ဧကရီက ဆင့်ခေါ်ခြင်း
Vol. 95 Ch. 1466
နှစ်ပေါင်းမြောက်များစွာအတွင်း ရှေးဟောင်းဝိညာဉ်အင်ပါယာက မကြာခဏ ဆာလောင်လေ့ရှိသော်လည်း သူက အနည်းငယ် ဂျီးများသည်။
သို့သော်လည်း ဤနှစ်များတွင် သူက နတ်ဘုရားစွမ်းအင်ပါသော တစ်စုံတစ်ခုကို မြင်လိုက်သည်နှင့် မျက်လုံးပြူးကျယ်သွားပြီး ဆာလောင်မွတ်သိပ်သော စိတ်ခံစားမှုက သူ့ကို ဝါးမျိုသွားလိမ့်မည်။ ထိုအခါ သူက ဂျီးမများတော့ဘဲ အစားအစာများကို တစ်လုပ်တည်းဖြင့် မျိုချပစ်လိမ့်မည်။
တခြားလူများက အရသာကို မည်သို့အကဲဖြတ်ပါစေ သူ့အတွက်တော့ ၎င်းက လွန်စွာ အရသာရှိသည်။
ရလဒ်အနေဖြင့် သူ၏ စားသောက်မှုပုံစံက မူမမှန်တော့ပေ။
သို့သော်လည်း ယခု သူက ဤရုပ်သေးရုပ်ကို သူ၏ နှလုံးသားထဲမှ အထင်သေးရှုံ့ချနေသည်။
မည်သို့ဖြစ်ပါစေ သူ၏ ယခင်စားတော်ပွဲက နီလာနတ်သမီး၏ အသွေးအသားဖြစ်သည်။
နီလာနတ်သမီး၏ အသွေးအသားနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဤရုပ်သေးရုပ်က ခြင်တစ်ကောင်၏ အသားမျှသာ ဖြစ်၏။
သို့ဖြစ်၍ ရွှီချင်း၏ ရောက်ရှိလာမှုနှင့်ပတ်သက်ပြီး ရှေးဟောင်းဝိညာဉ်အင်ပါယာက စိတ်ရှုပ်ထွေးသွားသည်။ သူက ရွှီချင်းကို နောက်တစ်ကြိမ် ထပ်မလာရန် ကျိန်ဆဲလိုက်သော်လည်း သူ၏ နှလုံးသားထဲမှာတော့ မျှော်လင့်ချက်ထားနေဆဲပင်။
အကယ်၍ ရွှီချင်းက တကယ်မလာလျှင် သူက အနည်းငယ် နောင်တရလိမ့်မည်။
ရှုပ်ထွေးသော ထိုအတွေးများက ရှေးဟောင်းဝိညာဉ်အင်ပါယာကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ သူက စကားပြောလိုက်သည့်အခိုက် ရှေးဟောင်းဝိညာဉ်လောကက တုန်ယင်သွားသည်။ သူ၏ ထိန်းချုပ်မှုအောက်မှာ ရွှီချင်းနှင့် တခြားနှစ်ယောက်၏ အပေါ်မှာ ဧရာမဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်သော စုပ်ယူအားသည် ထိုဝဲကတော့ထဲမှ ပေါ်ထွက်လာသည်။
အဖိုးကိုးသည် မောင်းထုတ်ခံရခြင်းကို စိတ်ထဲမထားပေ။ သူက အင်ပါယာချီ(၁၃)မျှင်ကို ယူဆောင်လိုက်ပြီး ဝဲကတော့ဆီသို့ လျှောက်သွားသည်။
အားညိုသည်လည်း ထိုသို့ဆက်ဆံခံရခြင်းကို ဂရုမစိုက်ပေ။ အမှန်မှာ သူက ယင်းကို နေသားကျနေပြီ ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက နှုတ်ခမ်းသပ်လိုက်လေရာ သူ၏ မျက်လုံးထဲတွင် အနက်ရောင်အလင်းတန်း ထွက်ပေါ်လာသည်။ ထို့နောက် သူက ဝဲကတော့ဆီသို့ ပျံသန်းသွားသည်။
