← Chapters

မျှတသော အပေးအယူ

Vol. 95 Ch. 1465

မျှတသော အပေးအယူ

Vol. 95 Ch. 1465

“ ရှေးဟောင်းဝိညာဉ်မျိုးနွယ် ”

“ ရှေးဘုရင်ရွှမ်ယုံမတိုင်ခင် သူတို့က ဝမ်ကူးကုန်းမြေက မျိုးနွယ်စုအားလုံးကို စည်းလုံးညီညွတ်စေခဲ့တယ် ”

အဖိုးကိုးက သေခြင်းအရှိန်အဝါဖြင့် ပြည့်နှက်နေသော ဤလောကထဲမှာ မတ်တတ်ရပ်နေရင်း မှောင်ရီနေသော ကောင်းကင်ကို ကြည့်လျက် တည်ငြိမ်စွာ ပြောသည်။

“ သူတို့မျိုးနွယ်က တိုက်ခိုက်ရေးမှာ ထူးချွန်တယ်… ငယ်ရွယ်တဲ့ လူတွေက မြွေအဖြစ် မွေးဖွားလာကြတယ်… နောက်ပိုင်းမှာ သူတို့က လူသားအဖြစ် အသွင်ပြောင်းလဲနိုင်ကြတယ်… အဲ့ဒီနောက် မြွေတွေနဲ့ နဂါးတွေက သူတို့ကို အဖော်ပြုပေးကြပြီး သူတို့က ရှေးဟောင်းဝိညာဉ်တိုက်ပွဲခန္ဓာကို ပိုင်ဆိုင်နိုင်ကြလိမ့်မယ် ”

“ ရှေးဟောင်းဝိညာဉ်မျိုးနွယ်က ဝမ်ကူးကုန်းမြေကို အုပ်စိုးခဲ့ချိန် မျိုးနွယ်စုအသီးသီးက သူတို့အရှေ့မှာ ခေါင်းတောင် မမော့ဝံ့ကြဘူး ”

“ လူသားမျိုးနွယ်တောင် အဲ့ဒီခေတ်မှာ အားနည်းခဲ့တယ် ”

အဖိုးကိုးက စကားပြောနေရင်း အရှေ့သို့ လျှောက်သွားသည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကောင်းကင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး မြေပြင်က တုန်ယင်သွားသည်။ မရေမတွက်နိုင်သော ဝိညာဉ်များက အရပ်ရှစ်မျက်နှာဆီသို့ ပြန့်ကျဲသွားကြပြီး ရွှံ့ဗွက်အိုင်ထဲမှ အရိုးစုများက တုန်ယင်သွားကြသည်။

အဖိုးကိုးက အရှေ့သို့ ဆက်လျှောက်သွားနေစဉ် သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။ ဝမ်ကူးကုန်းမြေနှင့် မသက်ဆိုင်သော အရှိန်အဝါတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ပြင်ပလောကတစ်ခုကို လမ်းပြပေးနေသည်။

ရွှီချင်းနှင့် အားညိုက အဖိုးကိုး၏ အနောက်မှ လိုက်သွားကြသည်။

အားညိုက ဘေးဘီကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။ သူက ဤနေရာကို အလွန်စိတ်ဝင်စားနေကြောင်း ထင်ရှားပေသည်။ ရံဖန်ရံခါ သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေကြီးတချို့ကို တူးထုတ်ကာ ဝိညာဉ်တချို့ကို ဖမ်းဆုပ်လိုက်သည်။ သူ၏ အကြည့်ထဲမှ အလင်းရောင်က ပိုပြီးပြင်းထန်လာသည်။

ရွှီချင်းသည်တော့ အဖိုးကိုး၏ စကားကို လေးနက်စွာ နားထောင်နေသည်။

သူက ရှေးဟောင်းဝိညာဉ်မျိုးနွယ်အကြောင်းကို အနည်းအကျဉ်း နားလည်ထားသော်လည်း ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှာ ကြီးပြင်းလာခဲ့သော အဖိုးကိုးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် သူ၏ နားလည်ထားမှုက အလွန်သေးနုတ်နေဆဲပင်။

သူ့ကို ပိုပြီးစိတ်ဝင်စားစေသည်မှာ အဖိုးကိုး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသော ဝမ်ကူးကုန်းမြေနှင့် မသက်ဆိုင်သည့် အရှိန်အဝါ ဖြစ်သည်။

