← Chapters

အရင်တုန်းက ငါနဲ့ တူသေးလား

Vol. 95 Ch. 1467

အရင်တုန်းက ငါနဲ့ တူသေးလား

Vol. 95 Ch. 1467

အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေများ ဆင်းသက်လာကတည်းက ဝမ်ကူးကုန်းမြေ၏ တောင်ပိုင်း၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ပွဲများက ပြင်းထန်စွာ ဖြစ်ပွားနေကြသည်။ နှစ်ဖက်စလုံးသည် အနိုင်အရှုံးများကို ရင်ဆိုင်ကြရသည်။ အချိန်ကြာလာသည်နှင့်အမျှ စစ်ပွဲက ပိုပြီးကြမ်းတမ်းလာသည်။

အချိန်နှင့်အမျှ အသက်များက ရိတ်ခြွေခံနေရပြီး တိုက်ပွဲများက ဖြစ်ပွားနေကြသည်။

ဝမ်ကူးကုန်းမြေသည် ပရမ်းပတာဖြစ်နေသည်။

အရှေ့ပိုင်းဝမ်ကူးကုန်းမြေတွင်တော့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နှင့် လူသားမျိုးနွယ်သည် မျိုးနွယ်စုအသီးသီးမှ အင်အားကို စုဆောင်း၍ ကောင်းကင်နှင့် မြေပြင်ကို ခွဲခြားထားမည့် ပြိုင်ဘက်ကင်း စည်းချအစီအရင်တစ်ခုကို ဖွဲ့စည်းခဲ့သည်။

စည်းချအစီအရင်၏ အပြင်ဘက်မှ ကောင်းကင်ပေါ်တွင် အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေလေးခု ရှိကြသည်။

စည်းချအစီအရင်၏ အတွင်းဘက်တွင်တော့ အရှေ့ပိုင်းဝမ်ကူးကုန်းမြေထဲမှ သက်ရှိအားလုံး တည်ရှိကြသည်။

သူတော်စင်ကုန်းမြေများမှ မဟာဧကရာဇ်များသည် လူသားဧကရီနှင့် မီးလျှံလနတ်ဘုရားသုံးပါးဖြင့် တိုက်ခိုက်ပြီးနောက် နောက်တစ်ကြိမ် ထွက်ပေါ်မလာကြတော့ချေ။ သို့သော်လည်း မီးလျှံလနတ်ဘုရားသုံးပါးက တံခါးပိတ်ကျင့်ကြံခြင်းကို ဝင်ရောက်သွားကြသည်။

ထိုတိုက်ပွဲတွင် မည်သူက အနိုင်ရပြီး မည်သူက ရှုံးနိမ့်သွားကြောင်း အပြင်လူများက မသိနိုင်ကြချေ။

သူတို့သိထားကြသည်မှာ လူသားဧကရီက ပုံမှန်အတိုင်း ဆက်လက်ရှိနေပြီး စစ်ပွဲကို ဆက်လက် ကွပ်ကဲနေသည်။

စစ်ပွဲက ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသမှာ ဆက်လက် ဖြစ်ပွားနေသည်။

ဤအတောအတွင်းမှာ အသေးစား စစ်ပွဲများသာ ဖြစ်ပွားနေကြသည်။ အရှေ့ပိုင်းဝမ်ကူးကုန်းမြေနှင့် သူတော်စင်ကုန်းမြေများသည် စစ်ပွဲ၏ ဦးဆောင်မှုကို ထိန်းချုပ်ရန် ကြိုးစားနေကြသည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်တွင်ဖြစ်စေ သို့မဟုတ် လူသားမျိုးနွယ်တွင်ဖြစ်စေ အသေးစား စစ်ပွဲများက ဆက်လက် ဖြစ်ပွားနေကြသည်။

ဤအခိုက်အတန့်မှာ ပြိုင်ဘက်ကင်း စည်းချအစီအရင်၏ အပြင်ဘက်တွင် သေးငယ်သော စစ်ပွဲတစ်ပွဲဖြစ်ပွားနေသည်။ နှစ်ဖက်စလုံးမှ လူအများအပြားသည် စစ်ပွဲမှာ ပါဝင်နေကြသည်။ သူတို့က အတူတကွ ပြွတ်သိပ်တည်ရှိနေလေရာ အဝေးမှကြည့်လျှင် အနက်ရောင်အစက်အပြောက်များဖြင့် ဆင်တူကြသည်။

ရွှီချင်းနှင့် အားညိုသည် ဖုန်းဟိုင်ဒေသငယ်မှစတင်၍ လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီးဆီသို့ ဦးတည်သွားရန် အကြိမ်ပေါင်းများစွာ တည်နေရာပြောင်းရွှေ့ခဲ့ကြသည်။