ရွှီချင်းသည်တော့ သူ၏ အပြုအမူကို ထိန်းသိမ်းထားဆဲပင်။ သူက မထွက်သွားခင် ရှေးဟောင်းဝိညာဉ်အင်ပါယာကို အရိုအသေပေးလိုက်သည်။
“ ဒီလိုဆိုမှတော့ အရှင်မင်းကြီး တံခါးပိတ်ကျင့်ကြံနေတာကို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး… အရှင်မင်းကြီးရဲ့ အနာဂတ်က အဆင်ပြေချောမွေ့ပြီး တံခါးပိတ်ကျင့်ကြံတာကနေ အမြန်ဆုံး ပြန်ထွက်လာနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ် ”
ထိုစကားထဲမှာ စိတ်ရင်းမှန်က မည်မျှပါဝင်နေကြောင်း မသေချာသော်လည်း ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ဒေါသက အနည်းငယ် ပြေလျော့သွားသည်။ မည်သို့ဖြစ်ပါစေ ရွှီချင်းက အစကတည်းက သူ့ကို အလွန်ယဉ်ကျေးစွာ ဆက်ဆံခဲ့ကြောင်း သူဝန်ခံရလိမ့်မည်။
စတွေ့ကတည်းက ဓားဆွဲထုတ်ခဲ့သော အဖိုးကိုးနှင့် သူ၏ ရတနာများကို ခိုးယူရန် ကြံရွယ်နေသော သူခိုးကောင်နှင့် နှိုင်းယှဉ်လျှင် ရွှီချင်း၏ ရိုသေလေးစားမှုက သူ့အား စိတ်ကျေနပ်စေသည်။
“ အရှင်မင်းကြီး… အရင်တုံကင်က အကျိုးသက်ရောက်မှု မရှိတော့ပါဘူး… ဒီဂျူနီယာက အနာဂတ်မှာ ကောင်းမွန်တဲ့ အစားအသောက်တွေနဲ့ တွေ့ဆုံရနိုင်ပါတယ်… တကယ်လို့ တုံကင်ကြောင့် အစားအသောက်တွေကို အချိန်မီ မပို့ပေးနိုင်ဘူးဆိုရင်… ”
ရွှီချင်းက ရှေးဟောင်းဝိညာဉ်အင်ပါယာကို ကြည့်လိုက်သည်။ ထိုသို့အစွမ်းထက်သော နောက်ခံကို သူက အလွယ်တကူ လက်မလျော့ချင်ပေ။
ရှေးဟောင်းဝိညာဉ်အင်ပါယာက နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ချက်ချင်းဆိုသလို ရွှီချင်း၏ ဦးခေါင်းပေါ်မှ ဝဲကတော့၏ စုပ်ယူအားက တစ်ဟုန်ထိုး မြင့်တတ်သွားပြီး ဤလောက၏ တွန်းကန်မှုက ပိုပြီးအားကောင်းလာသည်။
ယင်းကို မြင်သောအခါ ရွှီချင်းက အနည်းငယ် နောင်တရသွားသည်။ သို့သော်လည်း သူက တွန်းအားမပေးချေ။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အပေါ်မှ ဝဲကတော့ဆီသို့ ပျံသန်းသွားသည်။
သူက ဝဲကတော့ထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားတော့မည့်အချိန် တုံကင်တစ်ခုက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး ဝဲကတော့ထဲသို့ ပျံသန်းသွားသည်။ နောက်အခိုက်အတန့်မှာ ဝဲကတော့က တုန်ယင်သွားပြီး ရှေးဟောင်းဝိညာဉ်လောကထဲမှ ပျောက်ကွယ်သွားသည်။