အတိတ်တုန်းက ရွှီချင်းဆိုလျှင် သူက ယင်းကို လျစ်လျူရှုထားလိမ့်မည်။ သို့သော်လည်း ယခု သူ၏ ညာဘက်မျက်လုံးထဲမှာ ပယ်ဖျက်ခြင်းအခွင့်အာဏာရှိလေရာ သူက ကမ္မကို မြင်နိုင်သည်။

သို့ဖြစ်၍ သူ၏ မျက်လုံးထဲတွင် အဖိုးကိုးထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ဤလောက၏ အပြင်ဘက်ရှိ ကမ္မထံမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

‘ လီဇီဟွားက ပြန်လာနေပြီလို့ စီနီယာအကိုကြီးက တစ်ခါပြောဖူးတယ်… အဖိုးကိုးရဲ့ ခန္ဓာကိုယ်ပေါ်က အရှိန်အဝါက အချက်ပြမှုတစ်ခုနဲ့ ဆင်တူတယ် ’

ရွှီချင်းက နက်နဲစွာ တွေးတောနေစဉ် အဖိုးကိုး၏ စကားသံက ဆက်လက် ပဲ့တင်ထပ်သွားသည်။

“ ရှေးဟောင်းဝိညာဉ်မျိုးနွယ်က အရမ်းသန်မာတယ်ဆိုပေမဲ့ ဝမ်ကူးကုန်းမြေအပေါ် သူတို့အုပ်ချုပ်ခဲ့တဲ့အချိန်က ဒယ်အိုးပေါ်က ငါးလိုပဲ… သူတို့က အထွတ်အထိပ်ကို အချိန်တိုလေးအတွင်း ရောက်ရှိပြီးနောက် သူတို့မျိုးနွယ်စုရဲ့ ဝိညာဉ်အင်ပါယာက အရမ်းရူးမိုက်တဲ့ ကိစ္စတစ်ခုကို လုပ်ဆောင်ခဲ့တယ် ”

“ သူက မျိုးနွယ်စုတစ်ခုလုံးရဲ့ အင်အားကို စုစည်းပြီး ကောင်းကင်ဘုံတာအိုရဲ့ ကမ္မကို လုယက်ဖို့ ကြိုးစားခဲ့တယ် ”

“ သူက ကောင်းကင်ဘုံတာအိုအားလုံးကို ပိုင်ဆိုင်ချင်ပြီး ကောင်းကင်ဘုံတာအိုအားလုံးကို တစ်ခုတည်းဖြစ်အောင် လုပ်ချင်တယ်… အဲ့ဒီနည်းနဲ့ သူက အသန်မာဆုံး ရှေးဘုရင်ဖြစ်လာပြီး ဝမ်ကူးကုန်းမြေရဲ့ တစ်ခုတည်းသော ကောင်းကင်ဘုံတာအိုဖြစ်လာနိုင်လိမ့်မယ် ”

“ တကယ်လို့ သူအောင်မြင်သွားမယ်ဆိုရင် သူ့ရဲ့ ဆန္ဒက ဝမ်ကူးကုန်းမြေရဲ့ ဆန္ဒဖြစ်လာလိမ့်မယ်… သူ့ရဲ့ တာအိုက ဝမ်ကူးကုန်းမြေရဲ့ တာအိုဖြစ်လာလိမ့်မယ် ”

“ ဒီနည်းလမ်းနဲ့ သူက ဝမ်ကူးကုန်းမြေကို တည်ထောင်ခဲ့တဲ့ ရှေးခေတ်နွေဦးအင်မော်တယ်တွေထက် သာလွန်သွားလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ဝမ်ကူးကုန်းမြေရဲ့ ကံကြမ္မာကို လူတစ်ယောက်တည်းကပဲ ပိုင်ဆိုင်သွားလိမ့်မယ် ”

“ အဲ့ဒါက ရှေးဟောင်းဝိညာဉ်မျိုးနွယ်ကို ဝမ်ကူးကုန်းမြေထဲမှာ အမြဲတမ်း နံပါတ်တစ်ဖြစ်စေပြီး တခြားမျိုးနွယ်စုတွေအားလုံးကို ဖိနှိပ်နိုင်စေလိမ့်မယ်… ဒါ့အပြင် သူက နွေဦးအင်မော်တယ်ရဲ့ အကန့်အသတ်ကို ချိုးဖြတ်နိုင်ပြီးတော့ သူ့ကိုယ်ပိုင် အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းနိုင်လိမ့်မယ် ”

