နှုတ်ဆက်ခွဲခွာခြင်း
Vol. 127 Ch. 1904
“တာအိုရောင်းရင်းဆူ... ရှင်....”
ရှချင်းယင်က ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာပြီး စကားပြောဖို့ တုံ့ဆိုင်းနေ၏။
ဆူဇီမိုက ညင်သာစွာပြောလိုက်၏။
“ကျုပ်သွားတော့မှာ”
ရှချင်းယင်က အသံတိတ်သွား၏။
သူမသည် အဲ့ဒါကို ခန့်မှန်းမိခဲ့ပြီးသားဖြစ်၏။
စောစောက ညစာစားပွဲမှာ ဆူဇီမိုသည် အရင်စ၍ဦးဆောင်ကာ နှင်းလေတောင်ကြောရိုးနှင့် အမြွှာနဂါးဂိုဏ်းကို မဟာမိတ်ဖွဲ့စေခဲ့၏။ တကယ်တော့... သူသည် နှင်းလေတောင်ကြောရိုးအတွက် နောက်ထက်မှီခိုအားထားရာတစ်ခု ရှာပေးခဲ့ခြင်းဖြစ်၏။
သို့သော်လည်း ယခု ဆူဇီမိုက အဲ့ဒါကို ကိုယ်တိုင်ပြောဆိုလာသည့်အခါ သူမသည် တွေဝေရှုပ်ထွေးသော စိတ်ခံစားချက်များကို ခံစားလိုက်ရ၏။
သူမက အနည်းငယ်ဝန်လေးနေပြီးနောက် နားလည်သဘောပေါက်သွား၏။
တကယ်တော့... လွန်ခဲ့သည့်နှစ်တစ်ရာကျော်က ဆူဇီမိုသည် ကောင်းကင်ဘုံကပ်ဘေးလေးခုကိုဖြတ်ကျော်ပြီး အထက်ဘုံသို့တက်လှမ်းလာသည်ဟု ရှချင်းယင် သိရှိလိုက်စဥ်ကတည်းက ထိုသူသည် တစ်နေ့မှာ ဤနေရာနှင့် နဂါးအသူရာချောက်နက်ကြယ်ကနေ သေချာပေါက်ထွက်ခွာသွားမည်ကို သူမသိရှိထားခဲ့ပြီဖြစ်၏။
သို့သော်လည်း ထိုနေ့က ဤမျှအထိ မြန်မြန်ဆန်ဆန်ရောက်ရှိလာလိမ့်မည်ဟု သူမက ထင်မှတ်မထားမိပေ။
နှစ်တစ်ရာမျှနှင့် သူမရှေ့မှ လူသည် အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်အဖြစ် ကျင့်ကြံလာနိုင်ခဲ့ပြီဖြစ်၏။ ထိုကျင့်ကြံမှုအမြန်နှုန်းက စဥ်းစားကြည့်၍ မရနိုင်အောင်ပင်။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ဤလူ၏ လက်ရှိအဆင့်အတန်းသည် အလွန်တရာအရေးပါလာပြီး သူ၏ နာမည်ဂုဏ်သတင်းက ပြိုက်ဘက်ကင်းလာခဲ့ပြီဖြစ်၏။
အဖွဲ့အစည်းကြီးများ၏ ခေါင်းဆောင်များပင်လျှင် သူ့ကိုအရင်စတင်၍ မိတ်ဆွေဖွဲ့လာရ၏။
ဤလူသည် ကြောက်စရာကောင်းသော တိုက်ဆိုင်မှုတချို့နှင့် ရေတိမ်ချောင်းသို့ ရောက်ရှိလာသော နတ်နဂါးတစ်ကောင်နှင့် တူနေ၏။ သူက ပို၍ပင် ကြီးကျယ်ခမ်းနားသော မြစ်တစ်စင်းထဲသို့ နောက်ဆုံးပြန်သွားရမည့်နေ့ကို ရောက်ရှိလာပေလိမ့်မည်။
“ရှင်... ဘယ်တော့သွားမှာလဲ”
ရှချင်းယင်က မေးလိုက်၏။
ဆူဇီမိုကပြန်ဖြေလိုက်၏။
“အလောတကြီးတော့ မရှိပါဘူး... ကျုပ်က အင်မော်တယ်ဝင်္ကပါနဲ့ပတ်သက်တဲ့ ဓမ္မပညာရပ်တွေအားလုံး ခင်ဗျားတို့ကို သင်ကြားပေးပြီးရင် လှုပ်ရှားမှုတစ်ခုပြုလုပ်မယ်”
“ကောင်းပါပြီ”
ရှချင်းယင်က သဘောတူစွာ ခေါင်းညိတ်လိုက်၏။