ရှေးဟောင်းဝိညာဉ်လောကက တိတ်ဆိတ်ငြိမ်သက်သွားသည်။
နောက်ဆုံးမှာတော့ ရှေးဟောင်းဝိညာဉ်အင်ပါယာက တုံကင်ကို ပေးလိုက်ဆဲပင်။
ဧရာမမျက်လုံးကြီးက ဖြည်းညင်းစွာ ပြန်မှိတ်သွားသည်။
သို့သော်လည်း သူက ရှေးဟောင်းဝိညာဉ်လောက၏ မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော အရိုးခြောက်များထဲမှာ မူမမှန်သော အရိုးခြောက်တစ်ခုရှိနေကြောင်း သတိမထားမိခဲ့ပေ။ ဤအခိုက်အတန့်မှာ ထိုအရိုးခြောက်၏ ခန္ဓာကိုယ်ထဲတွင် အပြာရောင်အလင်း ထွက်ပေါ်လာသည်။
ထိုအလင်းရောင်က အရိုးခြောက်၏ အရိုးထဲတွင် ပုန်းအောင်းနေသော အပြာရောင်ပိုးကောင်ထံမှ ဖြစ်သည်။
ပိုးကောင်သည် ဖုံးကွယ်ခြင်းစွမ်းအားကို အပြည့်အဝ ထုတ်ဖော်၍ ၎င်း၏ အရှိန်အဝါအားလုံးကို ဖုံးကွယ်ထားသည်။ ထုံးစံအားဖြင့် ထိုပိုးကောင်ကို အားညိုက ချန်ထားခဲ့ခြင်း ဖြစ်သည်။
အနာဂတ်မှာ ထိုအရိုးခြောက်က ဤသေခြင်းလောကထဲမှာ ဖြည်းဖြည်းချင်း ရွေ့လျားပြီး မူလခန္ဓာကိုယ် အနံ့ခံမိခဲ့သော ရတနာများကို လိုက်လံရှာဖွေလိမ့်မည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
နေ့တစ်ဝက် ကြာမြင့်ပြီးနောက် သစ်သားဝိညာဉ်မျိုးနွယ်၏ နယ်မြေအပြင်ဘက်မှ ကောင်းကင်ပေါ်တွင် အဖိုးကိုးက လင်းအာနှင့်အတူ ထွက်ခွာသွားသည်။
အင်ပါယာချီ(၁၃)မျှင်ကို လင်းအာ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လိုက်သည့်အခါ သူ၏ သွေးမျိုးဆက်ကျိန်စာက အပြည့်အဝ ဖိနှိပ်ခံလိုက်ရသည်။ ယင်းက အချိန်ကာလတစ်ခုထိ မည်သည့်ပြဿနာမှ မရှိနိုင်ပေ။
လင်းအာ၏ ကျင့်ကြံခြင်းအခြေခံသည်လည်း အောင်မြင်စွာ မြင့်တတ်သွားသည်။ သူက ဝိညာဉ်သိုက်အဆင့်သို့ စတင်တတ်လှမ်းသွားသည်။
ရှေးဟောင်းဝိညာဉ်မျိုးနွယ်၏ ထူးခြားသော ရုပ်ခန္ဓာကိုယ်ကြောင့် အစောပိုင်းအဆင့်များတွင် သူတို့၏ ကျင့်ကြံခြင်း၌ မည်သည့်အတားအဆီးမှ မရှိပေ။ သို့သော်လည်း သူတို့က အချိန်ကာလတစ်ခုထိ နက်ရှိုင်းစွာ အိပ်မောကျနေလိမ့်မည်။
ယခုအချိန်မှာ စစ်ပွဲက ဝမ်ကူးကုန်းမြေ၏ နေရာတိုင်းမှာ ဖြစ်ပွားနေသည်။ သို့သော်လည်း လပူဇော်ဒေသကြီးက အတိုင်းအတာတစ်ခုထိ ဘေးကင်းလုံခြုံသည်။
