မီး၏ စွမ်းပကား
Vol. 127 Ch. 1902
လေမီးတောက်သည် ဤကပ်ဘေးကနေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် တမလွန်ဖလှယ်ခြင်းကို အသုံးပြုခဲ့၏။ သူက သူ၏ ကိုယ်ဖျောက်ခြင်းကို ထုတ်ဖော်ပြီး တပ်သားများကြားထဲ ဝင်ရောက်ပုန်းကွယ်တော့မည့်ဆဲဆဲမှာပင် သူက ရင်တလှပ်လှပ် ခံစားလိုက်ရ၏။
ပို၍ပင် သန်မာအားကောင်းသော အန္တရာယ် အငွေ့အသက်က သူ့ကို လွှမ်းခြုံလာခဲ့သည်။
“မင်း မလွတ်ပါဘူးကွာ”
ဆူဇီမို၏ အသံက သူ၏ နောက်တည့်တည့်ကနေ ထွက်ပေါ်လာ၏။
လေမီးတောက်၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြူးကျယ်သွားပြီး သူ၏ ဦးခေါင်းက ပေါက်ကွဲထွက်တော့မည့်သကဲ့သို့ ခံစားလိုက်ရ၏။ သူက ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားပြီး သူ၏ ခြေလက်များက အေးစက်လာခဲ့သည်။
သူ့မှာ သိပ်သည်းပြင်းထန်သော ခွန်အားရှိသော်လည်း သူက အဲဒါကို လုံးဝ မထုတ်ဖော်နိုင်တော့ပေ။
အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။
သူသည် ယခုတင် တမလွန်ဖလှယ်ခြင်းကို ထုတ်ဖော်ခဲ့၏။ ဆူဇီမိုက သူ့နောက်သို့ ချက်ချင်း ဘယ်လိုလုပ်ပြီး ရောက်ရှိလာရတာလဲ။
ဘန်း..
လေမီးတောက်က အကြောင်းရင်းကို ဆက်လက်၍ တွေးတောဖို့ အခွင့်အရေး မရတော့ဘဲ စူးရှသော နာကျင်မှုတစ်ခုက သူ၏ စိတ်ထဲသို့ တိုးဝင်လာခဲ့၏။
တကယ်ဆို သူသည် ဦးခေါင်းခွံ အက်ကွဲသံကိုပင် ကြားလိုက်ရ၏။
သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုက သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ကြေမွသွားစေ၏။ နောက်ခဏ၌ လေမီးတောက်က သူ၏ အသိစိတ်ကို ဆုံးရှုံးသွားရ၏။
တိုက်ပွဲနယ်မြေမှာ ခဏမျှ ရပ်တန့်သွားကြသည်။
လေမီးတောက်သည် ဖြစ်ပျက်သွားခဲ့သည့် အရာကို နားမလည်ခဲ့သော်လည်း ဘေးကနေ ရပ်ကြည့်နေသူများက အဲဒါကို ရှင်းလင်းစွာ တွေ့မြင်ခဲ့ရ၏။
အားလုံး၏ အကြည့်အောက်မှာ ဆူဇီမို၏ ပုံရိပ်က နှစ်ကြိမ်ဆက်တိုက်ဆင့်၍ တဖျပ်ဖျပ်လှုပ်ရှားသွားပြီး လေမီးတောက်၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်ခြင်းဖြစ်၏။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ပထမခေါင်းဆောင်၊ အဆင့် ၈ အထွတ်အထိပ် မဟူရာအင်မော်တယ်တစ်ယောက်သည် နဂါးအသူရာချောက်နက်ကြယ်မှာ နှစ်ပေါင်းများစွာ စိုးမိုးခြယ်လှယ်ခဲ့ပြီး သွေးလွှမ်းတိုက်ပွဲများစွာကို တွေ့ကြုံခဲ့ရ၏။ တစ်ကြိမ်ချင်းစီမှာ သူက သေဘေးကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး ယခုအချိန်ထိ ရှင်သန်နိုင်ခဲ့၏။
