မဟာမိတ်ဖွဲ့ခြင်း
Vol. 127 Ch. 1903
လူအုပ်ကြီးက တုန်လှုပ်သွားကြ၏။
ဆူဇီမိုပေါ်ထွက်လာခဲ့သည်မှာ နာရီဝက်ပင် မကြာသေးပေ။
သို့သော်လည်း နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သိမ်းငှက်ဂိုဏ်း၏ အသန်မာဆုံးမဟူရာအင်မော်တယ်လေးယောက်က သေဆုံးသွားကြပြီဖြစ်၏။
အဖွဲ့အစည်းကြီးများ၏ ခေါင်းဆောင်များသည်လည်း အဆင့်-၈ မဟူရာအင်မော်တယ်များသာဖြစ်ပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားသည် သေဆုံးသွားသော လေမီးတောက်နှင့် အခြားသုံးယောက်နှင့် မတိမ်းမယိမ်းမှာရှိလေသည်။
ဆူဇီမိုက သူတို့ကိုတိုက်ခိုက်လာမည်ဆိုလျှင် သူတို့ကလည်း သိပ်ကြာကြာခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ဟု အဓိပ္ပါယ်ရနေသည်။
အဖွဲ့အစည်းကြီးများ၏ ခေါင်းဆောင်များက စိုးရိမ်ပူပန်၍ တိတ်တဆိတ်ထိတ်လန့်သွားကြ၏။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သိမ်းငှက်ဂိုဏ်း၏ သောင်းနှင့်ချီသောတပ်သားမျာက သွေးဆာရက်စက်၍ ကြမ်းကြုတ်ခက်ထန်သော်လည်း လေမီးတောက်နှင့် အခြားသုံးယောက် သေဆုံးသွားခြင်းနှင့်အတူ သူတို့၏ စစ်တပ်က စတင်၍ ဖရိုဖရဲဖြစ်လာခဲ့၏။
အချို့က တိုက်ခိုက်နေကြပြီး အချို့က ထွက်ပြေးကာ အချို့က ငေးငိုင်နေကြ၏။ သောင်းနှင့်ချီသောကျင့်ကြံသူများက စည်းလုံးမှုပြိုကွဲသွားသောအခြေအနေသို့ ရောက်ရှိသွား၏။
ထိုဓားပြများက ထွက်ပြေးလွတ်မြောက်သွားမည်ဆိုလျှင် ဆူဇီမိုအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူတို့က နှင်းလေတောင်ကြောရိုးအတွက် ငုပ်လျှိုးနေသော အန္တရာယ်တစ်ခုဖြစ်လာနိုင်၏။
ဆူဇီမိုက အေးစက်စက်အမူအရာနှင့်အတူ သူ၏ လက်နှစ်ဖြင့် ဓားကွက်နှစ်ခုကို ဆင့်ခေါ်ပြီး သူ၏ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ သူ့အောက်ဘက်ရှိလူအုပ်ကြီးထဲသို့ ခုတ်ပိုင်းချလိုက်၏။
ဇီ.... ဇီ.... ဇီ....
သူ၏ ညာဘက်လက်ထဲရှိ ဓားကွက်ကနေ ဖြူဖွေး၍ ကျိန်းစပ်နေသော ဓားချီတစ်သိန်းက ထွက်ပေါ်လာ၏။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်သွားပြီး ကြယ်များကို ရွေ့လျားစေကုန်၏။
ဓားချီတစ်ခုချင်းစီက မနှိုင်းယှဥ်သာအောင်ထက်ရှပြီး လူအုပ်ကြီးထဲရှိ ဓားပြများစွာ၏ အသွေးအသားများကို ထိုးဖောက်လိုက်၏။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ အောက်ဘက်ရှိစစ်မြေပြင်တွင် သိမ်းငှက်ဂိုဏ်း၊ နတ်ဆိုးဝံပုလွေတပ်ဖွဲ့၊ နှင်းလေတောင်ကြောရိုးနှင့် အမြွှာနဂါးဂိုဏ်းမှ ကျင့်ကြံသူများက တိုက်ခိုက်နေကြသော်လည်း....။
ဓားချီတစ်သိန်းမှာ ဓားချီတစ်ခုချင်းစီသည် နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သိမ်းငှက်ဂိုဏ်းမှ ဓားပြများထံသို့ အလွန်တရာတိကျစွာခုတ်ပိုင်းကျဆင်းလာပြီး တခြားမည်သူ့ကိုမှ မတော်တဆထိခိုက်စေခြင်း မရှိပေ။
“ဒါက...”