မည်သို့ဖြစ်ပါစေ လီဇီဟွားက ပြန်လာနေကြောင်း ဝမ်ကူးကုန်းမြေထဲမှ အစွမ်းထက်မျိုးနွယ်စုကြီးအားလုံးက သိထားကြသည်။ သူတော်စင်ကုန်းမြေများသည်ပင် လပူဇော်ဒေသကြီးဆီသို့ မဆင်းသက်ဝံ့ကြချေ။
သို့ဖြစ်၍ အိပ်မောကျနေသော လင်းအာကို လပူဇော်ဒေသကြီးဆီသို့ ပြန်ခေါ်သွားခြင်းက အကောင်းမွန်ဆုံး ရွေးချယ်မှုဖြစ်သည်။
အစက ရွှီချင်းသည် လပူဇော်ဒေသကြီးဆီသို့ ပြန်သွားသင့် မသွားသင့် တွေဝေနေခဲ့သည်။
သို့သော်လည်း ဧကရီထံမှ အင်ပါယာအမိန့်တော်က ရွှီချင်း၏ အတွေးများကို ပြောင်းလဲသွားစေသည်။
“ အိမ်ရှေ့စံမင်းသားရဲ့ အတိုင်ပင်ခံအမတ် ရွှီချင်း… နန်းမြို့တော်ဆီ အမြန်ပြန်လာပါ… ဖုန်းဟိုင်ဒေသငယ်ရဲ့ စစ်တပ်က သုံးသုတ်မြောက်မှာ ရောက်လိမ့်မယ် ”
သူတော်စင်ကုန်းမြေများ ဆင်းသက်လာပြီးနောက် မီးလျှံလ၏ နယ်နိမိတ်များနှင့် လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီးထဲတွင် သေးငယ်သော စစ်ပွဲများက မကြာခဏ ဖြစ်ပွားနေကြသည်။
ထို့ကြောင့် ရွှီချင်းဆီမှာ ဧကရီ၏ ဆင့်ခေါ်မှုကို ငြင်းဆန်ရန် အကြောင်းပြချက် မရှိပေ။
သို့ဖြစ်၍ အဖိုးကိုး၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ပြီးနောက် ရွှီချင်းက သူ၏ ဘေးမှ စီနီယာအကိုကြီးကို ကြည့်လိုက်သည်။
အားညိုသည် အဖိုးကိုး၏ ထွက်ခွာမှုနှင့် ဧကရီ၏ အမိန့်တော်ကို ဂရုမစိုက်ပေ။ ဤအခိုက်အတန့်မှာ သူ၏ စိတ်အာရုံအားလုံးက ရှေးဟောင်းဝိညာဉ်လောကထဲမှာ သူချန်ထားခဲ့သော ပိုးကောင်ပေါ်သို့ ရောက်ရှိနေသည်။
တစ်ခဏကြာပြီးနောက် အားညိုက မျက်လုံးဝင်းလက်သွားသည်။
“ အဲ့ဒါကို ငါအာရုံခံနိုင်တယ်… ဟား ဟား ’
အားညိုက စိတ်လှုပ်ရှားသွားသည်။
သူ၏ စီနီယာအကိုကြီးက ရှေးဟောင်းဝိညာဉ်လောကထဲမှာ အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ကြောင်း အကြည့်တစ်ချက်ဖြင့် ရွှီချင်းပြောနိုင်သည်။ ထို့ကြောင့် သူက သတိပေးလိုက်သည်။
“ စီနီယာအကိုကြီး… ရှေးဟောင်းဝိညာဉ်အင်ပါယာရဲ့ သေခြင်းနယ်မြေဆီ အကြိမ်အများကြီး ငါရောက်ဖူးတယ် ”
အားညိုက ရွှီချင်းကို ကြည့်လိုက်သည်။
“ အရင်တုန်းက အများကြီး ငါသတိမထားမိခဲ့ဘူး… ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါ့ရဲ့ မြင့်တတ်လာတဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ရုပ်ခန္ဓာကိုယ်ကြောင့် ထူးဆန်းတာကို ငါအာရုံခံမိခဲ့တယ် ”
