စီးပိုးခြယ်လှယ်စွာ ဖိနှိမ်ခြင်း
Vol. 127 Ch. 1901
ထိုသူ၏ ရောက်ရှိလာမှုက မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်မိသွား၏။
“အဲ့ဒါဆူဇီမိုပဲ”
“ညီကိုဆူ...”
“ဟားဟားဟားဟား... ဆရာဆူ မသေဘူးကွ”
ချက်ချင်းပင် နှင်းလေတောင်ကြောရိုးတစ််ခုလုံးက ဆူညံပွက်လောရိုက်သွား၏။
ယွဲ့ဟောက်နှင့် အခြားသူများက စိတ်အားမာန်တက်ကြွလာ၏။
“အဲ့ဒါဆူဇီမိုလား”
“ဒီကောင်လေးမှာ အဆင့်ကျော်ပြီး သတ်ဖြတ်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ငါကြားထားတယ်... အခု သူပြန်ရောက်လာပြီဆိုတော့... ဒီနေ့တိုက်ပွဲမှာ အပြောင်းအလဲတွေအများကြီး ပေါ်ထွက်လာတော့မှာပဲ”
“ငါတော့အဲ့လိုမထင်ဘူး... အဲ့ဒီကောင်လေးက ဘယ်လောက်ပဲသန်မာသန်မာ သူက လေမီးတောက်နဲ့ တခြားအဆင့်-၈ မဟူရာအင်မော်တယ်သုံးယောက်ကို နိုင်မှာတဲ့လား”
အဖွဲ့အစည်းကြီးများမှ ခေါင်းဆောင်များက ဆူဇီမိုကို ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်ပြီး ဆွေးနွေးပြောဆိုလိုက်ကြ၏။
“ဆူဇီမို... မင်းရောက်လာတာ အချိန်ကိုက်ပဲ”
မဟူရာယင်တောင်၏ တင်းယဲ့က အေးစက်နေသောအကြည့်နှင့်အတူ ကြမ်းကြုတ်ခက်ထန်စွာပြောလိုက်၏။
“ဒီနေ့ငါ့သားအတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်”
“ဆူဇီမို... မင်းက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ခေါင်းဆောင်နှစ်ယောက်ကို သတ်ဖြတ်ပြီးတော့... ငါတို့ရဲ့ညီကို ထောင်ပေါင်းများစွာကိုလည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တယ်... ဒီနေ့ မင်းအသက်နဲ့ပြန်ပေးဆပ်ရမယ်”
လေမီးတောက်ကလည်း အော်ပြောလိုက်၏။
“သွေးကြွေးအတွက် သွေးနဲ့ပြန်ပေးဆပ်”
နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ ကျင့်ကြံသူများက သွေးဆာနေကြပြီဖြစ်ပြီး ကြီးမားသော စွမ်းပကားတစ်ခုနှင့် ဟိန်းဟောက်လိုက်ကြ၏။
“ဂါး...”
ရုတ်တရက် ဆူဇီမိုက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး သူ၏ အောက်ဘက်မှာရှိသောလူအုပ်ကြီးထံသို့ ကျယ်လောင်သောဟိန်းဟောက်သံတစ်သံကို ထုတ်ဖော်လိုက်၏။
အဲ့ဒါသည် နဂါးဖီးနစ်ထက်ပင် ပို၍ကြောက်စရာကောင်းသော မိုးပြာနဂါး၏ ဟိန်းဟောက်သံဖြစ်၏။
ထိုအသံတွင် အသံပိုင်းလျှို့ဝှက်အတတ်၏ အန္တိမစိတ်ဆန္ဒတစ်ခုနှင့် ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားတစ်ခုပါဝင်နေ၏။
ဆူဇီမိုနှင့် အနီးနားမှာရှိသော နတ်ဆိုးဝံပုလွေတပ်ဖွဲ့သားများနှင့် သိမ်းငှက်ဂိုဏ်းသားများက တဆတ်ဆတ်တုန်ယင်သွားကြ၏။
အဆင့်-၄ နှင့် အဆင့်-၅ မဟူရာအင်မော်တယ်အချို့၏ ခန္ဓာကိုယ်များက ထိုဟိန်းဟောက်သံမှာ ကြေမွသွားပြီး သွေးမြူများအဖြစ် ပြောင်းလဲသွား၏။
အဆင့်-၆ မဟူရာအင်မော်တယ်အချို့၏ မျက်နှာများပေါ်တွင် သွေးသံရဲရဲ ဒဏ်ချက်များပေါ်ထွက်လာပြီး သူတို့က ထုံထိုင်းထိုင်းအကြည့်များနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