သူတို့၏ ခရီးစဉ်က အတော်လေး အဆင်ပြေချောမွေ့သည်။

သူတို့က လမ်းတစ်လျှောက်တွင် အချိန်အကြာကြီး မဖြုန်းတီးခဲ့ပေ။ ရှေးဟောင်းတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ဖြင့် တွေ့ဆုံသည့်အခါမှသာ အားညိုက တည်နေရာပြောင်းရွှေ့ခြင်းငှက်မွှေးများကို ပိုမိုများပြားစွာ ဆွဲနုတ်ပစ်ခဲ့သည်။

ယခု သူတို့က စည်းချအစီအရင်၏ အတွင်းထဲမှာ ထွက်ပေါ်လာကြသည့်အခိုက် ဝုန်းခနဲ မြည်သံများနှင့် အော်ဟစ်သံများက ကောင်းကင်ပေါ်မှ ပဲ့တင်ထပ်လာပြီး သူတို့၏ နားထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။

မရေမတွက်နိုင်သော ထိုအသံများက အရပ်မျက်နှာအဘက်ဘက်သို့ မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။ မန္တန်များမှ ရောင်စုံအလင်းများက ညကောင်းကင်ယံတွင် အလှဆေးခြယ်နေကြသည်။

သူတို့က ခေါင်းမော့လိုက်သည့်အခါ စည်းချအစီအရင်အောက်တွင် အရှေ့ပိုင်းဝမ်ကူးကုန်းမြေထဲမှ အင်အားစုအသီးသီး၏ ကျင့်ကြံသူအုပ်စုများက အစီအစဉ်တကျ တိုက်ခိုက်နေကြပြီး ပြန်လည်အားဖြည့်ရန် တပ်ဆုတ်လာနေကြကြောင်း မြင်သွားကြသည်။

တပ်ပြန်ဆုတ်လာခြင်းကို ကြည့်ခြင်းအားဖြင့် သူတို့က ကြီးမားသော ရှုံးနိမ့်မှုကို တွေ့ကြုံခဲ့ရကြောင်း ထင်ရှားပေသည်။

သို့သော်လည်း သူတော်စင်ကုန်းမြေများက အရေးမသာခဲ့ပေ။ အလောင်းများက အောက်သို့ ပြုတ်ကျလာသည့်အခါ စည်းချအစီအရင်၏ ဖျက်ဆီးခြင်းခံလိုက်ရသည်။

“ စစ်ပွဲ… ”

ရွှီချင်း၏ အမူအရာက တည်ကြည်သွားသည်။ သူက စည်းချအစီအရင်၏ အပြင်ဘက်ကို အာရုံစိုက်နေစဉ် သူထွက်ပေါ်လာသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က အစောင့်အကြပ်ထူထဲသော စစ်တပ်စခန်းထဲမှာ တည်ရှိနေသည်။ ထို့ကြောင့် နတ်ဘုရားစိတ်အာရုံအများအပြားက အရပ်မျက်နှာအဘက်ဘက်မှ ပျံ့နှံ့ထွက်လာကြပြီး သူ့ကို လွှမ်းခြုံသွားကြသည်။

ထိုထဲမှာ သူ့ကို ပစ်မှတ်ထားနေသော သတ်ဖြတ်ခြင်းအရှိန်အဝါတချို့လည်း ပါရှိကြသည်။

ရွှီချင်း၏ သရုပ်ကို အာရုံခံမိပြီးနောက် ထိုနတ်ဘုရားစိတ်အာရုံများနှင့် သတ်ဖြတ်ခြင်းအရှိန်အဝါများက ချက်ချင်း လွင့်ပြယ်သွားကြသည်။

ထို့နောက် ပုံရိပ်များစွာက အရပ်မျက်နှာအဘက်ဘက်မှ ပျံသန်းလာကြပြီး ရွှီချင်းကို အရိုအသေပေးလိုက်ကြသည်။

အရှေ့ဆုံးမှ ဦးဆောင်လာသူသည် အဖိုးအိုတစ်ယောက် ဖြစ်သည်။

ရွှီချင်းက ထိုအဖိုးအိုကို ယခင်က မြင်ဖူးသည်။ တစ်ဖက်လူသည် ချန်းမျိုးရိုးနာမည်နှင့် လူသားမျိုးနွယ်မှ ကောင်းကင်ဘုံအမတ်တစ်ဦး ဖြစ်သည်။

“ အတိုင်ပင်ခံအမတ်ကို နှုတ်ဆက်ပါတယ် ”

“ ကောင်းကင်ဘုရင်တချို့က စည်းချအစီအရင်ရဲ့ အပြင်ဘက်မှာ တိုက်ခိုက်နေကြပါတယ်… သူတို့က ပြန်မလာနိုင်ကြသေးပါဘူး… ဒါကြောင့် ကျွန်တော်က ဒီနေရာက ကိစ္စအဝဝကို စီမံကွပ်ကဲဖို့ အမိန့်ပေးခံထားရပါတယ်… ပြီးတော့ အတိုင်ပင်ခံအမတ်ရောက်လာတဲ့အခါ နန်းတော်ဆီ ချက်ချင်း အခစားဝင်ရောက်ဖို့ အရှင်မက မှာကြားထားပါတယ် ”