ရွှီချင်းက တွေးတောပြီးနောက် တိုးညင်းစွာ ပြောသည်။
“ ငါ့အထင်တော့ ဒီတစ်ကြိမ် ငါရောက်သွားတဲ့ ရှေးဟောင်းဝိညာဉ်လောကက အရင်က ငါရောက်ဖူးတဲ့ ရှေးဟောင်းဝိညာဉ်လောကနဲ့ တစ်ခုတည်း မဟုတ်ဘူး ”
“ တကယ်တော့ အရင်တုန်းက အကြိမ်တွေကို ပြန်စဉ်းစားလိုက်မယ်ဆိုရင် အကြိမ်တိုင်းက အဲ့ဒီလိုချည်းပဲ ”
“ ရှေးဟောင်းဝိညာဉ်လောကက တစ်ခုထက်ပိုရှိမယ်လို့ ငါသံသယရှိတယ် ”
“ ဧရာမမြွေကလည်း တစ်ကောင်ထက် ပိုရှိနိုင်တယ် ”
“ ပြီးတော့ ဝိညာဉ်ချောက်နက်ရဲ့ မြူခိုးထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ဆန္ဒပါဝင်တဲ့ အကြည့်နဲ့ ရှေးဟောင်းအရှိန်အဝါကို ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံက အာရုံခံမိခဲ့တယ် ”
ရွှီချင်းက စကားအများကြီး ပြောခဲသည်။ တိကျသော သတင်းအချက်အလက်ရှားပါးမှုကြောင့် စီနီယာအကိုကြီး၏ ရူးသွပ်မှုက လမ်းကြောင်းသွေဖယ်သွားမည်ကို သူစိုးရိမ်သည်။
အကယ်၍ ထိုသို့ဖြစ်လာမည်ဆိုလျှင် ယင်းက ရူးသွပ်မှုမဟုတ်တော့ဘဲ သေလမ်းရှာခြင်း ဖြစ်သွားလိမ့်မည်။
ယင်းကို အားညိုကြားသောအခါ သူက နက်နဲစွာ တွေးတောလိုက်သည်။
“ မင်းပြောတာ သဘာဝကျတယ်… တကယ်လို့ ငါသာ ရှေးဟောင်းဝိညာဉ်အင်ပါယာဆိုရင် လောကတွေ အများကြီးကို ပြင်ဆင်ထားပြီး အတုတွေနဲ့ အစစ်ကို ရောထားလိမ့်မယ် ”
“ ကောင်းပြီ… အဲ့ဒီထဲမှာ ငါချန်ထားခဲ့တဲ့ ပိုးကောင်ကို ပိုပြီးဂရုစိုက်ခိုင်းလိုက်မယ် ”
“ ဒါပေမဲ့ ချင်းလေး… အဲ့ဒီမှာ ရတနာတစ်ခု တကယ်ရှိတယ်… အဲ့ဒါက ဘာလဲဆိုတာ အတိအကျ ငါအာရုံမခံနိုင်ပေမဲ့ အဲ့ဒီရတနာက မင်းနဲ့ ငါ့အတွက် သေချာပေါက် အသုံးဝင်လိမ့်မယ် ”
“ ငါ ဂရုတစိုက် စူးစမ်းရှာဖွေရလိမ့်မယ်… ”
အားညိုက နှုတ်ခမ်းသပ်လိုက်သည်။
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူ၏ စီနီယာအကိုကြီးက ရူးသွပ်သော်လည်း ငတုံးမဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက နောက်ထပ် ဘာမှမပြောတော့ပေ။ သူ၏ အကြည့်က ဖုန်းဟိုင်ဒေသငယ်၏ ဦးတည်ရာဆီသို့ ကျရောက်သွားသည်။
စေတီက အလွန်မြန်ဆန်သော်လည်း လူသားမျိုးနွယ်၏ နန်းမြို့တော်ဆီသို့ ဦးတည်သွားသည့်အခါ ၎င်းက တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များကို မယှဉ်နိုင်ပေ။ မည်သို့ဖြစ်ပါစေ နန်းမြို့တော်သို့ သွားရန် ဒေသကြီးများစွာကို သူတို့ဖြတ်ကျော်ရလိမ့်မည်။