အဖိုးကိုးက ပြောပြနေစဉ် သူ၏ မျက်နှာပေါ်မှာ ချီးကျူးလေးစားသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ လုပ်ရပ်များကို ချီးကျူးလေးစားခြင်း မဟုတ်ပေ။ ယင်းအစား ပညာရှင်တစ်ယောက်၏ ရည်မှန်းချက်ကြီးမှုနှင့် ရွေးချယ်မှုကို ဖြစ်သည်။

“ အဲ့လိုပုဂ္ဂိုလ်က… ”

အဖိုးကိုးက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အဝေးမှ ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ တိုက်ပွဲဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူက ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ ဤသည်မှာ သူက ကောင်းကင်ကို ဖမ်းဆုပ်လိုက်သည့်အလားပင်။

တစ်ချိန်တည်းမှာ ရွှီချင်းနှင့် အဖိုးကိုး၏ အနောက်မှ လိုက်လာသော အားညိုက မြေကြီးထဲမှ အရိုးခြောက်တစ်ခုကို တူးဖော်လိုက်သည်။ သူက အရိုးခြောက်ကို အဝေးသို့ လွှတ်ပစ်လိုက်ပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။ ရွှီချင်းက အဖိုးကိုး၏ စကားကို စိတ်ဝင်တစား နားထောင်နေကြောင်း မြင်သောအခါ သူက ချောင်းဟန့်လိုက်သည်။ ယခု သူက စီနီယာအကိုကြီးအနေဖြင့် သူ၏ အသိပညာကြွယ်ဝမှုကို ထုတ်ဖော်ပြတော့မည်။

သူက အဖိုးကိုး၏ လေသံကို တုပလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဒါပေမဲ့ အဲ့ဒါက မဟာပုန်ကန်မှုပဲ ”

“ အဲ့ဒါကြောင့် အောင်မြင်နိုင်ခြေက အရမ်းနည်းတယ်… နောက်ဆုံးမှာတော့ ဝိညာဉ်အင်ပါယာက ကျရှုံးသွားပြီး ဝမ်ကူးကုန်းမြေက ကောင်းကင်ဘုံတာအိုအားလုံးရဲ့ တန်ပြန်တိုက်ခိုက်တာကို ခံစားလိုက်ရတယ်… သူ့ရဲ့ မျိုးနွယ်စုကလည်း သွေးမျိုးဆက်ကျိန်စာသင့်ခဲ့တယ် ”

“ အရေးကြီးတဲ့ အခြေအနေမှာ ဝိညာဉ်အင်ပါယာက မျိုးနွယ်စုတစ်ခုလုံးရဲ့ ကပ်ဘေးကို ရှောင်တိမ်းဖို့ သူ့ရဲ့ မြင့်မားတဲ့ ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုပြီး သူ့ရဲ့ မျိုးနွယ်ဝင်အများစုကို သူ့ရဲ့ မဟာလောကထဲ ခေါ်ဆောင်သွားခဲ့တယ်… ဒါပေမဲ့လည်း နောက်ဆုံးမှာ သူတို့က သွေးမျိုးဆက်ကျိန်စာကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူး ”

“ အဲ့ဒါကြောင့် ဝိညာဉ်အင်ပါယာ သေဆုံးသွားတဲ့အခါမှာ သူ့ရဲ့ မဟာလောကက ခြောက်သွေ့သွားပြီး သေခြင်းနယ်မြေအဖြစ် ပြောင်းလဲသွားတယ်… မဟာလောကထဲက ရှေးဟောင်းဝိညာဉ်မျိုးနွယ်ဝင်အားလုံးက အမြစ်ဖြတ်သုတ်သင်ခံလိုက်ရတယ်… ဒါပေမဲ့ အဲ့ဒီသွေးမျိုးဆက်ကျိန်စာက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတော့ အဲ့ဒါက သေစေရုံသက်သက်ပဲ မဟုတ်ဘူး ”

“ ဘာပဲဖြစ်ဖြစ် အဲ့ဒါက ဝမ်ကူးကုန်းမြေရဲ့ ကောင်းကင်ဘုံတာအိုအားလုံးဆီကနေ ထွက်ပေါ်လာတဲ့ ကျိန်စာမဟုတ်လား… ကျိန်စာရဲ့ သက်ရောက်မှုကြောင့် သူတို့က သေဆုံးသွားပြီးတဲ့နောက် တစ္ဆေအဖြစ် ပြောင်းလဲသွားကြတယ်… သူတို့က နေ့ရော ညမှာပါ နာကျင်စွာ အော်ဟစ်ညည်းညူနေကြရတယ် ”