သို့သော်လည်း သူသည် အစစ်အမှန်နဂါး လျှပ်စီးကိုးချက်၏ ကြောက်စရာကောင်းသော လှုပ်ရှားမှု နည်းစနစ်နှင့် ရင်ဆိုင်ရချိန်မှာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်း မရှိတော့ပေ။
လေမီးတောက်ကို မပြောနှင့်.. အထက်ဘုံလောက၏ ဒေသခံများကြားမှာ ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများပင်လျှင် ဆူဇီမို၏ လိုက်လံဖမ်းဆီးမှုကနေ ရှောင်တိမ်းနိုင်ချင်မှ ရှောင်တိမ်းနိုင်ပေလိမ့်မည်။
အသက်ရှူချိန် အနည်းငယ်မျှနှင့် နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ခေါင်းဆောင်နှစ်ယောက်က သေဆုံးသွားကြပြီဖြစ်၏။
သောင်းနှင့်ချီသော နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ ကျင့်ကြံသူများက နေရာမှာပင် မှင်တက်သွားပြီး အချိန်မီ မတုံ့ပြန်နိုင်ကြပေ။
အဆင့် ၈ မဟူရာအမြုတေနယ်ပယ်မှာ ရှိသော သူတို့၏ ခေါင်းဆောင်နှစ်ယောက်က ဤကဲ့သို့ပင် သေဆုံးသွားပြီလား။
“ဟားဟား”
ခိုယုံက တင်းယဲ့နှင့် တိုက်ခိုက်နေရင်း ရယ်မောလိုက်၏။
“ကောင်းလိုက်တဲ့ သတ်ဖြတ်ကွက်ကွာ”
စန်းယာ၏ အမူအရာက သုန်မှုန်သွားပြီး ရုတ်တရက် အော်ပြောလိုက်၏။
“အားလုံးပဲ သတိထားကြ.. အဲဒီလူက အဆင့် ၆ မဟူရာအင်မော်တယ် မဟုတ်ဘူး.. သူက အဆင့် ၇ မဟူရာအင်မော်တယ်ပဲ”
“ဘာဖြစ်တယ်”
“အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ.. သူက လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကတင် အဆင့် ၆ မဟူရာအမြုတေနယ်ပယ်မှာပဲ ရှိသေးတယ်”
“အဲဒီလူက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ကိုယ်ကာယကို ပိုင်ဆိုင်ထားတာလဲ… သူ့ရဲ့ ကျင့်ကြံမှု အမြန်နှုန်းက အဲ့လောက်ထိ ကြောက်စရာကောင်းနေရအောင် သူက ဘယ်လို ကျင့်ကြံရေး နည်းစနစ်တွေကို ကျင့်ကြံထားတာပါလိမ့်”
ကျင့်ကြံသူများက အံ့ဩထိတ်လန့်သွားကြ၏။
ဆူဇီမိုနှင့် နှင်းလေတောင်ကြောရိုးမှာ ပထမဆုံး တွေ့ဆုံခဲ့ကြသည့် သွမ့်ထျန်လန်၊ ရှချင်းယင်နှင့် အခြားသူများကတော့ ပို၍ပင် တုန်လှုပ်သွားကြ၏။
ဆူဇီမိုသည် နဂါးအသူရာချောက်နက်ကြယ်သို့ ပထမဆုံး ဆင်းသက်လာစဉ်က သူသည် အဆင့် ၄ မဟူရာအင်မော်တယ်တစ်ယောက်သာ ဖြစ်၏။