ထို့ပြင် နန်းမြို့တော်ဆီသို့ ဦးတည်မသွားခင် ရွှီချင်းက ဖုန်းဟိုင်ဒေသငယ်ထဲမှာ ကိစ္စတချို့ကို ဆောင်ရွက်ရဦးလိမ့်မည်။
သို့ဖြစ်၍ သူက သစ်သားဝိညာဉ်မျိုးနွယ်ထဲမှာ ဆက်မနေတော့ပေ။ သစ်သားဝိညာဉ်မျိုးနွယ်ကို ကောင်းမွန်စွာ နှုတ်ဆက်ပြီးနောက် သူက ကောင်းကင်ဘုံသူတော်စင်စေတီကို စီးနင်းပြီး ဖုန်းဟိုင်ဒေသငယ်ဆီသို့ ဦးတည်သွားသည်။
ရွှီချင်း၏ ပြန်ရောက်လာမှုက ဖုန်းဟိုင်ဒေသငယ်အတွက် ကိစ္စကြီးဖြစ်သည်။ ထုံးစံအားဖြင့် မိတ်ဆွေဟောင်းများကြားတွင် ပြန်လည်တွေ့ဆုံခြင်းနှင့် နှုတ်ဆက်ခြင်းများ ရှိသည်။
ဥပမာ အမတ်ယောင်၊ ငှက်ကြီးချင်းချင်း၊ ယောင်ယွင်ဟွေ့နှင့် ဓားကိုင်ရုံးတော်မှ သူ၏ မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။
ထို့ပြင် တာဝေးတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အသက်သွင်းရန်နှင့် စုံစမ်းစစ်ဆေးရန် အချိန်တချို့ကြာမြင့်လိမ့်မည်။ မည်သို့ဖြစ်ပါစေ ဖုန်းဟိုင်ဒေသငယ်သည် ရွှီချင်း၏ တည်နေရာပြောင်းရွှေ့မှုမှာ မည်သည့်မတော်တဆမှုမှ ဖြစ်ပေါ်ခွင့်မပြုနိုင်ပေ။
သို့ဖြစ်၍ သူနှင့် အားညိုက ဖုန်းဟိုင်ဒေသငယ်ထဲမှာ တစ်ညကြာအောင် နေထိုင်ရလိမ့်မည်။
ထိုညတွင် ဖုန်းဟိုင်ဒေသငယ်မှ ကိုယ်စားလှယ်အသီးသီးက ရွှီချင်းကို လာရောက်နှုတ်ဆက်ကြသည်။ ညဉ့်နက်အချိန်သို့ ရောက်လာပြီး လူတိုင်းက ပြန်ထွက်ခွာသွားကြသောအခါ ရွှီချင်းသည်လည်း ဒေသအကြီးအကဲ၏ စံအိမ်ထဲမှ ထွက်သွားသည်။
သူက အကျဉ်းထောင်ဌာန၏ အရှေ့မှာ ထွက်ပေါ်လာသည်။
သူက လမ်းလျှောက်နေစဉ် အတိတ်တုန်းက မှတ်ဉာဏ်များက သူ၏ စိတ်ထဲမှာ ပုံရိပ်ပြန်ပေါ်လာကြသည်။ အတိတ်တွင် သူက ဤနေရာမှာ နယ်ရုပ်တစ်ရုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဓားကိုင်ရုံးတော်၏ ယခင်ရုံးတော်သခင် ခုန်းလျှန်ရှို့၏ ပုံရိပ်သည်လည်း သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
နောက်ဆုံးမှာတော့ ရွှီချင်းက အကျဉ်းထောင်ဌာန၏ အောက်ခြေသို့ ရောက်ရှိသွားသည်။ ထိုနေရာသည် အတိတ်တွင် ရှေးဘုရင်ရွှမ်ယုံ၏ ယာယီနန်းတော် ဖြစ်ခဲ့သည်။ ယခု ထိုနန်းတော်က အပျက်အစီးနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ ဤနေရာက နတ်ငါးမသေဆုံးခင် ၎င်းအနားယူခဲ့သောနေရာ ဖြစ်သည်။