“ ဒီသေခြင်းနယ်မြေက ရှေးဟောင်းဝိညာဉ်တစ္ဆေနိုင်ငံတော် ဖြစ်လာတယ်… သူတို့က ဝမ်ကူးကုန်းမြေရဲ့ မြေအောက်လောကထဲမှာ ထာဝရ အသက်ရှင်နေပြီး ကျိန်စာရဲ့ ညှဉ်းပန်းနှိပ်စက်ဒဏ်ကို ခံစားနေကြရတယ် ”

“ တစ်ချိန်တည်းမှာပဲ… ”

အားညိုက သူ၏ အသိပညာကြွယ်ဝမှုကို ထုတ်ဖော်ပြနေသည်။ သို့သော်လည်း သူ၏ စကားမဆုံးခင်မှာ အဖိုးကိုးက လက်မြှောက်လိုက်ပြီး ကောင်းကင်ကို ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို ကောင်းကင်က တုန်လှုပ်သွားပြီး မရေမတွက်နိုင်သော ပေါက်ကွဲသံများက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

မိုးကြိုးသွားထောင်သောင်းချီသည် ကောင်းကင်ပေါ်မှာ စုဝေးသွားကြပြီး အဖိုးကိုးဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။ လောကက လင်းထိန်သွားစဉ် မိုးကြိုးသွားများက သူ၏ ညာလက်ပေါ်သို့ ကျဆင်းသွားကြသည်။

သူက လက်သီးဆုပ်လိုက်သည့်အခါ အဆုံးမဲ့သော မိုးကြိုးသွားများက တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားကြပြီး ဓားရှည်တစ်လက်သို့ အသွင်ပြောင်းလဲသွားသည်။

ထိုမိုးကြိုးဓား ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောက၏ အရောင်က ပြောင်းလဲသွားသည်။

အလွန်အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းအတတ်အကျများက အဖိုးကိုး၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။ ထို့နောက် သူက ကောင်းကင်ဆီသို့ မိုးကြိုးဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ဟင်းလင်းပြင်ထဲမှ ဒေါသတကြီး ဟိန်းသံတစ်သံ ထွက်ပေါ်လာဟန် ရ၏။ နောက်အခိုက်အတန့်မှာ ဧရာမအက်ကွဲကြောင်းတစ်ခုက ကောင်းကင်ပေါ်မှာ အလျားလိုက် ထွက်ပေါ်လာသည်။

စွမ်းအင်မုန်တိုင်းသည် အက်ကွဲကြောင်းထဲမှ ပျံ့နှံ့ထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ရိုက်ခတ်သွားသည်။ တစ်ချိန်တည်းမှာ ရင်းနှီးကျွမ်းဝင်သော မြင်ကွင်းတစ်ခုက အက်ကွဲကြောင်းထဲမှာ ထွက်ပေါ်လာသည်။

ထိုနေရာတွင် နန်းတော်တစ်ခု ရှိသည်။

နန်းတော်၏ အတွင်းပိုင်းထဲမှာ အသွေးအသားတောင်ကုန်းတစ်ခု ရှိသည်။ ဧရာမမျက်လုံးတစ်လုံးက အသွေးအသားတောင်ကုန်း၏ ကောင်းကင်ပေါ်မှာ လွင့်မျောနေသည်။

ဤအခိုက်အတန့်မှာ ဧရာမမျက်လုံးက ပွင့်သွားပြီး ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ သူက အက်ကွဲကြောင်းမှတဆင့် အပြင်သို့ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

သူက အချိန်အတော်ကြာ မမြင်တွေ့ခဲ့ရသော ရွှီချင်းကို မြင်သွားသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူဂရုအစိုက်ဆုံးက အစောနက ဓားချက်ကို ထုတ်ဖော်လိုက်သည့်သူ ဖြစ်သည်။ ထိုလူ၏ တစ်ကိုယ်လုံးမှာ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေသည်။

ထိုလူကို သူမှတ်မိသည်။

နီလာနတ်သမီးနှင့် တိုက်ခိုက်ခဲ့စဉ်က လီဇီဟွား၏ နဝမမြောက်သားတော်ကို အထူးတလည် သူသတိထားမိခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် နီလာနတ်သမီး၏ ကိုယ်ပွားဖြင့် သူတို့ရင်ဆိုင်ခဲ့စဉ်က တစ်ဖက်လူ၏ အစွမ်းအပြည့်ပါသော ဓားချက်က သူ၏ စိတ်ကို လှုပ်ခါသွားစေခဲ့သည်။