သူတို့က သေဆုံးသွားကြပြီ။
အဆင့်-၇ မဟူရာအင်မော်တယ်များစွာပင်လျှင် ထိုဟိန်းဟောက်သံကို ခံနိုင်ရည်မရှိဘဲ သူတို့၏ ဒွာရ ၇ ပေါက်ကနေ သွေးများက စီးကျလာ၏။
သူတို့က ပျက်ယွင်းသွားသောအမူအရာများနှင့်အတူ သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို လုံးဝဆုံးရှုံးသွားရပြီဖြစ်၏။
ထိုဟိန်းဟောက်သံနှင့် ရင်ဆိုင်ရချိန်မှာ ကျင့်ကြံသူတစ်သောင်းနီးပါးက နေရာမှာပင် သေဆုံးသွားကြ၏။
လေထဲမှာရှိသော သိမ်းငှက်တပ်သားတချို့ပင်လျှင် နေရာမှာတင် သတ်ဖြတ်ခံလိုက်ရ၏။
တပ်သားတစ်သိန်းစစ်တပ်၏ မြင့်မားသောစိတ်ဓာတ်က ချက်ချင်းပင် ဆူဇီမို၏ ဟိန်းဟောက်သံမှာ ဖိနှိမ်ခံလိုက်ရပြီး စိတ်အားညှိုးငယ်သွားကြ၏။
တကယ်ဆို... တိုက်ပွဲနယ်မြေတစ်ခုလုံးက ယာယီအားဖြင့် တိတ်ဆိတ်ငြိမ်သက်သွား၏။
လူအုပ်ကြီးက လွန်မင်းစွာတုန်လှုပ်နေကြသည်။
“အဲ့ဒါက ဘယ်လိုအသံပိုင်းလျှို့ဝှက်အတတ်မျိုးပါလိမ့်... အဲ့ဒါက ဒီလောက်တောင်ကြောက်စရာကောင်းတဲ့ စွမ်းပကားကို ပိုင်ဆိုင်ထားတာလား”
မိုးကြိုးတုန်ခါလှိုင်းခန်းမ၏ ခန်းမသခင်က တုန်လှုပ်စွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်၏။
မိုးကြိုးတုန်ခါလှိုင်းခန်းမသည် အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုကို ပိုင်ဆိုင်ထားသော်လည်း ၎င်းသည် မိုးပြာနဂါးဟိန်းဟောက်သံနှင့် ယှဥ်လျှင် များစွာနိမ့်ကျနေ၏။
ထိုဟိန်းဟောက်သံနှင့် ရင်ဆိုင်ရချိန်မှာ သူ၏ နှလုံးက အနည်းငယ်တုန်ခါသွားပြီး ဦးညွှတ်ချင်စိတ်ပင်ပေါက်လာ၏။
“အဲ့ဒါက သိပ်တော့အဓိပ္ပါယ်မရှိဘူး”
ကောင်းကင်ဘုံကင်းမြီးကောက်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က မျက်မှောင်ကြုတ်၍ တီးတိုးရေရွတ်လိုက်၏။
“ဆူဇီမိုက အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်ပဲ... သူက ဒီလောက်ထိအဖျက်စွမ်းအားမြင့်မားတဲ့ အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုကို ဘယ်လိုလုပ် ထုတ်ဖော်နိုင်ရတာလဲ”
“သူ..သူက အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက် မဟုတ်လောက်ဘူး”
ထိုစဥ်မှာပင် မဟူရာအလင်းဂိုဏ်း၏ ဂိုဏ်းချုပ်က တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူ၏ အသံက တုန်ယင်နေ၏။
တိုက်ပွဲနယ်မြေတွင်...။
ဆူဇီမိုနှင့် ဝေးကွာသော မဟူရာအင်မော်တယ်များစွာက ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သော်လည်း သူတို့မှာ နာကျင်နေသောအမူအရာများရှိနေ၏။
လေမီးတောက်နှင့် အခြားအဆင့်-၈ မဟူရာအင်မော်တယ်သုံးယောက်ပင်လျှင် ဆတ်ခနဲတုန်ယင်သွားပြီး သူတို့၏ စိတ်များထဲမှာ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ကြရ၏။
သူတို့၏ ခေါင်းများက မူးဝေသွားကြလေသည်။
“ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်သလဲ”
လေမီးတောက်နှင့် အခြားသုံးယောက်က တိတ်တဆိတ် ထိတ်လန့်သွားကြ၏။