ယခု အင်မော်တယ်တားမြစ်နယ်မြေသည် ဖုန်းဟိုင်ဒေသငယ်၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ကျရောက်သွားသည်။ သူတို့က တချို့ဧရိယာများကို အဆင့်မြှင့်တင်ခဲ့ကြသည်။ ဥပမာ နန်းတော်၏ အစွန်းအဖျားနေရာများ ဖြစ်ကြသည်။
တချို့နေရာများကို စူးစမ်းရှာဖွေခဲ့ကြသည်။ ဥပမာ အင်မော်တယ်အတတ်ပညာများရှိသော ခန်းမဖြစ်သည်။ ခန်းမထဲမှ အင်မော်တယ်အတတ်ပညာများသည် ယခု ဖုန်းဟိုင်ဒေသငယ်၏ အရေးကြီးဆုံး အခြေခံအုတ်မြစ် ဖြစ်လာသည်။
တချို့ဧရိယာများသည်တော့ တားမြစ်နယ်မြေအဖြစ် ပြောင်းလဲသွားကြသည်။ ဥပမာ ဖီးနစ်ခန်းမဆောင်ဖြစ်သည်။
ရွှီချင်း၏ ဦးတည်ရာက ထိုခန်းမဆောင်ဖြစ်သည်။
သူက ဖီးနစ်ခန်းမဆောင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော ထိုနေရာကို ကြည့်လိုက်သည်။
အတိတ်တွင် သူက ဤနေရာမှာ သူ၏ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးခဲ့သည်။
နောက်ပိုင်းမှာ ဤနေရာက ရှေးဘုရင်ရွှမ်ယုံ၏ သမီးတော် သေဆုံးသွားခဲ့သောနေရာဖြစ်ကြောင်း သူရှာတွေ့သွားသည်။ ထို့ပြင် ယင်းက မွန်မြတ်သော ခရမ်းရွှမ်မီးအိမ်ကို သိမ်းဆည်းထားသောနေရာ ဖြစ်သည်။
ယင်းက နတ်မိမယ်ကျစ်ရွှမ်း အမွေအနှစ်ဆက်ခံနေသော နေရာလည်း ဖြစ်၏။
ခန်းမ၏ အပြင်ဘက်မှာ ရပ်နေစဉ် ပထမဆုံး ရွှီချင်းအာရုံခံမိသွားသည်မှာ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ အရှိန်အဝါဖြစ်သည်။
ချက်ချင်းဆိုသလို ကျင်းကန်းဂိုဏ်းဘိုးဘေးရှိသော သံချောင်းသည် ခန်းမ၏ အုတ်ပုံထဲမှ ပျံသန်းထွက်လာသည်။ ၎င်းက ယိုလင်းဇီ၏ ပုံရိပ်အဖြစ် အသွင်ပြောင်းလဲလိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ဒူးထောက်လိုက်ကာ အရိုအသေပေးလိုက်သည်။
“ သခင့်ကို နှုတ်ဆက်ပါတယ် ”
ကျင်းကန်းဂိုဏ်ဘိုးဘေးက စိတ်လှုပ်ရှားနေသည်။
ထိုအခိုက်အတန့်မှာ ရွှီချင်း၏ ခြေဖဝါးအောက်မှ အရိပ်လေးသည်လည်း ပရမ်းပတာ လှုပ်ခါသွားသည်။ ၎င်းက မျက်လုံးတစ်လုံးသို့ အသွင်ပြောင်းလဲလိုက်ပြီး ကျင်းကန်းဂိုဏ်းဘိုးဘေးကို ၎င်း၏ မဟာရန်သူတော်တစ်ဦးပမာ စူးစိုက်ကြည့်လိုက်သည်။
“ ကျစ်ရွှမ်းဘယ်လိုနေလဲ ”
ရွှီချင်းက တည်ငြိမ်စွာ မေးသည်။