ကောင်းကင်ဘုံအမတ်ချန်းက ရိုသေလေးစားစွာ ပြောသည်။

ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ပေါ်မှ စစ်ပွဲကို ကြည့်လိုက်သည်။ ထို့နောက် သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်ပြီး စစ်စခန်းတစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။ မျိုးနွယ်စုအသီးသီးမှ မရေမတွက်နိုင်သော စစ်သည်တော်များက ပြန်လည်အားဖြည့်နေကြောင်း သူမြင်တွေ့သွားသည်။

သူ၏ နှလုံးသားက လေးလံသွားသည်။

ဤနေရာမှ ဆိုးဝါးသော အခြေအနေနှင့် နှိုင်းယှဉ်မည်ဆိုလျှင် လမ်းတစ်လျှောက်မှာ သူမြင်တွေ့ခဲ့ရသော အရှေ့ပိုင်းဝမ်ကူးကုန်းမြေထဲမှ တခြားနေရာများက စကားထဲ ထည့်ပြောရန် မထိုက်တန်ပေ။

အဘယ့်ကြောင့်ဆိုသော် ဤနေရာက အရာအားလုံးကို တားဆီးပေးထားသောနေရာ ဖြစ်သည်။

ဤနေရာက အရှေ့ပိုင်းဝမ်ကူးကုန်းမြေ၏ အဓိကနယ်မြေဖြစ်ရုံသာမက ရှေ့တန်းခံတပ်လည်း ဖြစ်သည်။

“ စစ်ပွဲအခြေအနေက ဘယ်လိုရှိလဲ ”

ရွှီချင်းက ဖြည်းညင်းစွာ မေးသည်။

“ အခြေအနေက ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာ ရှိနေပါသေးတယ်”

ကောင်းကင်ဘုံအမတ်ချန်းက ပြုံးလိုက်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါက အနည်းငယ် မတည်မငြိမ်ဖြစ်နေသည်။ သူက ဒဏ်ရာရရှိထားကြောင်း ထင်ရှားသည်။ သူက စကားဆက်ပြောတော့မည့်အချိန် စည်းချအစီအရင်၏ အပြင်ဘက်တွင် ကျယ်လောင်သော မြည်သံက ပဲ့တင်ထပ်လာသည်။

နှစ်ဖက်စလုံးမှ မရေမတွက်နိုင်သော အနက်ရောင်အစက်အပြောက်များကြားတွင် ထွန်းလင်းသော အလင်းရောင်တစ်ခုက ပေါက်ကွဲထွက်လာသည်။

၎င်းက သူတော်စင်ကုန်းမြေမှ သက်လတ်ပိုင်းအရွယ် လူထွားကြီးတစ်ယောက် ဖြစ်သည်။ သူ၏ ကျောပေါ်တွင် ဧရာမအတောင်ပံတစ်စုံရှိပြီး သူ၏ တစ်ကိုယ်လုံးမှ သွေးဆာသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် အံ့ဩဖွယ်ကောင်းစွာ မဟာလောကငါးခု ဝိညာဉ်စုစည်းခြင်းအဆင့်သို့ ရောက်ရှိနေသည်။

ထိုသို့ကျင့်ကြံခြင်းအခြေခံသည် လူသားမျိုးနွယ်ထဲမှ ကောင်းကင်ဘုရင်အများစုထက် သာလွန်ပေသည်။

အထူးသဖြင့် ဤကဲ့သို့ သေးငယ်သော စစ်ပွဲအတွင်းမှာ ထိုသို့ကျင့်ကြံသူတစ်ယောက်က အလွန်ထင်ပေါ်သည်။ မျိုးနွယ်စုအသီးသီးမှ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများက စစ်ပွဲမှာ ပါဝင်ကြသော်လည်း သူတို့အားလုံးက သူတော်စင်ကုန်းမြေမှ အဆင့်မြင့်ကျင့်ကြံသူများ၏ တားဆီးခံထားရကြသည်။ သို့ဖြစ်၍ လူထွားကြီးက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို အတားအဆီးမဲ့စွာ စတင်လုပ်ဆောင်တော့သည်။

ဤသည်မှာ သူက စစ်မြေပြင်ထဲမှာ လမ်းကြောင်းတစ်ခုကို ဖောက်ထွင်းတော့မည့်အလားပင်။

သူ၏ အနောက်တွင် မိစ္ဆာငှက်မွှေးကျင့်ကြံသူတစ်ထောင်ကျော်က အစောင့်အကြပ်များသဖွယ် လိုက်ပါလာကြသည်။