ယခု နှစ်တစ်ရာကျော်ကျော်မှာပင် ဆူဇီမိုသည် အဆင့် ၇ မဟူရာအင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့လေပြီ။
ဤကျင့်ကြံမှု အမြန်နှုန်းသည် မရေမတွက်နိုင်သော ကျင့်ကြံရေး ရင်းမြစ်များနှင့် ကျင့်ကြံရေး နည်းစနစ်များကို ပိုင်ဆိုင်ထားသည့် စွမ်းအားကြီးမားသော ဂိုဏ်းကြီးများ၏ ထိပ်သီးပညာရှင်များနှင့် အရိုက်အရာဆက်ခံသူ အချို့ပင်လျှင် မယှဉ်နိုင်သော တစ်စုံတစ်ရာ ဖြစ်၏။
“ဒီကောင်လေးက အင်မော်တယ်တစ်ပါး ပြန်ဝင်စားလာတာများလား”
အထက်ဘုံလောကမှာ လူတစ်ယောက်၏ ကျင့်ကြံမှုက သတ်မှတ်ထားသော နယ်ပယ်တစ်ခုအထိ ရောက်ရှိလာပါက သူတို့သည် သူတို့၏ ဝိညာဉ်အမျှင်တစ်စကို ပျက်ပြယ်သွားစေခြင်း မရှိဘဲ ပြန်ဝင်စားခြင်း လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည်နှင့် သူတို့က ပြန်လည်မွေးဖွားလာနိုင်သည်ဟူသော ဒဏ္ဍာရီများ ရှိလေသည်။
အင်မော်တယ်များက ပြန်လည်မွေးဖွားလာပြီး သတ်မှတ်ထားသော ကျင့်ကြံမှု နယ်ပယ်တစ်ခုအထိ ရောက်ရှိလာသောအခါ သူတို့သည် သူတို့၏ ယခင်ဘဝ မှတ်ဉာဏ်များကို ပြန်လည်ရယူနိုင်မည်ဖြစ်၏။
“ပြန်ဝင်စားလာတဲ့ အင်မော်တယ်တစ်ပါးတောင်မှ အဲ့လောက်ထိ မြန်မြန်ဆန်ဆန် ကျင့်ကြံလာနိုင်မှာ မဟုတ်လောက်ဘူး”
ကင်းမြီးကောက်ဂိုဏ်း၊ မိုးကြိုးတုန်ခါလှိုင်းခန်းမနှင့် အခြားသော အဖွဲ့အစည်းများမှ ခေါင်းဆောင်များက တုန်လှုပ်သွားကြ၏။
“သိမ်းငှက်ဂိုဏ်းသားတွေ.. ငါ့အမိန့်ကို နာခံကြ”
စန်းယာက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“လေထဲကို တတ်နိုင်သမျှ ပျံတက်ပြီး အဲဒီကောင်လေးနဲ့ အကွာအဝေးတစ်ခု ခြားပြီးမှ တိုက်ခိုက်ကြ”
အဲဒါက သူ၏ အကြီးမားဆုံး မှီခိုအားထားရာ ဖြစ်၏။
ရာနှင့်ချီသော သိမ်းငှက်ဂိုဏ်းသား ကျင့်ကြံသူများက လေထဲသို့ ပျံတက်လိုက်ကြပြီး အပေါ်စီးကနေ ငုံ့ကြည့်လိုက်ကြ၏။ သူတို့က ပြိုင်ဘက်ကင်းလုနီးပါးဖြစ်ပြီး မည်သူကမှ သူတို့ကို မခြိမ်းခြောက်နိုင်ပေ။
ရာနှင့်ချီသော သိမ်းငှက်ဂိုဏ်းသား ကျင့်ကြံသူများက မဆင်မခြင် ပြုမူရဲခြင်း မရှိဘဲ လေထဲသို့ အလောတကြီး ပျံတက်လိုက်ကြ၏။
ဆူဇီမိုက မော့ကြည့်၍ လှောင်ရယ်လိုက်၏။
“စန်းယာ.. ငါ့နောက်က ရွှေရောင်တောင်ပံတစ်စုံက အလှပြဖို့ ရှိနေတာလို့ မင်းထင်လို့လား”
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် ဆူဇီမိုက သူ၏ ရွှေရောင်တောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်၏။
ဝှစ်..