ဆူဇီမိုက ခဏမျှတွေးတောပြီးနောက် သတိပေးလိုက်၏။
“နောက်ပြီး ဒီအကြောင်းကို အခြားဘယ်သူ့ကိုမှ မပြောနဲ့”
ရှချင်းယင်က အနည်းငယ်မှင်တက်သွားပြီးနောက် အလျင်အမြန်နားလည်သဘောပေါက်သွား၏။
ဆူဇီမိုသည် နှင်းလေတောင်ကြောရိုးမှာရှိနေဆဲ ဖြစ်သည်ဟု အပြင်လူများ တွေးမိနေသည်နှင့်အမျှ မည်သူကမှ သူတို့ကို ရန်လာရှာရဲလိမ့်မည် မဟုတ်ပေ။
နဂါးအသူရာချောက်နက်မြို့တော်မှတိုက်ပွဲ၊ သွေးသူရိယတောင်ကြား ဖျက်ဆီးခံရခြင်းနှင့် မဟာဓားပြနှစ်ဖွဲ့ ချေမှုန်းသုတ်သင်ခံရခြင်း...။
ထိုတိုက်ပွဲသုံးခုသည် လူတိုင်းကို တုန်လှုပ်သွားစေဖို့လုံလောက်၏။
အဲ့ဒီမှာ လုံလောက်သည့်အချိန်ရှိပြီး ယွဲ့ဟောက်နှင့်အခြားသူများက ကြီးပြင်းလာသည်နှင့်အမျှ နှင်းလေတောင်ကြောရိုးသည် ဆူဇီမိုမရှိလျှင်တောင် အဖွဲ့အစည်းကြီးများနှင့် ရင်ဘောင်တန်းရပ်တည်လာနိုင်ပေလိမ့်မည်။
ထိုစဥ်မှာပင်... သွမ့်ထျန်လန်နှင့် ငဝါကြီးက စစ်မြေပြင်ကို ရှင်းလင်းလို့ပြီးစီးသွားပြီး ဝမ်းသာအားရပြေးလွှားလာ၏။
“ဆရာဆူ... ဒီတစ်ခေါက်ကျုပ်တို့က အချီကြီးရလိုက်တာပဲ”
သွမ့်ထျန်လန်က သိုလှောင်အိတ်တစ်ခုကိုထုတ်ယူပြီး ဆူဇီမိုကို ကမ်းပေးကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“လေမီးတောက်နဲ့ အခြားသူတွေအပါအဝင် ဓားပြတစ်သိန်းရဲ့ သိုလှောင်အိတ်တွေက အဲ့ဒီထဲမှာပါတယ်”
“အင်း...”
ဆူဇီမိုက သိုလှောင်အိတ်ကို လက်ခံယူပြီး အလျင်အမြန်စစ်ဆေးကြည့်လိုက်၏။
မဟာဓားပြအဖွဲ့နှစ်ဖွဲ့၏ သိုလှောင်အိတ်များထဲမှာ တကယ်ပင် ပစ္စည်းများစွာပါဝင်သော်လည်း အဲ့ဒီမှာ ဆူဇီမိုအတွက် တကယ်တမ်းအသုံးဝင်သောအရာ မရှိသလောက်နီးပါးပင်။
ဘာပဲပြောပြာ ဤနေရာသည် အစွန်အဖျားကြယ်တစ်စင်းသာဖြစ်ပြီး အသူရာချောက်နက်အတွင်းရှိ တိုက်ပွဲမြေကလွဲလျှင် တကယ်တမ်းအဖိုးတန်သည့်ရတနာများက မရှိသလောက်နီးပါးပင်။
သို့သော်လည်း ဆူဇီမိုသည် သိုလှောင်အိတ်များထဲရှိ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို ထုတ်ယူလိုက်ပြီး အဲ့ဒီမှာအရေအတွက်လေးရာကျော်ရှိ၏။ သူက အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို သိမ်းဆည်းပြီး သိုလှောင်အိတ်များကို ရှချင်းယင်ထံ ကမ်းပေးလိုက်၏။
ခဏမျှစဥ်းစားပြီးနောက် ဆူဇီမိုက နောက်ထပ်စိတ်ဝိညာဥ်ကျောက်တုံးတစ်ရာကို ထုတ်ယူကာ ရှချင်းယင်ကို ထပ်ပေးလိုက်၏။
အင်မော်တယ်ဝင်္ကပါကို အသက်သွင်းဖို့အတွက် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများထဲရှိ စွမ်းအင်ကို လိုအပ်သည်။