ရွှီချင်းက စကားပြောတော့မည့်အချိန် အဖိုးကိုးက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည်။ နောက်အခိုက်အတန့်မှာ သူက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံး၏ အပေါ်မှာ ထွက်ပေါ်လာသည်။

“ အတင့်ရဲလှချည်လား ”

နက်ရှိုင်းသော ဟိန်းသံသည် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ ယင်းက ဤသေခြင်းနယ်မြေထဲမှ နိယာမများကို သယ်ဆောင်လျက် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

ချက်ချင်းဆိုသလို ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မဟာလောကက ပိုပြီးမည်းမှောင်သွားသည်။ ကောင်းကင်က မှောင်ရီလာနေစဉ် မြေပြင်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ မရေမတွက်နိုင်သော ဝိညာဉ်များနှင့် အရိုးစုများက မြေကြီးထဲမှ ထွက်ပေါ်လာကြသည်။

မြေအောက်မြစ်သည်လည်း တသွင်သွင် စီးဆင်းနေသည်။

ယင်းက လောကတစ်ခုလုံး၏ စိတ်ဆန္ဒဖြစ်သည်။

ယင်းက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ နတ်ဘုရားစိတ်အာရုံအောက်မှာ လှုပ်ရှားလိမ့်မည်။

ထိုမျှသာ မကပေ။ အင်မော်တယ်အခွင့်အာဏာ သို့မဟုတ် နတ်ဘုရားအခွင့်အာဏာဖြစ်ဟန်ရသော စွမ်းရည်တစ်မျိုးသည် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးထဲမှာ လင်းလက်တောက်ပလာသည်။ ယင်းက သူတစ်ဦးတည်းသာ ပိုင်ဆိုင်သော အထူးစွမ်းရည် ဖြစ်သည်။

ထိုအကြည့်အောက်မှာ ဒဏ်ရာအသေးအမွှားရရှိထားသော သူ၏ ရန်သူများက အပြင်းအထန် ဒဏ်ရာရသွားကြလိမ့်မည်။ အကယ်၍ သူတို့က အပြင်းအထန် ဒဏ်ရာရရှိထားသည်ဆိုလျှင် သေဆုံးသွားကြလိမ့်မည်။

တစ်ချိန်တည်းမှာ ရှေးဟောင်းဝိညာဉ်လောကထဲမှ တခြားအင်ပါယာနန်းတော်(၉၈)ခုနှင့် ဧရာမမျက်လုံးများက ဤအခိုက်အတန့်မှာ မျက်လုံးပွင့်သွားကြသည်။ သူတို့အားလုံးက အဖိုးကိုးကို စိုက်ကြည့်လိုက်ကြပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

အဖိုးကိုး၏ အမူအရာသည် လုံးဝမပြောင်းလဲသွားပေ။ သူ၏ မျက်နှာက အေးစက်နေစဉ် သူ၏ မျက်လုံးထဲမှ တိုက်ပွဲဆန္ဒက ပိုပြီးအားကောင်းလာသည်။ ဤသည်မှာ သူက ရှေးဟောင်းဝိညာဉ်အင်ပါယာနှင့် အမှန်တကယ် တိုက်ခိုက်ချင်နေသည့်အလားပင်။

အခြေအနေက ရေဆူမှတ်သို့ ရောက်ရှိသွားသည်။

ထိုစဉ် ရွှီချင်းက အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားပြီး အဖိုးကိုး၏ ဘေးမှာ ရပ်လိုက်ကာ ရိုသေလေးစားစွာ ပြောသည်။

“ အဖိုးကိုး… ဒီကိစ္စကို ငါဖြေရှင်းပါရစေ… ဝိညာဉ်အင်ပါယာက သူစိမ်းမဟုတ်ပါဘူး… ငါတို့တွေ တိုက်ခိုက်စရာ မလိုပါဘူး ”

အဖိုးကိုးက ရွှီချင်းကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ နောက်ဆုံးမှာတော့ သူက အင်တင်တင်ဖြင့် သဘောတူလိုက်သည်။

အဖိုးကိုး၏ သဘောတူညီမှုကို ရရှိပြီးနောက် ရွှီချင်းက အနောက်လှည့်လိုက်ပြီး ရှေးဟောင်းဝိညာဉ်အင်ပါယာကို အရိုအသေပေးလိုက်သည်။

“ ဒီဂျူနီယာက အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ် ”

ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ နှလုံးက ပရမ်းပတာ လှုပ်ခတ်သွားပြီး မရေမတွက်နိုင်သော ကျိန်ဆဲမှုများက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာကြသည်။ သူက ဒေါသတကြီး အော်ပြောတော့မည့်အချိန် သူ၏ စိတ်အာရုံတချို့က ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ သူ၏ ကျိန်ဆဲမှုများက အံ့ဩထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားသည်။

“ မင်းရဲ့ ခန္ဓာကိုယ်က… ”

ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးများက တစ်ပြိုင်နက် မှေးကျဉ်းသွားကြသည်။

ယခင်က သူ၏ စိတ်အာရုံက အဖိုးကိုးဆီမှာသာ ရှိခဲ့သည်။ ယခု သူ၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည့်အခါ ရွှီချင်း၏ ခန္ဓာကိုယ်က မည်မျှထိတ်လန့်ဖွယ်ကောင်းကြောင်း ချက်ချင်း သူအာရုံခံမိသွားသည်။

“ ကျွန်တော် အခွင့်အလမ်းတချို့ကို ရရှိခဲ့ပါတယ်… ဒါကြောင့် ကျွန်တော်ရဲ့ ခန္ဓာကိုယ်က အနည်းငယ် ပြောင်းလဲသွားပါတယ်… နောက်မှ အရှင်မင်းကြီးကို အဲ့ဒီအကြောင်း ကျွန်တော်ပြောပြပါမယ်… အခု ကျွန်တော်ရောက်လာတာက အင်ပါယာချီကြောင့်ပါ ”

ရွှီချင်းက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံး၏ ဘေးပတ်ဝန်းကျင်မှ နဂါးဆယ့်သုံးကောင်ကို ကြည့်လိုက်သည်။ ၎င်းတို့က ရှေးဟောင်းဝိညာဉ်မျိုးနွယ်၏ ကမ္မမှ ဒြပ်ထည်ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။

“ မရဘူး ”

ရှေးဟောင်းဝိညာဉ်အင်ပါယာသည် သူ၏ နှလုံးသားထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး တိုက်ရိုက် ငြင်းပယ်လိုက်သည်။ သူ၏ ဧရာမမျက်လုံးထဲမှာ အနက်ရောင်အလင်းပင် ထွက်ပေါ်လာသည်။

ရွှီချင်း၏ အမူအရာက တည်ငြိမ်သည်။ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အဖြေကို သူမအံ့ဩပေ။ သူက တစ်ဖက်လူနှင့် အကြိမ်ပေါင်းများစွာ ဆက်ဆံခဲ့ဖူးသည်။ ထို့ပြင် သူတို့သုံးယောက်က လမ်းတစ်လျှောက်မှာ အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ကြသည်။

သို့ဖြစ်၍ ရွှီချင်း၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက နူးညံ့စွာ ပြောသည်။

“ အရှင်မင်းကြီး… ကျွန်တော်က လူသားဧကရီရဲ့ အမိန့်ကြောင့် ရောက်လာတာပါ ”

“ အရှင်မင်းကြီးက ဒီနေရာမှာ တံခါးပိတ်ကျင့်ကြံနေတယ်ဆိုပေမဲ့ ကျုပ်တို့ရဲ့ လူသားဧကရီက နတ်ဘုရားယဇ်ပလ္လင်အဆင့်ကို တတ်လှမ်းသွားခဲ့တယ်ဆိုတာ အရှင်မင်းကြီး အာရုံခံမိမယ်လို့ ကျွန်တော်ထင်ပါတယ် ”

ရွှီချင်းက စကားပြောပြီးနောက် လူသားမျိုးနွယ်၏ ကမ္မကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ ကမ္မစွမ်းအားက သူ၏ ခန္ဓာကိုယ်ကို စက်ဝိုင်းသဖွယ် လှည့်ပတ်သွားသည်။ သူက အိမ်ရှေ့စံမင်းသား၏ အတိုင်ပင်ခံအမတ်၏ နန်းတွင်းအဝတ်အစားကိုပင် ပြောင်းလဲဝတ်ဆင်လိုက်သည်။

“ အခု စကားပြောနေတဲ့လူက ဧကရီကိုယ်တိုင် ကောင်းကင်ဘုရင်ကျန်းကန်ဘွဲ့ကို ချီးမြှောက်ပေးထားတဲ့ လူပါ… သူဟာ အိမ်ရှေ့စံမင်းသားရဲ့ အတိုင်ပင်ခံအမတ်လည်း ဟုတ်တယ်… ဒါ့အပြင် သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ နတ်ဘုရားသုံးပါးဆီကနေ မဟာရွှမ်ထျန်းစစ်သူကြီးဘွဲ့ကို ရရှိထားပါသေးတယ် ”

