အားသာချက်က အားနည်းချက်အဖြစ် ပြောင်းလဲသွားခြင်း
Vol. 95 Ch. 1471
ဖုန်းလင်းတောင်က အလွန်ဉာဏ်ကောင်းသည်။ သူက လူသားမျိုးနွယ်နှင့် သူတော်စင်ကုန်းမြေကို အသုံးချ၍ ဟန်ဆောင်သေဆုံးပြီး ထွက်ပြေးသွားခဲ့သည်။
သူက အလွန်သတိကြီးသည်။ သူက ဟန်ဆောင်သေဆုံးခဲ့သော်လည်း သဲလွန်စအားလုံးကို ဖယ်ရှားပစ်ရန် နောက်တစ်ကြိမ် ထပ်မံ ဟန်ဆောင်သေဆုံးခဲ့သည်။
သို့သော်လည်း သူက အလွန်ဆိုးဝါးသော အခြေအနေသို့ ကျရောက်နေသည်။
သူက ရွှီချင်းနှင့် အားညို၏ ငါးစာဖြစ်ပြီး ယွဲ့တုန်ဖမ်းချင်နေသော ငါးဖြစ်သည်။
သူက ငါးစာနှင့် ငါးဟူသော သရုပ်နှစ်ခုကို တစ်ချိန်တည်းမှာ ပိုင်ဆိုင်ထားသည်။ သို့ဖြစ်၍ သူ၏ အခြေအနေက မည်မျှဆိုးဝါးကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
ဤအခိုက်အတန့်မှာ သရုပ်နှစ်ခုကို ပိုင်ဆိုင်ထားသော ဖုန်းလင်းတောင်က မီးခိုးပင်လယ်ဒေသကြီးထဲမှာ မြန်ဆန်စွာ ပျံသန်းနေသည်။ သူ၏ ဦးတည်ရာက ဝမ်ကူးကုန်းမြေ၏ မြောက်ပိုင်းဒေသ ဖြစ်သည်။
ဝမ်ကူးကုန်းမြေနှင့် သူတော်စင်ကုန်းမြေများက စစ်မက်ဖြစ်ပွားနေသည်ကို သူက အခွင့်အရေးယူချင်သည်။ သူက မြောက်ပိုင်းဝမ်ကူးဒေသမှ ရေခဲလွင်ပြင်ဆီသို့ သွားရောက်ချင်ပြီး ရေခဲပြင်အောက်မှာ လျောင်ရွှမ်းမဟာဧကရာဇ်၏ အမွေအနှစ်ကို ကျင့်ကြံချင်သည်။
သူ၏ ပါရမီနှင့် ပြင်ဆင်ထားမှုများအရ အမွေအနှစ်ဆက်ခံမှု အောင်မြင်ရန် အတော်လေး ရာခိုင်နှုန်းများသည်။
“ လျောင်ရွှမ်းသူတော်စင်အရည်ကို နည်းနည်းပဲ ရခဲ့တာ စိတ်မကောင်းစရာပဲ… မဟုတ်ရင် ငါ့ရဲ့ အောင်မြင်နိုင်ခြေက (၇၀)ရာခိုင်နှုန်းကို ကျော်သွားလိမ့်မယ် ”
ဖုန်းလင်းတောင်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ အမြန်နှုန်းကို တိုးမြှင့်လိုက်သည်။
ရက်ပေါင်းများစွာကြာပြီးနောက် သူက မီးခိုးပင်လယ်ဒေသကြီး၏ အစွန်အဖျားမှတဆင့် မဟာနန်းမြို့တော်ဒေသကြီးကို ဖြတ်ကျော်သွားသည်။ သူက မီးလျှံလရွှမ်ကောင်းကင်ဒေသကြီးကို ဖြတ်ကျော်ပြီး အရှေ့ပိုင်းဝမ်ကူးဒေသထဲမှ ထွက်ခွာသွားရန် စီစဉ်ထားသည်။
သူက လမ်းတစ်လျှောက်မှာ ထူးဆန်းသော သက်ရှိတချို့ဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း ၎င်းတို့ကို ဂရုတစိုက် ဖြေရှင်းနိုင်ခဲ့သည်။