အစကတော့... ဤကဲ့သို့ကြောက်စရာကောင်းသော ဓားကွက်အောက်မှာ အမြွှာနဂါးဂိုဏ်းမှကျင့်ကြံသူများ ရောပါငြိစွန်းခံရမည်ကို ရှုကျစ်အန်က စိုးရိမ်နေခဲ့၏။
ယခု... ဓားချီသည် သူတို့၏ ကျင့်ကြံသူများဘေးကနေ ဖြတ်သန်းသွားပြီး သူတို့က အသိစိတ်ရှိနေသည့်အလား ဓားပြများထံသို့သာ ထိုးစိုက်ကျဆင်းလာ၏။
“ဘယ်လောက်တောင်စွမ်းအားကြီးမားလိုက်တဲ့ ထိန်းချုပ်မှုလဲ”
ရှုကျစ်အန်က တိတ်တဆိတ်ဆွံ့အသွား၏။
ဓားချီတစ်သိန်းကို တိကျစွာ ထိန်းချုပ်နိုင်ဖို့အတွက် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် အဆင့်-၇ မဟူရာအမြုတေ၏ နယ်ပယ်ကို ကျော်လွန်နေရပေမည်။
စစ်မြေပြင်က ညည်းတွားသံများ ၊ သွေးမြစ်စီးကြောင်းများဖြင့် ပြည့်နှက်သွား၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်က သေစေနိုင်စွမ်းအား အလွန်တရာမြင့်မား၏။
နောက်ဆုံးမှာတော့ သောင်းနှင့်ချီသော ဓားပြများသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူတို့၏ စိတ်ဓာတ်များက လဲပြိုကာ ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြ၏။
သို့သော်လည်း နှင်းလေတောင်ကြောရိုးနှင့် အမြွှာနဂါးဂိုဏ်း၏ လိုက်လံတိုက်ခိုက်မှုနှင့် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ပိတ်ဆို့မှုအောက်မှာ ဤနေရာကနေ အသက်ရှင်လျက်ထွက်ခွာနိုင်မည့်သူက များစွာမရှိပေ။
သွေးမြူတစ်ခုက ဖြန့်ကြက်သွားပြီး ပြတ်တောက်သွားသော ခြေလက်များက နေရာတိုင်းမှာ ပြန့်ကျဲနေ၏။
ကောင်းကင်ဘုံကင်းမြီးကောက်ဂိုဏ်းကဲ့သို့ အဖွဲ့အစည်းကြီးများမှ ကျင့်ကြံသူများက တုန်လှုပ်နေသောအမူအရာများနှင့်အတူ ကြောင်အ,မှင်တက်နေကြ၏။
သူတို့သည် အထက်ဘုံသို့ တက်လှမ်း၍ နဂါးအသူရာချောက်နက်ကြယ်ပေါ်သို့ ရောက်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း သူတို့သည် ဤကဲ့သို့ သွေးသံရဲရဲ တိုက်ပွဲတစ်ခုကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးခြင်းမရှိပေ။ သောင်းနှင့်ချီသော တပ်သားများ၏ အသက်များသည် ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ လက်ထဲမှာ မြက်ပင်များကဲ့သို့ ဖြစ်နေ၏။
သူ၏ ဓားလက်ချောင်းများနှင့် ထိုးညွှန်လိုက်သောနေရာတိုင်းသို့ ကပ်ဘေးတစ်ခုက ဆင်းသက်လာခဲ့၏။
“ဂါး...”
ရွှီး...
ဆူဇီမို၏ ဘယ်ဘက်လက်က ခုတ်ပိုင်းချလိုက်ပြီး နဂါးနှင့်မြွေတို့က ထွက်ပေါ်လာ၏။
နတ်နဂါးတစ်ကောင်က ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး မိုးပျံမြွေနဂါးတစ်ကောင်က မြေကြီးထဲကနေ ထိုးထွက်လာ၏။ သူတို့က တင်းယဲ့နှင့် မဟူရာယင်တောင်မှ ညာလက်ရုံးထံသို့ ပြေးဝင်သွားကြ၏။
“မင်း...”