ရွှေရောင်အလင်းတစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး တစ်ခဏချင်းမှာပင် ဆူဇီမိုသည် မြေပြင်ထက်ကနေ ပေပေါင်းများစွာ ဝေးကွာကာ ရာနှင့်ချီသော သိမ်းငှက်များ၏ အထက်သို့ပင် ရောက်ရှိသွား၏။
အဲဒါက ဧရာမ ရွှေငှက်၏ တောင်ပံများ ဖြစ်၏။
ငှက်များကြားမှာ ဧရာမ ရွှေငှက်သည် ဘုရင်တစ်ပါး ဖြစ်လေသည်။
“နောက်ဆုတ်ကြ.. နောက်ကိုဆုတ်ကြ”
စန်းယာ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး အော်ပြောလိုက်၏။
ဆူဇီမိုသည် ကောင်းကင်ထက်ကနေ သိမ်းငှက်ဂိုဏ်းသား ကျင့်ကြံသူများထံသို့ ထိုးဆင်းလာခဲ့၏။
သူက ရပ်တန့်၍ မရနိုင်လုနီးပါးပင်။
အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခုက စတင်လာခဲ့ပြီဖြစ်၏။
“ပြေးကြ”
သိမ်းငှက်ဂိုဏ်းသား ကျင့်ကြံသူများစွာက အော်ဟစ်၍ အဘက်ဘက်သို့ လှည့်ထွက်ပြေးလိုက်ကြ၏။
သို့သော်လည်း သိမ်းငှက်များက ဘယ်လောက်ပင် မြန်ဆန်သည်ဖြစ်စေ.. သူတို့သည် ဧရာမ ရွှေငှက်၏ အလျင်အဟုန်ကို မယှဉ်နိုင်ပေ။ သိပ်မကြာခင် ဆူဇီမိုက သူတို့ကို လိုက်မီလာပြီး သူတို့ကို နေရာမှာပင် သတ်ဖြတ်ပစ်ပေလိမ့်မည်။
“တောင်ပိုင်းမင်းလီမီး”
ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး လက်ဟန်ချိပ်စည်းများကို လှုပ်ရှားလိုက်၏။ ရုတ်တရက် ပကတိ အဖြူရောင် မီးတောက်နှစ်ခုက သူ၏ လက်ဖဝါးကြားမှာ ပေါ်ထွက်လာ၏။ သူတို့က နတ်ဆိုးဆန်နေပြီး ကြောက်စရာကောင်းသော လေစီးကြောင်းများကို ဖြာထုတ်ပေးနေ၏။
ဤတစ်ခေါက်မှာတော့ သူသည် တောင်ပိုင်းမင်းလီမီးကို တာအိုမီးသုံးခုနှင့် ပေါင်းစည်းခြင်း မပြုပေ။
ဘာပဲပြောပြော တောင်ပိုင်းမင်းလီမီးသည် စတုရန်းကြေးမီးဖိုပေါ်တွင် မှတ်တမ်းတင်ထားသော လျှို့ဝှက်အတတ်တစ်ခုဖြစ်ပြီး သူက ၎င်း၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်နေ၏။
“လောင်ကျွမ်းလိုက်”
ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး မီးတောက်လုံးနှစ်လုံးက ပျံသန်းထွက်ပေါ်လာ၏။ သူတို့က လေထဲမှာ ပြန့်ကျဲသွားပြီး ဧရာမ မီးတောက်တံတိုင်းတစ်ခုကို ဖြစ်ပေါ်စေကာ ရာနှင့်ချီသော သိမ်းငှက်ဂိုဏ်းသား ကျင့်ကြံသူများကို ပိတ်ဆို့လိုက်၏။