သူတို့က ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရပြီး ထိုဟိန်းဟောက်သံက ရုတ်တရက်ထွက်ပေါ်လာမည်ဆို သူတို့စိတ်အာရုံပျက်ယွင်းနေပါက သူတို့သည် နေရာမှာပင်သေချာပေါက် သတ်ဖြတ်ခံရပေလိမ့်မည်။
“မင်းက... ဘာမဟုတ်တဲ့ လူတစ်အုပ်စုနဲ့များ ငါ့ကိုသတ်ဖြတ်ချင်သေးတယ်ပေါ့”
ဆူဇီမိုက တောက်လောင်ပြင်းပြသောအကြည့်နှင့်အတူ လေမီးတောက်ကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။
“သေစမ်း”
သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမို၏ နောက်ဘက်မှ ရွှေရောင်တောင်ပံများက တဖျတ်ဖျတ်ခတ်၍ သူ၏ အလျင်အဟုန်က ဆပွားတိုးလာခဲ့၏။ သူက ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး လေမီးတောက်ရှိရာသို့ ပြေးဝင်သွား၏။
“သူ့ကိုတားကြ”
လေမီးတောက်က ဆူဇီမို၏ အော်ရာမှာ တုန်လှုပ်သွားပြီး အလောတကြီးအော်ပြောလိုက်၏။
“ခန္ဓာငြိမ်သက်ခြင်းနည်းစနစ် “
“လေဆင့်ခေါ်ခြင်း”
“ဝိညာဥ်ဝါးမျိုလက်ဝါး”
အဆင့်-၈ မဟူရာအင်မော်တယ်လေးယောက်ဖြစ်သော လေမီးတောက် ၊ နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ဒုတိယခေါင်းဆောင် ၊ စန်းယာနှင့် သိမ်းငှက်ဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်တို့က အတူတကွပူးပေါင်းတိုက်ခိုက်လိုက်ကြပြီး သာမန်နတ်ဘုရားစွမ်းအားများကို တစ်ခုပြီးတစ်ခုထုတ်ဖော်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် အေးစက်နေသော အလင်းတန်းတချို့က လေထုကိုဆုတ်ဖြဲလာခဲ့၏။
အဆင့်-၈ မဟူရာအင်မော်တယ် လေးယောက်သည် သူတို့၏ ဓမ္မရတနာများကို မည်သည့်ထိန်ချန်မှုမှမရှိဘဲ ပြိုင်တူထုတ်လွှတ်လိုက်၏။
“ဟမ့်...”
ဆူဇီမို၏ အသိစိတ်ထဲမှာ ဖန်တီးခြင်းကြာခုံက အလင်းရောင်ခြည်များဖြင့် တောက်ပလာခဲ့၏။
ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်၏ စွမ်းအားက သူ့ပေါ်သို့ဆင်းသက်လာသည့်ခဏမှာပင် ချေဖျက်ခံလိုက်ရပြီး သူ့ကို လုံးဝသက်ရောက်နိုင်ခြင်း မရှိပေ။
ကျင့်ကြံသူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်က ပိုမိုသန်မာလေလေ တစ်ဘက်လူအပေါ် ခန္ဓာငြိမ်သက်ခြင်းနးည်စနစ်၏ ရိုက်ခတ်မှုက ပို၍ကြီးမားလေလေ ဖြစ်၏။
သို့သော်လည်း ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ် ကျင့်ကြံမှုက အဆင့်-၉ မဟူရာနယ်ပယ်ထိ ရောက်ရှိနေခဲ့ပြီဖြစ်၏။
အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက်၏ ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်က သူ့အပေါ်မှာ လုံးဝသုံးစား၍ မရနိုင်ပေ။
ဆူဇီမိုကတော့... သူသည် ဧရာမရွှေငှက်၏ အဆုံးစွန်အလျင်အဟုန် နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ထား၏။ သူ၏ လှုပ်ရှားမှုက အရမ်းကိုမြန်ဆန်သွားပြီး ကျန်ရှိနေသော သာမန်နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများ၏ ဟန့်တားနှောက်ယှက်မှုကိုပင် ဖြတ်ကျော်သွား၏။
ဘုန်း...