သူတို့၏ ပစ်မှတ်သည် ကောင်းကင်နှင့် မြေပြင်ကို ပိုင်းခြားထားသော ပြိုင်ဘက်ကင်း စည်းချအစီအရင်မှလွဲ၍ တခြားမဟုတ်ပေ။

ယင်းကို မြင်သွားသောအခါ ကောင်းကင်ဘုံအမတ်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။ မမျှော်လင့်ထားသော အဖြစ်အပျက်များကို ရင်ဆိုင်ဖြေရှင်းရန် ထုံးစံအားဖြင့် သူ့မှာ နည်းလမ်းတစ်ခု ရှိသည်။

မကြာမီ ပြိုင်ဘက်ကင်း စည်းချအစီအရင်ပေါ်တွင် အလင်းရောင်က လှည့်ပတ်သွားပြီး ရန်သူကို တားဆီးရန် ပြင်လိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားသည်။

သူက ပြန်ပေါ်လာသည့်အခါ စည်းချအစီအရင်၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။

စည်းချအစီအရင်၏ အပြင်ဘက်သို့ သူရောက်ရှိသွားသည့်အခါ ပိုပြီးပြင်းထန်သော ဆူဆူညံညံ အသံများက နေရာတိုင်းမှ ပျံ့လွင့်လာသည်။ ကျယ်လောင်သော ပေါက်ကွဲသံများကြားတွင် ရွှီချင်းက တစ်ဟုန်ထိုး ပြေးလာနေသော မိစ္ဆာငှက်မွှေးကျင့်ကြံသူကို ကြည့်လိုက်သည်။

လူထွားကြီးသည်လည်း ရွှီချင်းကို သတိထားမိသွားသည်။ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး လုံးဝအရှိန်မလျော့ဘဲ တစ်ဟုန်ထိုး ဆက်ပြေးသွားသည်။

ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

စည်းချအစီအရင်ထဲတွင် ကောင်းကင်ဘုံအမတ်ချန်းက ထိတ်လန့်သွားသည်။ ရွှီချင်း၏ အဆင့်အတန်းက အလွန်မြင့်မားသော်လည်း သူ၏ တိုက်ပွဲစွမ်းအားက ကောင်းကင်ဘုရင်တစ်ပါး၏ စံနှုန်းကို မှီရုံလောက်သာရှိလိမ့်မည်ဟု သူသိထားသည်။ ယခု ရွှီချင်းက မဟာလောကငါးခု ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြင့် ရင်ဆိုင်တော့မည်။

ထို့ကြောင့် သူက ချက်ချင်း စိုးရိမ်ကြောင့်ကြလာသည်။

ဘေးမှ အားညိုက ချောင်းဟန့်လိုက်သည်။

“ အဲ့ဒါက မဟာလောကငါးခု ဝိညာဉ်စုစည်းခြင်းပဲ မဟုတ်လား… မင်းက ဘာကို စိုးရိမ်နေတာလဲ… ဘာမှစိုးရိမ်စရာမလိုဘူး ”

သူက ထိုသို့ပြောလိုက်သော်လည်း ကောင်းကင်ဘုံအမတ်ချန်းက စိတ်မအေးနိုင်ပေ။

သူတစ်ယောက်တည်း စိုးရိမ်ကြောင့်ကြနေခြင်း မဟုတ်ပေ။ စစ်မြေပြင်ပေါ်တွင် မျိုးနွယ်စုအသီးသီးမှ ကောင်းကင်ဘုရင်တချို့သည်လည်း ယင်းကို အာရုံခံမိသွားကြပြီး ရွှီချင်းကို ချက်ချင်း မှတ်မိသွားကြသည်။ သူတို့က နှလုံးတုန်သွားကြသည်။ တချို့ဆိုလျှင် ကျိန်ဆဲလိုက်ကြသည်။

ရှင်းလင်းစွာပင် သူတို့၏ အမြင်မှာ ရွှီချင်းက မဟာလောကငါးခု ကျင့်ကြံသူတစ်ယောက်ကို ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

သူတို့က ဝင်ရောက်ကူညီပေးချင်သော်လည်း ရန်သူက သူတို့ကို အလွယ်တကူ အနောက်ဆုတ်ခွင့်မပေးချေ။

သို့ဖြစ်၍ လူထွားကြီးက ရွှီချင်းဆီသို့ ပြေးသွားနေသည်ကို သူတို့က ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။

“ အဓိပ္ပာယ်မရှိတာ… ဘာလို့ ရွှီချင်းက ဒီနေရာမှာ ထွက်ပေါ်လာတာလဲ”

“ စည်းချအစီအရင်ကို မြန်မြန်အသက်သွင်းပြီး ရွှီချင်းကို ကာကွယ်ကြစမ်း ”

“ မြန်မြန်လုပ်ကြ ”