သူက ကြိုတင်ပြင်ဆင်ပေးထားသည့်အနေဖြင့် နှင်းလေတောင်ကြောရိုးအတွက် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်ရာကို ချန်ထားပေးခဲ့၏။
နောက်ပိုင်းအချိန်တစ်ခုတွင် ဆူဇီမိုသည် နှင်းလေတောင်ကြောရိုးမှာ နေထိုင်ပြီး ရှချင်းယင်နှင့် ယွဲ့ဟောက်အား ဝင်္ကပါအင်းကွက်များ ထိန်းချုပ်ပုံနှင့် အင်မော်တယ်ဝင်္ကပါ၏ အလုပ်လုပ်ပုံကို သင်ကြားပေးခဲ့၏။
ဆူဇီမိုသည် အဆင့်-၇ မဟူရာအင်မော်တယ်အဖြစ် ချိုးဖျက်တက်လှမ်းဖို့အတွက် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများစွာကို သုံးစွဲခဲ့ပြီးပြီဖြစ်၏။
ကျန်ရှိနေသော အမြုတေစိတ်ဝိညာဥ်ကျောက်တုံးသုံးရာက အဆင့်-၈ မဟူရာအင်မော်တယ်အဖြစ် ချိုးဖျက်တက်လှမ်းဖို့အတွက် သူ့အတွက် မလုံလောက်တော့ပေ။
နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ သတ္တုတွင်းများမရှိသည့်အတွက် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကိုရရှိဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
နောက်ထပ်အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို ရရှိဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ နဂါးအသူရာကြယ်ကနေထွက်ခွာပြီး ပိုမိုကျယ်ပြောသော အစိမ်းရောင်တိမ်စိုင်တိုင်းပြည်သို့ သွားရောက်ဖို့ဖြစ်၏။ ထိုနေရာမှာ အမြုတေချီက ပို၍ပေါကြွယ်ဝပြီး သူ၏ ကျင့်ကြံမှုက ပို၍မြန်ဆန်လာမည်ဖြစ်၏။
ဒါ့အပြင် ကောင်းကင်အင်မော်တယ်များကြားမှာ မိန်ကျိသည် ထူးချွန်ထက်မြတ်သော ပါရမီရှင်တစ်ဦးဖြစ်၏။ ဤနေရာမှာ သူမ၏ သေဆုံးမှုသည် သူမ၏ ဂိုဏ်းမှ နောက်ထပ်ပညာရှင်များကို သတိထားမိသွားစေဖို့ ဖြစ်နိုင်လေသည်။
သူက နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ဆက်နေသည်နှင့်အမျှ တခြားသောအပြောင်းအလဲများ ပေါ်ထွက်လာဖို့ ဖြစ်နိုင်ခြေရှိသည်။
တစ်နှစ်ကြာပြီးနောက်....။
ရှချင်ယင်နှင့် ယွဲ့ဟောက်က အင်မော်တယ်ဝင်္ကပါ၏ သဘောတရားအများစုကို နားလည်သိရှိသွားခဲ့ပြီဖြစ်ပြီး သူတို့သည် အဲ့ဒါကိုပိုမိုရင်းနှီးကျွမ်းဝင်အောင်လုပ်ဖို့နှင့် နားလည်ဆင်ခြင်ဖို့သာ ကျန်ရှိတော့၏။
ဆူဇီမိုသည် ပြီးခဲ့သည့်နှစ်အတွင်း အဲ့ဒါကိုထုတ်ဖော်မပြောဆိုခဲ့သော်လည်း သွမ့်ထျန်လန် ၊ ငဝါကြီးနှင့် အခြားသူများက တစ်စုံတစ်ရာကို ဝိုးတဝါးအာရုံခံမိနေပြီဖြစ်၏။
မည်သူကမှ အဲ့ဒါကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြပေ။