သာမန်နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများက သူတို့၏ ပစ်မှတ်ကို လွဲချော်သွားပြီး ကျယ်လောင်သောမြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွားကြ၏။
ရှေ့ကနေပိတ်ဆို့တားဆီးနေသော နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ဒုတိယခေါင်းဆောင်က တုန်လှုပ်သွား၏။ သူက ပျံသန်းလာသော ရွှေရောင်အလင်းကို ကူကယ်ရာမဲ့စွာကြည့်ပြီး ရှောင်တိမ်းချင်လေသည်။
သို့သော်လည်း ရွှေရောင်အလင်းက သူတွေးထင်ထားသည်ထက် များစွာပိုမိုမြန်ဆန်နေ၏။
ဖောက်...
သူက လှုပ်ရှားဖို့ ဟန်ပြင်လိုက်သည့်ခဏမှာပင် ရွှေရောင်အလင်းက သူ့ကိုထိုးဖောက်သွားခဲ့ပြီဖြစ်၏။
သွေးများက ပန်းထွက်လာခဲ့၏။
“အား...”
နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ဒုတိယခေါင်းဆောင်က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
နောက်ခဏ၌ သူ၏ အော်သံက ယတိပြတ်ရပ်တန့်သွား၏။
ရွှေရောင်အလင်းသည် ဆူဇီမို၏ ခန္ဓာကိုယ်ဖြစ်ပြီး နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ဒုတိယခေါင်းဆောင်ကို ထိုးဖောက်နိုင်သည့် ကြောက်စရာကောင်းသောစွမ်းအားကိုပိုင်ဆိုင်ထား၏။
ထိုစွမ်းအားက သူ့ကိုနေရာမှာပင် သတ်ဖြတ်ပစ်လိုက်၏။
ဘန်း...
နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ ဒုတိယခေါင်းဆောင်၏ ခန္ဓာကိုယ်က နေရာမှာပင် ပေါက်ကွဲထွက်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကပါ ပျက်စီးသွား၏။
ယခု... သူက သေဆုံးသွားပြီဖြစ်ပြီး ပထမခေါင်းဆောင် လေမီးတောက်၏ အလှည့်သို့ ရောက်ရှိလာခဲ့၏။
အခြေအနေမကောင်းတော့သည်ကို အာရုံခံမိသွားပြီး လေမီးတောက်သည် နေရာကနေ ထွက်ပြေးသွားပြီဖြစ်ကာ သူ့နောက်ဘက်မှာရှိသော တပ်သားများကြားသို့ ပြေးဝင်လိုက်၏။
သူက သာမန်နတ်ဘုရားစွမ်းအား ကိုယ်ဖျောက်ခြင်းကို သိရှိထား၏။ သူသည် တပ်သားများကြားထဲ စိမ့်ဝင်ထိုးဖောက်ပြီး သူ၏ ကိုယ်ဖျောက်ခြင်းကို ထုတ်ဖော်နိုင်မည်ဆိုလျှင် သူသည် ဆူဇီမို၏ အာရုံခံအသိစိတ်ကနေ သေချာပေါက်ရှောင်တိမ်းကာ ထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်၏။
လေမီးတောက်၏ စိတ်ကူးကို အာရုံခံမိသွားသည့်အလား ဆူဇီမို၏ ပုံရိပ်က ဖျတ်ခနဲလှုပ်ရှား၍ နေရာကနေပျောက်ကွယ်သွား၏။
သူပြန်ပေါ်လာသည့်အချိန်မှာ သူက လေမီးတောက်၏ နောက်သို့ ရောက်ရှိနေလေပြီ။
အစစ်အမှန်နဂါးလျှပ်စီးကိုးချက်...။
“အဲ့ဒီလျှို့ဝှက်အတတ်က ပြန်ပေါ်လာပြီ”
နဂါးအသူရာချောက်နက်မြို့တော်မှာ ဆူဇီမို၏ တိုက်ခိုက်မှုကို တွေ့မြင်ခဲ့ရသည့် လူတချို့က အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
နဂါးအသူရာချောက်နက်မြို့တော်အောက်မှတိုက်ပွဲတွင် ဆူဇီမို၏စွမ်းအားကြီးမားသော နည်းလမ်းများက နဂါးအသူရာချောက်နက်ကြယ်မှာ ပျံနှံ့နေခဲ့ပြီဖြစ်၏။