သူက လက်ရှိခန္ဓာကိုယ်ကို အလွန်ဂရုစိုက်သည်။ ထို့ပြင် ယခု သူက ဘေးကင်းလုံခြုံသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့ဖြစ်၍ ယခင်ကဲ့သို့ ကိုယ့်ဘာသာ သေလမ်းရှာပြီး အတည်ပြုရန် မလိုအပ်တော့ပေ။
ကောင်းကင်ပေါ်တွင် ပုန်းအောင်းနေကြသော ရွှီချင်းနှင့် အားညိုသည်တော့ ကိစ္စများက အဆင်ပြေချောမွေ့သွားပြီဟု ခံစားမိသွားကြသည်။
ဖုန်းလင်းတောင်က ဒုတိယအကြိမ် ဟန်ဆောင်သေဆုံးပြီးနောက် သူတို့က ကိုယ်ပွားအသစ်၏ တည်နေရာကို ရှာဖွေခဲ့ကြပြီး သူ့နောက်သို့ အလျင်ကုန်သုံး၍ လိုက်လာခဲ့ကြသည်။ ယခု ဖုန်းလင်းတောင်က သူ့အသက်ကို တန်ဖိုးထားလာကြောင်း သူတို့မြင်သွားသောအခါ အားညိုက စိတ်ကျေနပ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
“ ဖုန်းလေးက လူကို စိတ်ပူရအောင် လုပ်တာပဲ ”
“ ငါးစာဖြစ်ရတာ မကောင်းလို့လား… ဘာလို့ သူက ဒီလောက် ရုန်းကန်နေတာလဲ… ငါတို့ ငါးဖမ်းသမားတွေ ဘယ်လိုခံစားရမလဲဆိုတာ သူထည့်မတွေးဘူး ”
“ ဒါကြောင့်မို့လို့ ဖုန်းလင်းတောင်က ငါတို့ထက် အများကြီး နိမ့်ကျတယ်လို့ ငါပြောတာပေါ့… ငါတို့နှစ်ယောက် ငါးစာလုပ်ခဲ့တုန်းက အရမ်းကျိုးနွံခဲ့တာ မဟုတ်လား ”
အားညိုက အောက်ဘက်မှ တောအုပ်ထဲမှာ ပြေးလွှားနေသော ဖုန်းလင်းတောင်ကို ကြည့်လိုက်ပြီး ရွှီချင်းကို ပြောသည်။
ရွှီချင်းက အားညိုကို ကြည့်လိုက်ပြီး အပြင်ပိုင်းပင်လယ်ထဲမှာ အားညိုပြောခဲ့သော စကားများကို ပြန်စဉ်းစားလိုက်သည်။ ထိုနှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် ဖုန်းလင်းတောင်က ပိုပြီးတော်သေးသည်ဟု သူခံစားမိသွားသည်။ အနည်းဆုံးတော့ သူက ကြောက်စရာကောင်းသော နတ်ဘုရားများနှင့် သူတို့ကို တစ်လုပ်တည်း ဝါးမျိုပစ်နိုင်သော ဧရာမသတ္တဝါကြီးများကို မဆွဲဆောင်ခဲ့ပေ။
သို့သော်လည်း စီနီယာအကိုကြီး၏ စိတ်ခံစားချက်ကို မဖျက်ဆီးချင်သောကြောင့် ရွှီချင်းက မည်သည့်မှတ်ချက်မှ မပေးပေ။ သူတို့နှစ်ယောက်က အဝေးမှ လိုက်သွားကြပြီး ငါးထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းကြသည်။
ထိုသို့ဖြင့် နောက်ထပ် ငါးရက်ကုန်ဆုံးသွားသည်။
ဖုန်းလင်းတောင်၏ သေဆုံးမှုနှင့်ပတ်သက်ပြီး အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေဘက်တွင် ဖုန်းလင်းတောင်၏ သေဆုံးမှုကြောင့် ပျောက်ကွယ်သွားခဲ့သော အလိုရှိဝရမ်းက နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။