ဆူဇီမိုမထွက်ခွာခင်နေ့က ငဝါကြီးသည် သူ၏ လူသားသွင်ပြင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့၏။
နောက်ည၌ သူက မည်သူ့ကိုမှ သတိပေးခြင်းမရှိဘဲ တိတ်တဆိတ်ထွက်ခွာသွား၏။
လွန်ခဲ့သည့်နှစ်တစ်ရာကျော်က သူက နဂါးအသူရာချောက်နက်ကြယ်ပေါ်သို့ တစ်ယောက်တည်းရောက်ရှိလာခဲ့ပြီး ယခုသူက တစ်ယောက်တည်းထွက်ခွာသွားဦးမည်ဖြစ်၏။
သူသည် နှင်းလေတောင်ကြောရိုးအပေါ် မည်သည့်အကြွေးမှ မတင်ခဲ့ပေ။
ဤနှစ်များအတွင်း သူသည် နှင်းလေတောင်ကြောရိုးကို သေရေးရှင်ရေးအခြေအနေကနေ ကြိမ်ဖန်များစွာကယ်တင်ပေးခဲ့ပြီး သူတို့အတွက် အရင်းအမြစ်များစွာကိုလည်း ချန်ထားပေးခဲ့၏။
သူနှင့် နှင်းလေတောင်ကြောရိုးအကြား ကံကြွေးကို ဖြတ်တောက်ထားခဲ့ပြီဖြစ်ပြီး သူ၏ ရင်ထဲမှာ မည်သည့်ချည်နှောင်မှုမှ မရှိတော့ပေ။
ထိုစဥ်မှာပင် လေထဲမှာရှိသောဆူဇီမိုက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ရုတ်တရက်ရပ်တန့်ကာ လှည့်ကြည့်လိုက်၏။
နှင်းလေတောင်ကြောရိုး၏ ဝင်ပေါက်ဝတွင် လူတချို့က မတ်တတ်ရပ်ပြီး အဝေးကနေ သူ့ကိုစောင့်ကြည့်နေကြ၏။
အဲ့ဒါက ညအချိန်ဖြစ်ပြီး ကီလိုမီတာငါးဆယ်ကွာဝေးလျှင်တောင် ဆူဇီမိုသည် သူတို့၏ ပုံပန်းသွင်ပြင်များကို ရှင်းလင်းစွာတွေ့မြင်နိုင်ဆဲ ဖြစ်၏။
ယွဲ့ဟောက်၊ ရှချင်းယင်၊ ရှန်ဖေး၊ ကူဝမ်ကျွင်း၊ သွမ့်ထျန်လန်...။
ဤလူများသည် သူ့ကိုနှုတ်ဆက်ဖို့အတွက် ထွက်လာကြဆဲဖြစ်၏။
ဆူဇီမို၏ ရင်ထဲသို့ နွေးထွေးသောခံစားချက်တစ်ခုက စီးဆင်းသွား၏။ သူက လူတိုင်းကို အတန်ကြာအောင်ကြည့်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ လှည့်ထွက်သွား၏။
သူက လူတိုင်းကို ကျောပေး၍ လက်ပြပြီး ညအမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။
“နောက်ကျရင် ငါက ဆရာဆူနဲ့ပြန်တွေ့ဖို့ အခွင့်အရေးရဦးမလား သိချင်မိတယ်”
သွမ့်ထျန်လန်က စိတ်ပျက်အားငယ်သောအမူအရာနှင့်အတူ ညင်သာစွာသက်ပြင်းချလိုက်၏။
ယွဲ့ဟောက်က ပြောလိုက်၏။
“ဘာပဲပြောပြာ ညီကိုဆူက ဒီနေရာမှာ ရှိမနေသင့်ဘူး... ငါတို့က သူနဲ့အရမ်းကိုဝေးကွာလွန်းတယ်... နောက်ဆိုရင် ငါတို့ကြားအကွာအဝေးက ပိုပြီးတိုးလာဖို့ပဲရှိတယ်”
ရှန်ဖေးကပြုံး၍ စိတ်လက်ပေါ့ပါးသယောင် ဟန်ဆောင်လိုက်၏။
“အဲ့ဒါလည်းကောင်းတာပါပဲ... တာအိုရောင်းရင်းဆူက တစ်နေ့ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာ သူ့နာမည်ကို ရေးထိုးနိုင်ခဲ့မယ်ဆိုရင် ဒီနှစ်တွေထဲမှာ သူနဲ့အတူဖြတ်သန်းခဲ့တဲ့ ငါတို့ရဲ့အတွေ့အကြုံတွေကို ကြွားလုံးထုတ်လို့ရပြီ”
........