စည်းချအစီအရင်က တုန်ယင်သွားပြီး အလင်းရောင်က မီးရှူးမီးပန်းများသဖွယ် ထွက်ပေါ်လာကာ ရွှီချင်းကို ကာကွယ်ပေးလိုက်သည်။

သို့သော်လည်း ထိုအပြုအမူက လူထွားကြီးကို ရွှီချင်း၏ သရုပ်က သာမန်မဟုတ်ကြောင်း သွယ်ဝိုက်သောနည်းဖြင့် သဘောပေါက်သွားစေသည်။ သူက ဂရုတစိုက် သေချာကြည့်လိုက်သည့်အခါ ရွှီချင်း၏ သရုပ်ကို မှတ်မိသွားပြီး မျက်လုံးဝင်းလက်သွားသည်။

သူတို့၏ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေသည် လူသားမျိုးနွယ်မှ အရေးကြီးသော ပုဂ္ဂိုလ်များ၏ သတင်းအချက်အလက်များကို စုဆောင်းခဲ့သည်။ အထူးသဖြင့် ရွှီချင်းဖြစ်သည်။ သူက လက်တလောအတွင်းမှာ ကြီးမားသော ဂယက်တစ်ခုကို စတင်ခဲ့သူ ဖြစ်သည်။

သူ့ကြောင့် သူတော်စင်ကုန်းမြေတစ်ခုက ကျဆုံးသွားခဲ့ရသည်။

သူ့ကြောင့် အဝါရောင်အဆင့် သူတော်စင်ကုန်းမြေအားလုံးက အရှေ့ပိုင်းဝမ်ကူးကုန်းမြေထဲမှ နှင်ထုတ်ခံလိုက်ရကြသည်။

သို့သော်လည်း သူတို့သိထားကြသည်မှာ ရွှီချင်းက ရွှင်းထိုင်နတ်ဆိုး၏ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လွတ်မြောက်သွားခဲ့ကြောင်းသာ ဖြစ်သည်။

သူတို့က ထိုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ် မသိကြသလို ရွှင်းထိုင်နတ်ဆိုးက ရွှီချင်း၏ လက်ထဲမှာ သေဆုံးသွားခဲ့ကြောင်းကိုလည်း မသိကြချေ။ သို့ဖြစ်၍ သူတို့က ရွှီချင်း၏ အစစ်အမှန်တိုက်ပွဲစွမ်းအားကို အကဲမဖြတ်နိုင်ကြပေ။

ထို့ကြောင့် လူထွားကြီးက ရွှီချင်း၏ သရုပ်ကို မှတ်မိသွားသောအခါ မျက်လုံးဝင်းလက်သွားပြီး ချောက်ချားဖွယ်ကောင်းသော ရယ်မောသံကို ထုတ်ဖော်လိုက်သည်။ သူက အလျင်ကို ထပ်မံတိုးမြှင့်လိုက်ပြီး ရွှီချင်းဆီသို့ မြန်ဆန်စွာ ဦးတည်သွားသည်။

သို့သော်လည်း သူက အနားသို့ ရောက်သွားတော့မည့်အချိန် ရွှီချင်းက အမူအရာကင်းမဲ့စွာ လက်မြှောက်လိုက်သည်။

ထို့နောက် သူက လူထွားကြီးဆီသို့ ရည်ရွယ်၍ လက်သီးဆုပ်လိုက်သည်။

သူ၏ လက်သီးဆုပ်မှုနှင့်အတူ ကီလိုမီတာ(၅၀၀၀)အတွင်းမှာရှိသော အသံအားလုံးက ရွှီချင်းကို ဗဟိုပြု၍ ချက်ချင်း ပျောက်ကွယ်သွားသည်။

အသံများက လုယက်ခံလိုက်ရသည်။

တိတ်ဆိတ်မှုက အသက်တစ်ခါရှူချိန်မျှသာ ကြာမြင့်ခဲ့သည်။

နောက်အခိုက်အတန့်မှာ ထိုအသံများက ထိန်းချုပ်ခံလိုက်ရသည်။ ယင်းတို့က လူထွားကြီး၏ ဘေးပတ်ပတ်လည်မှာ စုဝေးသွားကြပြီး ဧရာမစက်လုံးတစ်ခုကို ဖန်တီးလိုက်သည်။

ဧရာမအသံစက်လုံးသည် လူထွားကြီးနှင့် သူ့နောက်မှ အစောင့်အကြပ်တစ်ထောင်ကို လွှမ်းခြုံသွားသည်။

ထို့နောက် ဧရာမစက်လုံးက အရူးအမူး တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများက စက်လုံးအတွင်းမှာ ထွက်ပေါ်လာကြသည်။

နှလုံးကွဲကြေသော အော်သံများသည် လူထွားကြီးနှင့် သူ၏ အစောင့်အကြပ်များထံမှ ချက်ချင်း ပဲ့တင်ထပ်လာသည်။