အလိုရှိဝရမ်းကို ကြေညာလိုက်သည်နှင့်ချက်ချင်း မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေထံမှ အမိန့်တော်များသည်လည်း ထွက်ပေါ်လာသည်။
သူတော်စင်ကုန်းမြေ၏ သစ္စာဖောက်ဖြစ်သော လူသားမျိုးနွယ်၏ မိစ္ဆာငှက်မွှေးကောင်းကင်ဘုရင်သည် အမှန်တကယ် မသေဆုံးခဲ့ပေ။ သူက သေချင်ဟန်ဆောင်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ထိုသတင်း ထွက်ပေါ်လာသည်နှင့်ချက်ချင်း အရှေ့ပိုင်းဝမ်ကူးဒေသထဲတွင် ဆူပူအုံကြွမှုတစ်ခု ဖြစ်ပေါ်လာသည်။
ဖုန်းလင်းတောင်၏ ယခင်ဂုဏ်သတင်းသည် လူသားမျိုးနွယ်၏ တွန်းအားပေးမှုအောက်မှာ အလွန်ထင်ပေါ်ကျော်ကြားခဲ့သည်။ သူ၏ သေဆုံးမှုက လူသားမျိုးနွယ်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။
ယခုတော့ ဖုန်းလင်းတောင်၏ သေဆုံးမှုက အမှန်တကယ်မဟုတ်ကြောင်း သူတော်စင်ကုန်းမြေက ကြေညာလိုက်သည်။
ထိုကိစ္စသည် ထူးဆန်းသည်။
ယင်းနှင့် ဘာမှမသက်ဆိုင်သော အင်အားစုများက ထိုသတင်းက အမှန်တကယ်လော သို့မဟုတ် အလိမ်အညာလော မပြောနိုင်ကြချေ။
သို့သော်လည်း အလိုရှိဝရမ်းကို ထုတ်ပြန်လိုက်သည်နှင့်ချက်ချင်း ဖမ်းဝရမ်းထဲမှ ဆုလာဘ်များက ကျင့်ကြံသူအများအပြားကို သွေးဆောင်နိုင်ခဲ့သည်။
ထိုဆုလာဘ်များထဲတွင် အုပ်ချုပ်သူတစ်ပါး၏ ကမ္မလည်း ပါဝင်သည်။
ထို့ပြင် ယင်းကို သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူများဖြစ်စေ သို့မဟုတ် ဝမ်ကူးကုန်းမြေမှ ကျင့်ကြံသူများဖြစ်စေ ရရှိနိုင်ပေသည်။ မည်သူမဆို ဖုန်းလင်းတောင်ကို သတ်နိုင်သည်နှင့် ထိုဆုလာဘ်များကို ရရှိလိမ့်မည်။
သို့ဖြစ်၍ သူတော်စင်ကုန်းမြေများမှ စေလွှတ်ထားကြသော သူလျှိုများသည် ဖုန်းလင်းတောင်ကို လိုက်လံရှာဖွေရန် စတင်လုပ်ဆောင်ကြသည်။
ဝမ်ကူးကုန်းမြေဘက်တွင်တော့ သူတို့၏ အတွေးများက ပရမ်းပတာ ဖြစ်သွားကြသည်။ သူတို့က အပေါ်ယံတွင် ဒေါသထွက်သွားကြဟန် ရသည်။ သူတို့သည်လည်း လက်အောက်ငယ်သားများကို စေလွှတ်လိုက်ကြသည်။ ဤသည်မှာ သူတို့က သူလျှိုများ၏ လုပ်ကြံသတ်ဖြတ်မှုကို ဝင်ရောက်တားဆီးချင်သည့်အလားပင်။
သို့သော်လည်း သူတို့၏ တကယ့်ရည်ရွယ်ချက်ကို သူတို့သာလျှင် သိကြလိမ့်မည်။
လူသားမျိုးနွယ်သည်လည်း အကြီးအကျယ် ဒေါသထွက်သွားဟန်ရပြီး သူတို့က ဤကိစ္စကို စတင်စုံစမ်းစစ်ဆေးကြသည်။