တင်းယဲ့၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
တကယ်တော့... လေမီးတောက်နှင့် စန်းယာတို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည့်အချိန်မှာ သူက နောက်ဆုတ်ဖို့အတွက် စဥ်းစားနေခဲ့ပြီဖြစ်၏။
သို့သော်လည်း သူနှင့် သူ၏ ညာလက်ရုံးသည် ခိုယုံနှင့် ရှုကျစ်အန်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရပြီး လောလောဆယ်မှာ ရုန်းမထွက်နိုင်ကြပေ။
ယခု... ဆူဇီမို၏ တိုက်ခိုက်မှုက အရမ်းကိုမြန်ဆန်ပြီး ကြမ်းတမ်းခက်ထန်စွာ၊ စီးပိုးခြယ်လှယ်စွာနှင့် ထွက်ပေါ်လာပြီး သူတို့က နောက်ဆုတ်ဖို့အတွက် အခွင့်မရေးပင် မရတော့ပေ။
ညာလက်ရုံးသည် အစကတည်းက ကြောက်ရွံ့စွာဖြင့် တုန်ယင်နေခဲ့ပြီဖြစ်၏။ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားကွက်၏ နဂါးမြွေတို့ ရောက်ရှိမလာလျှင်တောင် သူသည် ရှုကျစ်အန်၏ တိုက်ခိုက်မှုအောက်မှာ ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ယခု... နဂါးမြွေတို့က ရောက်ရှိလာခဲ့ပြီး မဟူရာယင်တောင်၏ ညာလက်ရုံးက စူးစူးဝါးဝါးအော်ဟစ်ကာ ချက်ချင်းနီးပါးပင် နဂါးမြွေတို့၏ နုတ်နုတ်စင်းသတ်ဖြတ်ခြင်းခံလိုက်ရ၏။
“ဆူဇီမို.... မင်း...”
တင်းယဲ့က သူ၏ ပါးစပ်ကိုဖွင့်ဟပြီး တစ်စုံတစ်ရာကို ပြောဆိုချင်၏။
ဖျတ်ခနဲဆို ဆူဇီမိုက သူ့ရှေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်ပြီး မိုးကြိုးလျှပ်စီးလို အကြည့်နှင့်အတူ သူ့ကိုအေးစက်စွာကြည့်လိုက်၏။
တင်းယဲ့သည် ထိုအကြည့်နှင့် ရင်ဆိုင်ရချိန်မှာ သူ၏ နှလုံးက အေးစက်တောင့်တင်းသွား၏။
ဆူဇီမိုက သူ့ရှေ့မှာ မလှုပ်မယှက်ရပ်၍ သူ့ကိုတည်ငြိမ်စွာကြည့်နေရုံမျှနှင့် သူက ရပ်တန့်၍ မရနိုင်သော စွမ်းပကားတစ်ခုနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုတစ်ခုကို ထုတ်ဖော်ပြသနေ၏။
ဆူဇီမို၏ နောက်ဘက်မှာ တောင်ပုံယာပုံအလောင်းများနှင့် သွေးပင်လယ်တစ်ခု စီးဆင်းနေသည်ဟု တင်းယဲ့က ထင်ယောင်ထင်မှားမြင်မိလာ၏။
သူ၏ စိတ်ဝိညာဥ်က ချက်ချင်းပင် လဲပြိုကျသွားပြီဖြစ်၏။
ခိုယုံက အခွင့်အလမ်းကိုချိန်ဆပြီး ခုတ်ပိုင်းချလိုက်၏။
ကြီးမားသောဦးခေါင်းက လေထဲသို့ မြောက်တက်သွားပြီး သွေးများက ပန်းထွက်လာ၏။
တင်းယဲ့၏ ဦးခေါင်းက လေထဲမှာ အကြိမ်ရေအနည်းငယ်လည်သွားပြီးနောက် ခိုယုံ၏ နောက်တစ်ဖန်ခုတ်ပိုင်းခြင်းခံရကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကပါ ပျက်စီးသွား၏။
တင်းယဲ့ခေါ်လာခဲ့သော ကျင့်ကြံသူငါးရာထဲ မည်သူကမှ ရှေ့သို့ထွက်လာရဲခြင်းမရှိပေ။