“ သခင်… သခင်မက အဓိကခန်းမဆောင်ထဲကို ဝင်ရောက်သွားပြီးနောက် ပြန်ထွက်မလာပါဘူး… ဒီအတောအတွင်းမှာ ကျွန်တော်က ဒီနေရာကို သတိကြီးစွာထားပြီး စောင့်ကြပ်ပေးနေပါတယ်… လူမပြောနဲ့ ခြင်တစ်ကောင်တောင် ဒီအနားကို ချဉ်းကပ်လာခွင့်မပြုပါဘူး ”
“ ပြီးတော့ သခင်မက အဓိကခန်းမဆောင်ဆီ မသွားခင် ကျွန်တော့်ကို မှာကြားသွားပါတယ်… တကယ်လို့ သခင်က ဒီရောက်လာမယ်ဆိုရင် ခန်းမထဲကို အတင်းအဓမ္မ မဝင်လာပါနဲ့တဲ့… သူ့ကို အချိန်နည်းနည်း ပေးပါတဲ့… ဘာအခက်အခဲပဲရှိပါစေ သူ့ဘာသာ ဖြေရှင်းနိုင်ပါတယ်တဲ့… သူအောင်မြင်သွားရင် သခင့်ကို လာရှာပါမယ်တဲ့ ”
ကျင်းကန်းဂိုဏ်းဘိုးဘေးက အမြန်ပြောသည်။
ယင်းကို ရွှီချင်းကြားသောအခါ သူ၏ အကြည့်က အဓိကခန်းမဆောင်ဆီသို့ ကျရောက်သွားသည်။ သူက နတ်ဘုရားစိတ်အာရုံကို မဖြန့်ကြက်နိုင်သော်လည်း ခန်းမဆောင်ထဲမှ စွမ်းအင်အတတ်အကျများက မတည်မငြိမ်ဖြစ်နေကြောင်း သူပြောနိုင်သည်။
ထို့ကြောင့် သူက အဓိကခန်းမဆောင်၏ အပြင်ဘက်မှာ တိတ်တဆိတ် ထိုင်လိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး တရားထိုင်လိုက်သည်။
ညအချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
ထိုညတွင် ကျင်းကန်းဂိုဏ်းဘိုးဘေးက တည်ကြည်နေပြီး အရိပ်လေးက သတိကြီးစွာထားနေသည်။ ၎င်းတို့နှစ်ယောက်က အနာဂတ်မှာ တစ်ဖက်လူအား မည်သို့အနိုင်ယူရမည်ကို စိတ်ထဲမှာ တွေးတောနေကြသည်။
သို့သော်လည်း ရံဖန်ရံခါ ၎င်းတို့က အပြန်အလှန် ကြည့်မိသွားသည့်အခါ ၎င်းတို့၏ အမူအရာက ခြားနားသွားသည်။ အရိပ်လေး၏ အမူအရာမှာ ရန်လိုမှုဖြင့် ပြည့်နှက်နေစဉ် ကျင်းကန်းဂိုဏ်းဘိုးဘေးက ပြုံးလိုက်သည်။
ဖုန်းဟိုင်ဒေသငယ်၏ ညအချိန်က ကုန်လွန်သွားပြီး ကောင်းကင်ပေါ်တွင် နေထွက်လာသည့်အခါ ရွှီချင်းက မျက်လုံးပြန်ဖွင့်လိုက်သည်။ သူက ဖီးနစ်ခန်းမဆောင်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ထွက်သွားသည်။
တစ်နာရီကြာပြီးနောက် ဖုန်းဟိုင်ဒေသငယ်၏ အင်အားစုအသီးသီးမှ ကိုယ်စားလှယ်များ၏ ရိုသေလေးစားစွာ နှုတ်ဆက်မှုအောက်မှာ ဖုန်းဟိုင်ဒေသငယ်၏ တာဝေးတည်နေရာပြောင်းရွှေ့အစီအရင်က ဝုန်းခနဲ မြည်သွားပြီး အသက်ဝင်လာသည်။ ထို့နောက် စည်းချအစီအရင်အတွင်းမှ ရွှီချင်းနှင့် အားညို၏ ပုံရိပ်များက ဝေဝါးလာပြီး ပျောက်ကွယ်သွားကြသည်။