ထိုသို့ဖြင့် စည်းချအစီအရင်၏ အပြင်ဘက်မှာ စစ်ပွဲက ဆက်လက် ဖြစ်ပွားနေစဉ် စည်းချအစီအရင်အတွင်းမှ အင်အားစုအသီးသီးက ဖုန်းလင်းတောင်ကို ပိုက်စိပ်တိုက် လိုက်ရှာဖွေနေကြသည်။
ဤကိစ္စတွင် အဓိက သက်ရောက်ခံလိုက်ရသူသည် ကာယကံရှင်ကိုယ်တိုင်သာ ဖြစ်သည်။
ဖုန်းလင်းတောင်သည် နှလုံးတုန်သွားသည်။ သူက ပြင်းထန်သော စိတ်မသက်မသာဖြစ်မှုကို ခံစားရလာပြီး ဤခရီးစဉ်တွင် ပိုပြီးသတိထားလာသည်။
ရွှီချင်းနှင့် အားညိုသည်လည်း ထိုသတင်းကို ကြားပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ စိတ်ထဲမှာ အတွေးကိုယ်စီ ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်က အကြည့်ချင်းဆုံသွားသည့်အခိုက် ရွှီချင်းက ဖြည်းညင်းစွာ မေးသည်။
အားညိုက နှုတ်ခမ်းသပ်လိုက်လေရာ အပြာရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ စိတ်ဝင်စားစရာပဲ… မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ အခုလို ကြေညာလိုက်တာက နက်ရှိုင်းတဲ့ အဓိပ္ပာယ်တစ်ခု ရှိရမယ်… အဲ့ဒါက လန်ယောင်ရဲ့ လက်ချက်လား ဒါမှမဟုတ် သူတော်စင်ကုန်းမြေရဲ့ လက်ချက်လားဆိုတာ ငါသိချင်မိသား… ”
“ သူတို့က ဖုန်းလင်းတောင်ကို တကယ်သတ်ချင်နေတာလား ဒါမှမဟုတ် သူတို့က ရန်သူကို တမင်ချောက်လှန့်နေတာလား ”
ရွှီချင်းက အောက်ဘက်မှ တောင်တန်းဒေသထဲမှာ သတိကြီးစွာထား၍ ပြေးလွှားနေသော ဖုန်းလင်းတောင်ကို ကြည့်လိုက်သည်။ သူက မျက်လုံးမှေးကျဉ်းလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ငါငယ်ငယ်တုန်းက မြွေဖမ်းတဲ့အခါမှာ ချုံပုတ်တွေကို တုတ်နဲ့ ရိုက်ခဲ့တယ်… ဘာလို့လဲဆိုတော့ မြွေတွေက ချုံပုတ်ထဲမှာ ပုန်းအောင်းနေပြီး ရှာဖွေဖို့ အရမ်းခက်ခဲလို့ပဲ… မြွေကို ချုံပုတ်အပြင်ရောက်လာအောင် ချောက်လှန့်မှပဲ မြွေကို မင်းဖမ်းနိုင်လိမ့်မယ် ”
အားညိုက နက်နဲစွာ တွေးတောလိုက်သည်။
“ ဒါပေမဲ့ ငါနားမလည်တဲ့ ကိစ္စတစ်ခုရှိသေးတယ်… မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေက ဒီကိစ္စကို လျှို့ဝှက်ပြီး ဆောင်ရွက်နိုင်တယ် မဟုတ်ဘူးလား… ဘာလို့ သူတို့က အခုလို လူသိရှင်ကြား ကြေညာလိုက်တာလဲ ”
“ ချင်းလေး… ဒီဟာကို သုံးသပ်ကြည့်ရအောင်… တစ်စုံတစ်ခု လွဲမှားနေတယ်လို့ ငါခံစားမိတယ် ”
အားညိုက မျက်မှောင်ကြုတ်လိုက်သည်။