“ညီကိုဆူ... ခင်ဗျားက တော်တော်စွမ်းတာပဲ”
ခိုယုံက စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်၏။
ရှုကျစ်အန်ကလည်း ဆူဇီမိုဘက်သို့ လက်သီးနှစ်ဖက်ဆုပ်ကာ ပြုံးပြလိုက်၏။
“ဝမ်အာက... ခင်ဗျားအကြောင်းတဖွဖွပြောနေတာ ကျုပ်နားနဲ့မဆံ့အောင်ကြားခဲ့ပြီးပြီ... အစကတော့ ကျုပ်အဲ့ဒါကို မယုံခဲ့ဘူး... ကိုယ်တိုင်မြင်တွေ့မှပဲ အဲ့ဒါက ဟုတ်တယ်ဆိုတာထက်တောင် အများကြီးပိုနေသေးတယ်”
ရှုကျစ်အန်ပြောသည့် ဝမ်အာဆိုသည်မှာ ရှုဝမ်ကိုပြောဆိုခြင်းဖြစ်လေသည်။
ဆူဇီမိုက အမြွှာနဂါးညီနောင်ကို ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အမူအရာက ပျော့ပြောင်းသွား၏။
“ကျေးဇူးတင်ပါတယ်”
အဲ့ဒီနောက်သူက ရှုဝမ်ကိုခေါင်းညိတ်ပြလိုက်၏။
အဖွဲ့အစည်းကြီး ၇ ခုကြားမှာ အမြွှာနဂါးဂိုဏ်းကသာလျှင် ရှေ့သို့ထွက်ပြီး နှင်းလေတောင်ကြောရိုးကို ကူညီပေးလိုခဲ့၏။ အဲ့ဒီမှာ ရှုဝမ်၏ ကြိုးပမ်းမှုက သေချာပေါက်ပါဝင်ပေလိမ့်မည်။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် ဆက်လက်၍ သံသယရှိစရာမလိုတော့ပေ။
မဟာဓားပြနှစ်ဖွဲ့သည် အပြတ်အသတ်ရှုံးနိမ့်သွားပြီး အမြွှာနဂါးဂိုဏ်းနှင့် နှင်းလေတောင်ကြောရိုးမှကျင့်ကြံသူများ၏ အမဲလိုက်သတ်ဖြတ်ခြင်းကိုခံနေရ၏။ အသက်ရှင်လျက်လွတ်မြောက်နိုင်မည့်သူက အနည်းအကျဥ်းသာ ရှိပေလိမ့်မည်။
ယွဲ့ဟောက်နှင့် ငွေဘီလူး၏ ဘေးသို့ရောက်ရှိလာပြီး ဆူဇီမိုက သူ၏ သိုလှောင်အိတ်ထဲကနေ အင်မော်တယ်ဆေးလုံးတချို့ကို ထုတ်ယူကာ သူတို့နှစ်ယောက်ကို တိုက်ကျွေးလိုက်၏။
သူ့အနေဖြင့် ဤတိုက်ပွဲမှာ ဆက်လက်၍ ဝင်ရောက်တိုက်ခိုက်စရာ မလိုတော့ပေ။
“ဆရာဆူ... ခင်ဗျားမသေဘူးဆိုတာ ကျုပ်သိသားပဲ... ဟီးဟီး”
သွမ့်ထျန်လန်၏ ကျင့်ကြံမှုနယ်ပယ်က မြင့်မားခြင်းမရှိသည့်အတွက် သူက ဤတိုက်ပွဲမှာ မပါဝင်ခဲ့ပေ။ ယခုအချိန်မှသာ သူက မျက်နှာလိုမျက်နှာရအပြုံးတစ်ခုနှင့်အတူ အူယားဖားယားပြေးချလာ၏။
“ဝုတ်... ဝုတ်...”
ခွေးဝါကြီးကလည်း ဘေးကနေဟောင်လိုက်၏။
“ညီကိုဆူ... လွန်ခဲ့တဲ့နှစ်သုံးဆယ်က အပြောင်းအလဲက အတော်လေးဂယက်ရိုက်သွားခဲ့တယ်”
ယွဲ့ဟောက်က ပြောလိုက်၏။
“အဲ့ဒီအသူရာချောက်နက်ထဲမှာ ကမ္ဘာမြေအင်မော်တယ်တွေနဲ့ ကောင်းကင်အင်မော်တယ်တွေအများကြီး သေဆုံးခဲ့တယ်လို့ပြောတယ်... ခင်ဗျားထွက်သွားပြီး ဘာသတင်းမှလည်း ရောက်မလာတော့...ကျုပ်တို့အားလုံးက ခင်ဗျားသေပြီလို့တောင် တွေးထားကြတာ”
ဆူဇီမိုက ပြောလိုက်၏။
“အသူရာချောက်နက်ကိုသွားတဲ့ခရီးစဥ်က တကယ်ပဲအန္တရာယ်အရမ်းများခဲ့တယ်... ကျုပ်လည်းသေတော့မလိုပဲ... ကံကောင်းလို့ ကျုပ်အချိန်မီပြန်ရောက်လာနိုင်တာ”