သို့သော်လည်း အဖွဲ့အစည်းကြီးများ၏ ခေါင်းဆောင်များက အဲ့ဒါကိုလက်မခံနိုင်ကြပေ။
မဟူရာအင်မော်တယ်တစ်ယောက်က တည်နေရာရွှေ့ပြောင်းခြင်းနှင့်ဆင်တူသော နည်းစနစ်တစ်ခုကို ဘယ်လိုလုပ်ပြီးထုတ်ဖော်နိုင်ပါ့မလဲ။
အဖွဲ့အစည်းကြီးများ၏ ခေါင်းဆောင်များက အဲ့ဒါကိုကိုယ်တိုင်မြင်တွေ့လိုက်ရသည့်အခါမှသာ ထိုလှုပ်ရှားခြင်းနည်းစနစ်က ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ နားလည်သဘောပေါက်သွားကြ၏။
လေမီးတောက်သည် သူ၏ နောက်ဘက်မှ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသွားပြီး ထိတ်လန့်သွား၏။
ဆူဇီမိုသည် တည်နေရာရွှေ့ပြောင်းခြင်းနှင့် ဆင်တူသော လှုပ်ရှားမှုနည်းစနစ်တစ်ခုကို ပိုင်ဆိုင်ထားကြောင်း သူကြားဖူးထားခဲ့၏။
တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပြီး သူကမဆိုင်းမတွ ဆုံးဖြတ်ချက်တစ်ခါချကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်၍ သာမန်နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
သူက မလှမ်းမကမ်းမှာရှိသော အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်ကို ညင်သာစွာလှမ်းကြည့်ပြီး အော်ပြောလိုက်၏။
“တမလွန်ဖလှယ်ခြင်း “
နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ဖြန့်ကြက်သွား၏။
ရုတ်တရက် လေမီးတောက်သည် လေထဲကနေ ပျောက်ကွယ်သွားပြီး သူ၏ နေရာတွင် အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်က ဝင်ရောက်လာ၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် သူတို့နှစ်ယောက်က နေရာချင်းဖလှယ်လိုက်ကြ၏။
ထိုသာမန်နတ်ဘုရားစွမ်းအားတွင် မည်သည့်သတ်ဖြတ်ခြင်းစွမ်းအားမှ မရှိပေ။ သို့သော်လည်း သေရေးရှင်ရေးအခိုက်အတန့်မှာ လေမီးတောက်သည် တမလွန်ဖလှယ်ခြင်းကို ထုတ်ဖော်ခြင်းဖြင့် သေဘေးကနေ ရှောင်လွှဲနိုင်ခဲ့၏။
အဲ့ဒါက ပြီးပြည့်စုံပြီး သူသည် ကပ်ဘေးကနေ ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်၏။
ထို့ကြောင့်ပင်လျှင် လေမီးတောက်သည် နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ပထမခေါင်းဆောင် ဖြစ်လာပြီး နှစ်ပေါင်းများစွာ စိုးမိုးလာနိုင်ခဲ့ခြင်းဖြစ်၏။
သူ၏ သတိနှင့် တုံ့ပြန်မှုက တူညီသော ကျင့်ကြံမှုနယ်ပယ်မှာ မဟူရာအင်မော်တယ်များစွာထက် ကျော်လွန်နေခဲ့ပြီဖြစ်၏။
စောင့်ကြည့်နေကြသော ကျင့်ကြံသူများပင်လျှင် မှင်တက်သွားကြ၏။
ကံဆိုးစွာနှင့်ပင် သူက ဆူဇီမိုနှင့် ရင်ဆိုင်နေရ ခြင်းဖြစ်၏။
လေမီးတောက်က တမလွန်ဖလှယ်ခြင်းကို အသုံးချ၍ နေရာကနေ ထွက်ခွာလိုက်သည့်ခဏမှာပင် ဆူဇီမို၏ အမူအရာကအေးစက်လာပြီး သူ၏ ပုံရိပ်က ဖျတ်ခနဲလှုပ်ရှားသွား၏။
သူသည်အစစ်အမှန်နဂါး လျှပ်စီးကိုးချက်၏ ဒုတိယအဆင့်ကို ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး အဲ့ဒါကို နှစ်ကြိမ်ဆင့်၍ ထုတ်ဖော်နိုင်လေသည်။