သူတို့၏ အော်ဟစ်ညည်းညူသံများက အသံနတ်ဘုရားအခွင့်အာဏာကို ပိုပြီးအားကောင်းလာစေသည်။

ချက်ချင်းဆိုသလို အစောင့်အကြပ်တစ်ထောင်၏ သုံးပုံတစ်ပုံသည် အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။ မိစ္ဆာငှက်မွှေးမျိုးနွယ်မှ လူထွားကြီးသည်တော့ သူ၏ အမူအရာက လုံးဝပြောင်းလဲသွားသည်။ သူက တိုးညင်းသော ရေရွတ်သံကို မသဲမကွဲ ကြားနေရသည်။

ထိုရေရွတ်သံက တဖြည်းဖြည်း ပိုပြီးကျယ်လောင်လာသည်။ ရေရွတ်သံကို သူကြားနေရစဉ် ရှေးဟောင်းစွမ်းအင်တစ်မျိုးက ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ လောဘတကြီး ပျံ့နှံ့သွားနေသည်။ ၎င်းက သူ၏ အသိစိတ်ထဲသို့ စိမ့်ဝင်သွားပြီး သူ၏ နားလည်သဘောပေါက်မှုကို အစားထိုးလိုက်သည်။

၎င်းက သူ၏ အသံနိယာမကိုလည်း ခိုးယူသွားသည်။

သူ၏ ရုပ်ခန္ဓာကိုယ်မှ အသံဖြစ်စေ သို့မဟုတ် ဝိညာဉ်မှ အသံဖြစ်စေ ဤအခိုက်အတန့်မှာ ယင်းတို့က အဝေးသို့ ဖယ်ရှားခံလိုက်ရသည်။

ယင်းက အစောင့်အကြပ်အားလုံး သွေးမြူအဖြစ်သို့ မပေါက်ကွဲသွားခင်အထိ ကြာမြင့်ခဲ့သည်။

ထို့နောက် အသံစက်လုံးက လွင့်ပြယ်သွားပြီး မရေမတွက်နိုင်သော အသံအပိုင်းအစများအဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။ ထို့နောက် အသံများက ရွှီချင်းကို ဗဟိုပြု၍ အရပ်မျက်နှာပေါင်းစုံသို့ ကျယ်လောင်စွာ ပျံ့လွင့်သွားသည်။

အသံဖြတ်သန်းသွားသည့်နေရာတိုင်း သေကြေပျက်စီးမှုများက စစ်မြေပြင်ပေါ်မှာ ထွက်ပေါ်လာကြလိမ့်မည်။

ထိုအဖြစ်အပျက်က စစ်မြေပြင်၏ ထောင့်တစ်နေရာမှာ ဖြစ်ပျက်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက စစ်မြေပြင်တစ်ခုလုံးအပေါ် သက်ရောက်သွားသည်။ ယင်းက မျိုးနွယ်စုအသီးသီးမှ ကောင်းကင်ဘုရင်များနှင့် သူတော်စင်ကုန်းမြေများမှ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများကို အကြီးအကျယ် အမူအရာပျက်ယွင်းသွားစေသည်။

အမှန်မှာ ရွှီချင်း၏ တိုက်ခိုက်မှုက အလွန်မြန်ဆန်ပြီး အလုံးစုံသတ်ဖြတ်ခြင်း ဖြစ်သည်။ ယင်းက စစ်မြေပြင်တစ်ခုလုံး၏ အခြေအနေပေါ်ကိုပင် သက်ရောက်မှုရှိသည်။

အရှေ့ပိုင်းဝမ်ကူးကုန်းမြေမှ ကျင့်ကြံသူများသည် အံ့ဩထိတ်လန့်သွားကြသည်။

သူတော်စင်ကုန်းမြေများမှ ကျင့်ကြံသူများသည်တော့ ချောက်ချားသွားကြသည်။

နတ်ဘုရားအခွင့်အာဏာ…

ဒီလူသားက တစ်ခုခုမှားယွင်းနေတယ်…

သူတော်စင်ကုန်းမြေဘက်တွင် သူတို့၏ နှလုံးသားထဲမှာ ကြီးမားသော စိတ်ခံစားချက်လှိုင်းများက ထွက်ပေါ်လာကြသည်။ စစ်ပွဲ၏ အလုံးစုံအခြေအနေကို လူပုဂ္ဂိုလ်တစ်ယောက်ကြောင့် ပြောင်းလဲပစ်ရန် အလွန်ခက်ခဲသည်။ အရာအားလုံးကို ဖိနှိပ်နိုင်သော အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် လူများသည်သာ ထိုသို့လုပ်ဆောင်နိုင်ရန် အရည်အချင်းပြည့်မီကြသည်။

သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစိတ်အာရုံသည် အဝေးတွင် မျောလွင့်နေသော သူတော်စင်ကုန်းမြေထံမှ ပျံ့လွင့်လာသည်။ အုပ်ချုပ်သူတစ်ပါးက ဤနေရာဆီသို့ ဆင်းသက်လာတော့မည့်ပုံပေါ်သည်။

တူညီစွာပင် နတ်ဘုရားတစ်ပါး၏ အရှိန်အဝါသည် လူသားမျိုးနွယ်ဘက်မှ ထွက်ပေါ်လာပြီး သူတော်စင်ကုန်းမြေထံမှ အုပ်ချုပ်သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် တွေ့ဆုံသွားသည်။

၎င်းက အလောင်းနတ်ဘုရားရွှမ်ကျန်း ဖြစ်သည်။

အင်အားစုနှစ်ခုက အင်အားကို ချုပ်ထိန်းထားကြစဉ် ရွှီချင်း၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး စည်းချအစီအရင်ထဲသို့ ပြန်ဝင်သွားသည်။ လမ်းတစ်လျှောက်တွင် သူက အသံနတ်ဘုရားအခွင့်အာဏာကို စစ်မြေပြင်ဆီသို့ ပို့လွှတ်လိုက်သည်။ သူက ကံကြမ္မာဆိုးကိုပင် ပေါင်းထည့်ခဲ့သေးသည်။

ဝုန်းခနဲ မြည်သံက စည်းချအစီအရင်၏ အပြင်ဘက်မှ ကောင်းကင်ပေါ်တွင် ပေါက်ကွဲထွက်လာပြီး အသံမုန်တိုင်းတစ်ခုကို ဖွဲ့စည်းသွားသည်။

ထိုမြင်ကွင်းက အရှေ့ပိုင်းဝမ်ကူးကုန်းမြေထဲမှ အင်အားစုအသီးသီး၏ ကျင့်ကြံသူများကို စိတ်ဓာတ်မြှင့်တင်ပေးလိုက်သည်။ ထို့နောက် ကောင်းကင်ဘုရင်တချို့၏ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် အမိန့်ပေးမှုအောက်မှာ သူတို့က ဤအခွင့်အရေးကို အသုံးချ၍ စစ်ပွဲ၏ အလုံးစုံအခြေအနေကို လွှမ်းမိုးလိုက်ကြသည်။

မကြာမီ ဤစစ်ပွဲငယ်က တစ်ဖက်စောင်းနင်းဖြစ်သွားသည်။

ထိုသို့အခြေအနေဖြင့် ရင်ဆိုင်ရသောအခါ အချက်ပေးခေါင်းလောင်းသံသည် သူတော်စင်ကုန်းမြေထံမှ ပဲ့တင်ထပ်လာသည်။ ထို့နောက် သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူများသည် စတင်အနောက်ဆုတ်သွားကြသည်။

နှစ်နာရီကြာပြီးနောက် စစ်ပွဲက အဆုံးသတ်သွားသည်။ ဤအခိုက်အတန့်မှာ ကျင့်ကြံသူများက ပြန်ရောက်လာကြသည့်အခါ သူတို့အားလုံးက ရွှီချင်းအကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးကြသည်။

ရွှီချင်းသည်တော့ အားညိုနှင့်အတူ ထွက်ခွာသွားပြီ ဖြစ်သည်။

သူက နန်းမြို့တော်ထဲသို့ လျှောက်ဝင်သွားပြီး မကြာမီ အဓိကခန်းမ၏ အရှေ့သို့ ရောက်ရှိသွားသည်။

ရွှီချင်းက အတိုင်ပင်ခံအမတ်၏ နန်းတွင်းအဝတ်အစားကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ အားညိုသည်တော့ အတိတ်မှာ လူသားမျိုးနွယ်က သူ့အတွက် ဖန်တီးထုဆစ်ပေးခဲ့သော မဟာရွှမ်ထျန်းစစ်ချပ်ဝတ်နှင့် ပုံစံတူသည့် စစ်ချပ်ဝတ်ကို ဝတ်ဆင်လိုက်သည်။

ထိုစစ်ချပ်ဝတ်ကို မဟာကောင်းကင်ဘုံဓူဝံကြယ်စစ်ချပ်ဝတ်ဟု ခေါ်သည်။ အားညိုက ထိုစစ်ချပ်ဝတ်ကို အလွန်သဘောကျလေရာ အပြင်မှာ ထုတ်ဝတ်လေ့မရှိပေ။

ယခု သူက ခန်းမ၏ အရှေ့မှာ စစ်ချပ်ဝတ်ကို ဝတ်ဆင်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ရပ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးက နေရောင်အောက်မှာ ထွန်းလင်းတောက်ပနေလေရာ နေနတ်ဘုရားသဖွယ် အောက်မေ့ရသည်။

အဝေးမှကြည့်လျှင် သူက အစွမ်းကြီးမားသည့် အထွတ်အမြတ် ပုဂ္ဂိုလ်တစ်ဦးနှင့် အမှန်တကယ် တူညီသည်။