အင်မော်တယ်ဝင်္ကပါ၏ တည်ရှိမှုကြောင့် နှင်းလေတောင်ကြောရိုး၏ နေရာအတော်များများက ဖျက်ဆီးမခံခဲ့ရပေ။
ညမိုးချုပ်မှသာ လိုက်လံတိုက်ခိုက်သူများက ပြန်လည်ရောက်ရှိလာခဲ့၏။
နှင်းလေတောင်ကြောရိုး၏ ပင်မခန်းမက လင်းထိန်နေ၏။
အဖွဲ့အစည်းကြီးများ၏ ခေါင်းဆောင်များက ထွက်သွားဖို့အတွက် အလောတကြီးရှိမနေကြပေ။ ထိုအစား သူတို့က တိုက်ပွဲပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီး လာရောက်နှုတ်ဆက်ကြ၏။
ဆူဇီမိုရှိနေသည်နှင့်အမျှ နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ မည်သူကမှ နှင်းလေတောင်ကြောရိုးကို စိန်ခေါ်နိုင်တော့မည်မဟုတ်ကြောင်း သူတို့က သိရှိလိုက်ပြီဖြစ်၏။
သို့သော်လည်း ဆူဇီမိုက အကန့်အသန်မဲ့သော ပါရမီအလားအလာနှင့်အတူ အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်၏။
သူတို့သည် ဤကဲ့သို့သော ပညာရှင်တစ်ဦးနှင့် မဟာမိတ်မဖွဲ့နိုင်လျှင်တောင် သူတို့က သူ့ကိုဆန့်ကျင်ဖို့ မတတ်နိုင်ပေ။
ထိုအဖွဲ့အစည်းများမှ ခေါင်းဆောင်များသည် သူတို့၏ စေတနာကောင်းကိုပြသဖို့အတွက် နှင်းလေတောင်ကြောရိုးသို့ပေးရန် အမြုတေစုဖွဲ့ဆေးလုံးများကဲ့သို့ လက်ဆောင်တချို့ကိုပင် ပြင်ဆင်ပေးလာကြ၏။
ယွဲ့ဟောက်သည် အစကတော့ တုံ့ဆိုင်းနေခဲ့၏။
သို့သော်လည်း ဆူဇီမိုက သူတို့ကိုငြင်းပယ်ခြင်းမရှိဘဲ အကုန်လုံးကို လက်ခံယူလိုက်၏။ အဲ့ဒီနောက် သူက အဖွဲ့အစည်းကြီးများ၏ ခေါင်းဆောင်များကို ပြန်ပို့ပေးပြီး သူတို့ကို ညစာစားဖို့ပင် မဖိတ်ခေါ်ခဲ့ပေ။
ဤခေါင်းဆောင်များက အလိုက်အထိုက်ပြုမူကြသူများဖြစ်ပြီး သူတို့နှင့် နက်ရှိုင်းသောပတ်သက်ဆက်နွယ်မှုများ တည်ဆောက်ဖို့ မလိုပေ။
ဆူဇီမိုက အမြွှာနဂါးဂိုဏ်းကိုသာ တန်ဖိုးထားလေသည်။
ညစာစားပွဲမှာ ဆူဇီမို၏ အကြံပြုမှုဖြင့် အမြွှာနဂါးဂိုဏ်းသည် နှင်းလေတောင်ကြောရိုးနှင့် မဟာမိတ်ဖွဲ့လိုက်၏။
ဆူဇီမိုက ထိုသို့ပြုလုပ်သည်မှာ အကြောင်းအရင်းရှိလေသည်။
အမြွှာနဂါးဂိုဏ်းက မည်သည့်အကျိုးရလဒ်ကိုမှ မမျှော်ကိုးသူများဖြစ်လေသည်။
အမြွှာနဂါးညီနောင်ဖြစ်စေ... ယွဲ့ဟောက်ဖြစ်စေ... သူတို့က ရိုးသားဖြောင့်မတ်သူများဖြစ်ပြီး သူတို့မခွဲခွာခင် စိတ်ကျေနပ်အားရသည်အထိ သောက်စားလိုက်ကြ၏။
ဆူဇီမိုက တိတ်တဆိတ်နောက်သို့ဆုတ်ခွာသွားပြီး ခန်းမ၏ ဝင်ပေါက်ဝနားမှာ မတ်တတ်ရပ်ကာ အတွေးနက်စွာဖြင့် အဝေးသို့ငေးကြည့်နေ၏။
ရှချင်းယင်က လိမ္မာပါးနပ်သူဖြစ်ပြီး တစ်စုံတစ်ရာကို ခပ်ရေးရေးအာရုံခံမိကာ နောက်ကနေလိုက်ပါလာ၏။