သိမ်းငှက်ဂိုဏ်းသား ကျင့်ကြံသူများစွာသည် သူတို့၏ နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များနှင့် ဓမ္မရတနာများကို ထုတ်ဖော်ပြီး အဆောင်များကို ချိုးချေလိုက်ကြ၏။ သူတို့က သူတို့မှာ ရှိသမျှ ဝှက်ဖဲများ အားလုံးကို ထုတ်ဖော်ပြီး မီးတံတိုင်း၏ ပိတ်ဆို့တားဆီးမှုကနေ ဖြတ်ကျော်ချင်ကြ၏။
ဖောက်.. ဖောက်.. ဖောက်…
ကံဆိုးစွာနှင့်.. နတ်ဘုရားစွမ်းအားများဖြစ်စေ.. ဓမ္မရတနာများဖြစ်စေ.. သူတို့သည် တောင်ပိုင်းမင်းလီမီးနှင့် ထိတွေ့ပြီးနောက် လောင်ကျွမ်းပြာကျသွား၏။
သိမ်းငှက်တချို့က မီးတံတိုင်းနှင့် ထိတွေ့ရိုက်ခတ်သွားပြီး သိပ်မကြာခင် ပြာကျသွားလေသည်။
မီးပွားတစ်ခုချင်းစီက သိမ်းငှက်ဂိုဏ်းသား ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များပေါ်တွင် ဒေါသတကြီး လောင်ကျွမ်းနေသော မီးတောက်များကို ဖြစ်ပေါ်လာစေပြီး နောက်ဆုံးမှာ သူတို့ကို လွှမ်းခြုံသွားခဲ့၏။
အဲဒါသည် သိမ်းငှက်ဂိုဏ်းသား ကျင့်ကြံသူများကို ပိတ်လှောင်ထားသည့် မီးတောက်လှောင်အိမ်တစ်ခုကဲ့သို့ ဖြစ်လာပြီး မည်သူကမှ မလွတ်မြောက်နိုင်ကြပေ။
သိမ်းငှက်ဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်၊ အဆင့် ၈ မဟူရာအင်မော်တယ်တစ်ယောက်ပင်လျှင် တောင်ပိုင်းမင်းလီမီး၏ အပူလှိုင်းကို ခံနိုင်ရည်မရှိဘဲ လေထဲကနေ ပြုတ်ကျလာခဲ့၏။ သူက မြေပြင်ပေါ်သို့ မရောက်ခင်မှာပင် လောင်ကျွမ်းပြာကျသွားခဲ့ပြီဖြစ်၏။
“ဆူဇီမိုက မီးတာအို နည်းစနစ်တွေမှာ အထူးကျွမ်းကျင်ပိုင်နိုင်တယ်လို့ ငါကြားဖူးထားတာ ကြာပြီ… ဒါပေမဲ့ အဲဒီမီးတောက်က အဲ့လောက်ထိတောင် ကြောက်စရာကောင်းရတာလား”
“အဲဒီမီးတောက်တွေရဲ့ စွမ်းအားက သူ့ရဲ့ အကန့်အသတ် မဟုတ်လောက်သေးဘူး.. နဂါးအသူရာချောက်နက်မြို့တော်အောက်မှာတုန်းက ဆူဇီမိုက အရောင်မတူတဲ့ မီးတောက်သုံးခုကို ပေါင်းစည်းနိုင်တဲ့ လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ခဲ့တယ်.. အဲဒီအခါကျရင် သူ့ရဲ့ စွမ်းအားက အဆပေါင်းများစွာ တိုးလာလိမ့်မယ်”
“မီးတောက်တစ်ခုတည်းကတောင် ဒီလောက်ထိ စွမ်းအားကြီးမားနေပြီ.. အဲဒါကို နောက်ထပ်မီးတောက်တချို့နဲ့သာ ထပ်ပေါင်းလိုက်မယ်ဆိုရင်တော့…”
အဖွဲ့အစည်းများမှ ခေါင်းဆောင်များက .အဲဒါကို ဆက်လက်၍ မစဉ်းစားရဲတော့ပေ။
ထိုမီးတောက်များက သူတို့ကို အလွယ်တကူ သေချာပေါက် သတ်ဖြတ်နိုင်လေသည်။
လေထဲတွင်…