သူတို့နှစ်ယောက်က ခန်းမ၏ အပြင်ဘက်မှာ တည်ကြည်လေးနက်စွာ မတ်တတ်ရပ်နေကြစဉ် တိုးညင်းသော အသံက ခန်းမထဲမှ ပဲ့တင်ထပ်လာသည်။

“ အတိုင်ပင်ခံအမတ်နဲ့ မဟာကောင်းကင်ဘုံဓူဝံကြယ်တို့ ခန်းမထဲကို အခစားဝင်ရောက်စေ ”

ရွှီချင်းနှင့် အားညိုသည် တုံ့ဆိုင်းမနေဘဲ အဓိကခန်းမထဲသို့ လျှောက်ဝင်သွားကြသည်။ ခန်းမထဲတွင် သူတို့က လောလောဆယ် စုဝေးရောက်ရှိနေကြသော အမတ်များကို မြင်သွားကြသည်။ ဧကရီက ရာဇပလ္လင်ပေါ်မှာ ထိုင်နေစဉ် သူ့ဘေးမှ နင်ယန်က စိတ်လှုပ်ရှားနေပုံပေါ်သည်။

“ အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ် ”

ရွှီချင်းက ဦးညွတ်လိုက်သည်။

အားညိုသည်လည်း ကျယ်လောင်စွာ နှုတ်ဆက်လိုက်သည်။

“ နင်ပြန်ရောက်လာတာ ကောင်းတယ်… နေရာမှာ ထိုင်စေ ”

ရွှီချင်းက အရှေ့သို့ လျှောက်သွားပြီး ဧကရီ၏ အောက်ဘက်မှ ကောင်းကင်ဘုရင်များ၏ ထိုင်ခုံ(၃၃)လုံးအနက် ဒုတိယမြောက် ထိုင်ခုံ၏ အရှေ့သို့ ရောက်ရှိသွားသည်။

သူက ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်ချလိုက်ပြီး ဝန်ကြီးများကို ကြည့်လိုက်သည်။

ထိုရာထူးသည် လူသားဧကရီနှင့် လောလောဆယ် ဤနေရာမှာ ရှိမနေသော ဘုရင်ကျန်းယန်ပြီးလျှင် အမြင့်ဆုံး ဖြစ်သည်။

ဝန်ကြီးများသည် ရွှီချင်း၏ အကြည့်အောက်မှာ ရိုသေလေးစားစွာ ခေါင်းငုံ့လိုက်ကြသည်။

အိမ်ရှေ့စံမင်းသားဖြစ်သော နင်ယန်သည်ပင် ရွှီချင်းကို ဦးညွတ်လိုက်သည်။

အတိတ်တုန်းက ရွှီချင်းအပေါ် သူ၏ ယုံကြည်အားထားမှုကြောင့်ဖြစ်စေ သို့မဟုတ် ရွှီချင်း၏ အတိုင်ပင်ခံအမတ်ဟူသော သရုပ်ကြောင့်ဖြစ်စေ နင်ယန်က ရွှီချင်းကို သူ၏ နှလုံးသားထဲမှ ကြောက်ရွံ့ရိုသေသည်။

အမှန်မှာ သူ၏ နှလုံးသားထဲတွင် ရွှီချင်းက သူ၏ မယ်တော်ထက်ပင် ပိုပြီးရင်းနှီးသည်။

ယင်းကို အားညိုမြင်သောအခါ သူက အနည်းငယ် မနာလိုဖြစ်သွားသည်။ မကြာမီ သူ၏ အကြည့်က အဝေးမှာ မတ်တတ်ရပ်နေသော မိတ်ဆွေဟောင်းတစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။ အစတွင် သူက အံ့ဩသွားသည်။ ထို့နောက် သူက ပြုံးလိုက်သည်။ သူက ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကို ထုတ်လိုက်ပြီး တစ်ဖက်လူ၏ အရှေ့မှာ ဆော့ကစားပြလိုက်သည်။

ရွှီချင်း၏ အကြည့်သည်လည်း အောက်ဘက်မှ ဝန်ကြီးများကို ဖြတ်ကျော်၍ ထိုကျင့်ကြံသူပေါ်သို့ ကျရောက်သွားသည်။

ရွှီချင်းနှင့် အားညို၏ စိုက်ကြည့်ခံနေရသော ထိုမိစ္ဆာငှက်မွှေးကျင့်ကြံသူသည် စိတ်ရှုပ်ထွေးမှုကို ခံစားမိသွားသည်။ နောက်အခိုက်အတန့်မှာ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှီချင်းထံသို့ ဦးညွတ်လိုက်သည်။

“ ဖုန်းလင်းတောင်က အတိုင်ပင်ခံအမတ်ကို နှုတ်ဆက်ပါတယ် ”

All Chapters