အားညိုက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏ လေသံထဲမှာ ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်နေသည်။ သူက ရွှီချင်းနှင့်အတူ မည်သို့ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ကောင်းမွန်စွာ သိသည်။

ပြင်းထန်သော အသက်ရှူသံက သေခြင်းနယ်မြေထဲမှ မြည်ဟိန်းထွက်လာသည်။ ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးအားလုံးက ဤအခိုက်အတန့်မှာ ပြူးကျယ်သွားကြသည်။

သူက လူသားဧကရီ၏ နတ်ဘုရားတစ်ပါးဖြစ်လာမှုကို တိုက်ရိုက် မမြင်နိုင်ခဲ့သော်လည်း အာရုံခံနိုင်ပေသည်။

ထို့ကြောင့် သူက လူသားဧကရီကို မစိုးရိမ်ဘူးဟု ပြောလျှင် လိမ်ညာရာကျလိမ့်မည်။

သို့သော်လည်း ဆန္ဒမရှိမှုက သူ၏ နှလုံးသားထဲမှာ အားကောင်းနေဆဲပင်။ ဓားပြတိုက်ခံရသည်ဟူသော ခံစားချက်က သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သူခံစားမိသည်။

ရွှီချင်းက အားညိုကို လှမ်းကြည့်လိုက်သည်။

အားညိုက ပြုံးလိုက်ပြီး ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဧရာမမျက်လုံးကို စိုက်ကြည့်လိုက်သည်။ သူ၏ အသံက မောက်မာထောင်လွှားစွာ ထွက်ပေါ်လာသည်။

“ ဂျူနီယာညီလေး… မင်းက ရှေးဟောင်းဝိညာဉ်အင်ပါယာနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားချင်တာ ငါနားလည်ပါတယ်… မင်းက စိတ်ထားကောင်းတာကြောင့် အားနည်းတဲ့လူကို အနိုင်မကျင့်ချင်ဘူး… မဟုတ်ရင် ဒီကိစ္စကို ဆရာ့ဆီ ငါတို့အကြောင်းကြားလိုက်မယ်ဆိုရင် နွေဦးအင်မော်တယ်ဆိုတဲ့ သူ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီနယ်မြေလေးကို လက်တစ်ဖက်မြှောက်လိုက်ရုံနဲ့ ဖိနှိပ်နိုင်ပါတယ်… ဆရာက မင်းရဲ့ ခန္ဓာကိုယ်ကို အလွယ်လေး ပြန်ဖွဲ့စည်းပေးနိုင်ခဲ့တာ မဟုတ်လား… ဒီသေခြင်းနယ်မြေက ဆရာ့အတွက် ဘာမှမဟုတ်ပါဘူး ”

ရှေးဟောင်းဝိညာဉ်အင်ပါယာက နောက်တစ်ကြိမ် ထိတ်လန့်သွားသည်။

တစ်ချိန်တည်းက အခြေအနေက အဆင်ပြေချောမွေ့နေကြောင်း မြင်သောအခါ အဖိုးကိုးက စိတ်မရှည်သော အရိပ်အယောင်ကို ဖော်ပြလိုက်သည်။

“ မင်းတို့က ဘာလို့ လေကုန်ခံပြီး စကားပြောနေတာလဲ… ငါ့ခမည်းတော်က ပြန်ရောက်လာတော့မယ်… တကယ်လို့ မင်းငါ့ကို အင်ပါယာချီမပေးဘူးဆိုရင် အဲ့ဒါကို အတင်းအဓမ္မ ငါလုယက်ရလိမ့်မယ်… တကယ်လို့ ငါဒဏ်ရာရသွားမယ်ဆိုရင် ခမည်းတော်ပြန်ရောက်လာတဲ့အခါ မင်းရဲ့ ပြန်ရှင်သန်မယ့် အစီအစဉ်အားလုံးကို ငါဖျက်ဆီးပစ်မယ် ”

ထိုသို့ပြောပြီးနောက် အဖိုးကိုး၏ ခန္ဓာကိုယ်ထဲမှ အရှိန်အဝါက ပိုပြီးသိပ်သည်းလာပြီး ဝေဝါးသော ကြယ်တာရာကောင်းကင်ကို ဖွဲ့စည်းလိုက်သည်။ ကြယ်တာရာကောင်းကင်ထဲတွင် သွေးနီရောင်ကြယ်ဂြိုလ်တစ်လုံးက မြန်ဆန်စွာ ချဉ်းကပ်လာနေဟန် ရ၏။