ဆူဇီမိုသည် သူ၏ ရင်ထဲရှိ လွမ်းမောစိတ်ကိုဖိနှိမ်ပြီး သူ့ကိုယ်သူတည်ငြိမ်စေကာ နဂါးအသူရာချောက်နက်မြို့တော်ရှိရာသို့ ထွက်ခွာလိုက်၏။
သူ၏ ကျင့်ကြံမှုက လုံလောက်အောင်မြင့်မားခြင်းမရှိသည့်အတွက် သူသည် နဂါးအသူရာချောက်နက်ကြယ်ကနေ ထွက်ခွာပြီး အစိမ်းရောင်တိမ်စိုင်တိုင်းပြည်သို့ သွားရောက်ချင်သည်ဆိုလျှင် နဂါးအသူရာချောက်နက်မြို့တော်ရှိ ပို့ဆောင်ရေးဝင်္ကပါကိုသာ အသုံးပြုရမည်ဖြစ်၏။
ပို့ဆောင်ရေးဝင်္ကပါကို အသုံးပြုဖို့အတွက် နည်းလမ်းနှစ်ခုရှိ၏။
ပထမတစ်ခုက အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်အဖြစ် ကျင့်ကြံဖို့ဖြစ်၏။
ဒုတိယတစ်ခုက သူသည် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်ရာကို ပေးချေဖို့ဖြစ်၏။
အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်ရာက နည်းနည်းတော့နှမြောစရာကောင်း၏။ သို့သော်လည်း သူက အစိမ်းရောင်တိမ်စိုင်တိုင်းပြည်သို့ ဘေးကင်းလုံခြုံစွာရောက်ရှိနိုင်သည်နှင့်အမျှ သူသည် နောက်ထပ်အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို ရှာဖွေနိုင်လိမ့်မည်ဖြစ်၏။
လဝက်ကြာပြီးနောက် ဆူဇီမိုသည် နဂါးအသူရာချောက်နက်မြို့တော်သို့ ရောက်ရှိလာခဲ့၏။
ဤနှစ်များတွင် နဂါးအသူရာချောက်နက်မြို့တော်က များစွာပြောင်းလဲသွားခြင်းမရှိပေ။
တစ်ဘက်မှာတော့... မြို့ဂိတ်တံခါးဝမှမြို့စောင့်တပ်သားများသည် ဆူဇီမိုကို တွေ့မြင်သောအခါ အရင်ဆုံး မှင်တက်သွားပြီးနောက် သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
မြို့ထဲရှိ ကျင့်ကြံသူအများစုက နဂါးအသူရာချောက်နက်မြို့တော်အောက်ရှိတိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ဖူးကြ၏။
ဒါ့အပြင် ဆူဇီမို၏ နာမည်ဂုဏ်သတင်းက ဤနှစ်များအတွင်း ဆက်တိုက်မြင့်တက်လာခဲ့၏။ မဟာဓားပြနှစ်ဖွဲ့ကို လွန်ခဲ့သည့်တစ်နှစ်က ချေမှုန်းဖျက်ဆီးပြီးနောက် သူက ပို၍ပင်ကျော်ကြားလာခဲ့ပြီး လူတိုင်းက ထိုအကြောင်းကို သိရှိထားကြလေသည်။
မြို့စောင့်တပ်သားများသည် ဆူဇီမိုရောက်လာသည်ကို တွေ့မြင်သောအခါ စိုးရိမ်ထိတ်လန့်နေပြီး မြို့ဝင်ကြေးကောက်ခံဖို့ကိုပင် မေ့လျော့နေကြ၏။
ဆူဇီမိုက ညင်သာစွာပြုံး၍ အမြုတေစုဖွဲ့ဆေးလုံး တစ်ထောင်ကိုထုတ်ယူကာ အစောင့်တစ်ယောက်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်၏။
“ကျုပ်အတွက် တံဆိပ်ပြားတစ်ခု လုပ်ပေးပါဦး”
မြို့စောင့်တပ်သားက သတိထားနေသောအကြည့်နှင့်အတူ နောက်သို့ခြေလှမ်းနှစ်လှမ်း အလိုလိုဆုတ်လိုက်၏။
သူက ခဏမျှရပ်တန့်ပြီးနောက် တံဆိပ်ပြားတစ်ခုကို ဆူဇီမိုထံ ပစ်ထုတ်ပေးလိုက်၏။
ဆူဇီမိုက တံဆိပ်ပြားကို လက်ခံယူလိုက်၏။ သူက မလိုအပ်သောပြဿနာကို ရှောင်လွှဲဖို့အတွက် သူသည် မြို့တော်အရှင်၏ စံအိမ်သို့ တန်း၍သွားလိုက်၏။ သူသည် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို ပေးချေကာ ချက်ချင်းပင်ထွက်ခွာသွားဖို့ပြင်ထား၏။
သူသည် နဂါးအသူရာချောက်နက်မြို့တော်မှ လျှိုထုံနှင့်ရန်ငြိုးရန်စတစ်ခုရှိခဲ့၏။
သူရောက်ရှိလာသည်ကို လျှိုထုံသိမည်ဆိုလျှင် အဲ့ဒီမှာတစ်စုံတစ်ရာဖြစ်လာဖို့ အခွင့်များလေသည်။