရာအမြုတေနယ်ပယ်မှာ မည်သူကမှ သူတို့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။
“ဟားဟားဟားဟား”
လေမီးတောက်က ယွဲ့ဟောက်နှင့် အခြားသူများကို ကြည့်ပြီး ပြောင်ပြောင်တင်းတင်း ရယ်မောလိုက်၏။
“မင်းတို့ ရှင်သန်ကျစ်ရစ်သူတွေက သေသွားသင့်တာ ကြာပြီ.. အမြွှာနဂါးဂိုဏ်းကို မပြောနဲ့.. ဒီနေ့ အင်မော်တယ်တွေတောင်မှ မင်းတို့ကို ကယ်တင်ပေးနိုင်မှာ မဟုတ်တော့ဘူး”
“နှင်းလေတောင်ကြောရိုးက ဒီနေ့ ဖယ်ရှားရှင်းလင်းခံရမယ်”
ဝှစ်..
သူ့စကား မဆုံးသေးခင်မှာပင် စူးရှသော လေခွင်းသံက မိုးကုပ်စက်ဝိုင်းတစ်နေရာကနေ ထွက်ပေါ်လာ၏။
“ကောင်းတယ်ကွာ.. ကောင်းတယ်… သိပ်ကောင်းတယ်”
တစ်စုံတစ်ယောက်က စကားပြောလိုက်ခြင်း ဖြစ်၏။
ပထမစကားသံ ထွက်ပေါ်ချိန်မှာ ထိုအသံက မိုးကုပ်စက်ဝိုင်းတစ်နေရာမှာသာ ရှိနေသေး၏။
တတိယမြောက် စကားသံ ထွက်ပေါ်လာသည့် အချိန်မှာ ထိုအသံက တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။
ထိုအလျင်အဟုန်က အရမ်းကို တုန်လှုပ်စရာကောင်းလေသည်။
“ဒီနေ့ ငါ ရှိနေမှတော့ နှင်းလေတောင်ကြောရိုးကို ဘယ်သူက ဖယ်ရှားပစ်နိုင်မှာလဲ”
အစိမ်းရောင်ဝတ် လူတစ်ယောက်က သူ၏ နောက်ကျောရှိ ဧရာမ ရွှေရောင်တောင်ပံများကို တဖျပ်ဖျပ်ခတ်၍ လေထဲမှာ မတ်တတ်ရပ်နေ၏။ သူ၏ အနက်ရောင် ဆံပင်များက ကခုန်နေပြီး သူ၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ တောက်လောင်ပြင်းပြနေ၏။ သူ၏ အော်ရာက သိပ်သည်းပြင်းထန်နေပြီး သူ၏ အသံက မိုးချုန်းသံကဲ့သို့ နတ်ဘုရားစွမ်းအားတစ်ခုနှင့်အတူ ထွက်ပေါ်လာခဲ့၏။