မီးတောက်များ၏ လင်းထိန်မှုအောက်မှာ စန်းယာ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏ မျက်လုံးများထဲသို့ ဝင်ရောက်လာသည်မှာ တုန်လှုပ်မှု၊ ကြောက်ရွံ့မှုနှင့် နောင်တရမှု…။
“တာအိုရောင်းရင်းဆူ.. ကျုပ် ရှုံးတယ်ဆိုတာ ဝန်ခံပါတယ်”
စန်းယာက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး အံကို ကြိတ်ကာ ပြောလိုက်၏။
“အဆင့်မြင့်အင်မော်တယ်.. ခင်ဗျား ကျုပ်ကို အခွင့်အရေးတစ်ခု ပေးမယ်ဆိုရင် ကျုပ်က ခင်ဗျားနောက်ကို လိုက်ပြီး အလုပ်အကျွေးပြုပါ့မယ်”
စန်းယာသည် သူ၏ ခေါ်ဝေါ်ပုံကို ပြောင်းလဲလိုက်ရုံသာမက သူက ဒူးထောက်ချလိုက်၏။
“အဆင့်မြင့်အင်မော်တယ်.. ကျုပ်ရဲ့ လက်အောက်မှာ ရှိတဲ့ သောင်းနဲ့ချီတဲ့ တပ်သားတွေကလည်း ခင်ဗျား အမိန့်ကို နာခံပါလိမ့်မယ်”
စန်းယာသည် လက်ရှိအခြေအနေကို ကောင်းကောင်းနားလည်သဘောပေါက်နေပြီ ဖြစ်၏။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ခေါင်းဆောင်နှစ်ယောက်နှင့် သိမ်းငှက်ဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်က သေဆုံးသွားပြီဖြစ်၏။ သူက တစ်ယောက်တည်းသာလျှင် ကျန်ရစ်တော့ပြီး သူ့အနေဖြင့် ရှင်သန်နိုင်ဖို့ မလွယ်တော့ပေ။
သူက ဆူဇီမို နောက်သို့ လိုက်ပါနိုင်မည်ဆိုလျှင် သူက အသက်ရှင်နိုင်ရုံသာမက အကျိုးအမြတ်တချို့ကိုပင် ရရှိနိုင်လောက်၏။
အဲဒါက အရှက်ခွဲခံရခြင်း ဖြစ်သော်လည်း သူ၏ အသက်နှင့် ယှဉ်လျှင် ဘာကမှ အရေးမကြီးတော့ပေ။
“မင်းက အဆင့်မမီဘူး”
စန်းယာက ကြံစည်တွေးတောနေစဉ်မှာပင် ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။ အဲဒါက စကားတစ်ခွန်းသာ ဖြစ်သော်လည်း သူ့ကို အသူရာချောက်နက်ထဲသို့ ကျဆင်းသွားသည့်အလား ခံစားလိုက်ရစေ၏။
“ခင်ဗျား…”
စန်းယာက သူ၏ ခေါင်းကို မော့၍ စကားပြောဆိုချင်၏။
သို့သော်လည်း ဆူဇီမိုက သူ၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်လိုက်၏။ ဘေးပတ်ဝန်းကျင်မှာ ရှိသော တောင်ပိုင်းမင်းလီမီးက စုစည်း၍ သူ၏ လက်ဖဝါးထဲသို့ ချက်ချင်းပင် ပြန်လည်ရောက်ရှိလာ၏။
ဆူဇီမိုက အဲဒါကို သာမန်ကာလျှံကာ ပစ်ထုတ်လိုက်၏။
တောင်ပိုင်းမင်းလီမီးလုံး၏ စန်းယာ၏ ဦးခေါင်းထက်သို့ ကျဆင်းသွားသည်။
“အား..”
စူးစူးဝါးဝါး အော်သံနှင့်အတူ မီးတောက်များက စန်းယာကို လွှမ်းခြုံသွားလေသည်။