ဖိနှိပ်သော ခံစားမှုက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ နှလုံးကို ပရမ်းပတာ တုန်လှုပ်သွားစေသည်။

သို့သော်လည်း အတိတ်တုန်းက သူ၏ ကြီးမြတ်သော ဂုဏ်သိက္ခာကြောင့် ဤအခြေအနေကို သူက လက်မခံချင်ပေ။ ထို့ကြောင့် သူ၏ အသက်ရှူသံက မြန်ဆန်လာသည်။

အချိန်ကျပြီဖြစ်ကြောင်း မြင်သောအခါ ရွှီချင်းက အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး ဧရာမမျက်လုံးကို နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။

“ အရှင်မင်းကြီး… ကျွန်တော့်ရဲ့ စကားမဆုံးသေးပါဘူး… ကျွန်တော်က အင်ပါယာချီ(၁၃)မျှင်ကို အလကား လာတောင်းနေတာ မဟုတ်ပါဘူး… အဲ့ဒီအစား ကျွန်တော်တို့တွေ အပေးအယူတစ်ခု လုပ်ရအောင်ပါ ”

ထိုသို့ပြောပြီးနောက် ရွှီချင်းက လက်မြှောက်လိုက်ပြီး ဝိညာဉ်အသံတားမြစ်ဒေသကြီးထဲမှ ရုပ်သေးရုပ်ကို ထုတ်လိုက်သည်။ သူက ရုပ်သေးရုပ်ကို ရှေးဟောင်းဝိညာဉ်အင်ပါယာဆီသို့ ပေးလိုက်သည်။

“ ဒီဟာက တားမြစ်ဒေသကြီးရဲ့ အရှင်သခင်ပါ… အရှင်မင်းကြီးက ဒီဝိညာဉ်ကို နှစ်သက်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ် ”

ယင်းက ရှေးဟောင်းဝိညာဉ်အင်ပါယာအတွက် စိတ်ထွက်ပေါက်တစ်ခု ဖြစ်သည်။

ရှေးဟောင်းဝိညာဉ်အင်ပါယာက စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။ ထိုသုံးကောင်က သူ့အရှေ့မှာ သရုပ်ဆောင်နေကြောင်း သူပြောနိုင်သည်။ သို့သော်လည်း ဧကရီဖြစ်စေ ရွှီချင်း၏ ဆရာဖြစ်စေ သို့မဟုတ် လီဇီဟွားဖြစ်စေ ၎င်းတို့က ယခုအချိန်မှာ သူရန်ပြုနိုင်သောလူများ မဟုတ်ပေ။

ထို့ပြင် သူက အမှောင်ထဲမှာ ကိစ္စကြီးတစ်ခုကို တိတ်တဆိတ် ဆောင်ရွက်နေသည်။ နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးက ဤနေရာကို ဆင်းသက်လာမည်ဆိုလျှင် သူ၏ အစီအစဉ်က ထုတ်ဖော်ခံရလိမ့်မည်။

သို့ဖြစ်၍ တစ်ခဏကြာပြီးနောက် ရှေးဟောင်းဝိညာဉ်အင်ပါယာက သူ၏ နှလုံးသားထဲမှ ဆန္ဒမရှိမှုကို ဖိနှိပ်လိုက်ပြီး ရွှီချင်းကို စိုက်ကြည့်လိုက်သည်။ စုပ်ယူအားက သူ၏ ဧရာမမျက်လုံးထဲမှ ထွက်ပေါ်လာပြီး ရုပ်သေးရုပ်ကို ချက်ချင်း စုပ်ယူလိုက်သည်။

သူက ကြီးမားသော မကျေနပ်မှုနှင့်အတူ ရုပ်သေးရုပ်ကို တဂျွတ်ဂျွတ် အသံမြည်အောင် ကိုက်ဝါးစားလိုက်သည်။ အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် ရှေးဟောင်းဝိညာဉ်အင်ပါယာက နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်သည့်အခါ သူ၏ ဘေးမှ ကမ္မနဂါးဆယ့်သုံးကောင်က ရွှီချင်း၏ အုပ်စုဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

ထို့နောက် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မကျေနပ်သော စကားသံက ပဲ့တင်ထပ်လာသည်။

“ ထွက်သွား… နောက်ဘယ်တော့မှ ပြန်မလာနဲ့ ”

All Chapters