ရွှီချင်းက တစ်ခဏ စဉ်းစားပြီးနောက် အားညိုကို ကြည့်လိုက်သည်။
“ စီနီယာအကိုကြီး… ဖုန်းလင်းတောင်ရဲ့ နေရာမှာ ငါ့ကိုယ်ငါ ထည့်သွင်းပြီး ဒီကိစ္စကို စဉ်းစားကြည့်ရအောင်… တကယ်လို့ ငါသာ ဖုန်းလင်းတောင်ဆိုရင် ဒီလိုအခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုလုပ်မလဲ ”
“ ငါက မူလအစီအစဉ်မှာ ပြဿနာတစ်စုံတစ်ခု ရှိလာမှာကို စိုးရိမ်လာလိမ့်မယ်… အဲ့ဒီတော့ လိုက်ဖမ်းခံမယ့်အစား အခွင့်အရေးတစ်ခုကို ရှာဖွေပြီးတော့ လူတိုင်းရဲ့ အရှေ့မှာ နောက်တစ်ကြိမ် ထပ်သေပြလိုက်မယ်… အဲ့ဒါကို ထပ်ခါတလဲလဲ လုပ်ဆောင်ခဲ့တယ်ဆိုပေမဲ့ ငါတကယ် သေသွားလား မသေဘူးလားဆိုတာ သိရဖို့ အချိန်တစ်ခုကြာလိမ့်မယ်… အခုချိန်မှာ အဓိက ငါလိုအပ်နေတာက အချိန်ပဲ ”
ရွှီချင်း၏ စကားကို ကြားပြီးနောက် အားညိုက မျက်လုံးဝင်းလက်သွားသည်။ သူက တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားဟန် ရသည်။
“ မင်းပြောတာ အဓိပ္ပာယ်ရှိတယ်… ဒီအတိုင်းဆိုရင် မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေက ဖုန်းလင်းတောင်ကို ထပ်ပြီး ဟန်ဆောင်သေခိုင်းချင်တာ ဖြစ်ရမယ်… ဖုန်းလင်းတောင်ရဲ့ သံသယကြီးတဲ့ အကျင့်စရိုက်နဲ့ဆိုရင် သူက မြွေကို တုတ်နဲ့ချောက်တဲ့ အကွက်ထဲ သေချာပေါက် ဝင်သွားလိမ့်မယ် ”
“ တကယ်ပဲ အဲ့ဒီအတိုင်းသာဆိုရင် ဘာလို့ သူတော်စင်ကုန်းမြေက ဖုန်းလင်းတောင်ကို ဟန်ဆောင်သေခိုင်းချင်တာလဲ… ”
အားညိုက စကားဆုံးအောင် မပြောနိုင်ခင် ရွှီချင်းကို ရုတ်တရက် ကြည့်လိုက်သည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည့်အခါ အဖြေတစ်ခုက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ ဖုန်းလင်းတောင်ဆီမှာ တတိယကိုယ်ပွားရှိသေးတယ်… ပြီးတော့ အဲ့ဒီတတိယကိုယ်ပွားကို သူတော်စင်ကုန်းမြေ ဒါမှမဟုတ် လန်ယောင်နဲ့ ယွဲ့တုန်ထဲက တစ်ယောက်ယောက်က ရှာတွေ့ထားတာ ဖြစ်နိုင်တယ် ”
ရွှီချင်းက တိုးညင်းစွာ ပြောသည်။
“ ဟုတ်တယ်… ဒီတော့ သူတော်စင်ကုန်းမြေ ဒါမှမဟုတ် လန်ယောင်နဲ့ ယွဲ့တုန်က ဖုန်းလင်းတောင်ကို နောက်တစ်ကြိမ် သေဆုံးစေချင်တယ်… သူသေသွားတာနဲ့ တတိယကိုယ်ပွားက သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကို တိုက်ရိုက် ကျရောက်သွားလိမ့်မယ် ”
“ သူတို့က ဖုန်းလင်းတောင်ရဲ့ သံသယကြီးတဲ့ အကျင့်စရိုက်ကို ကောင်းကောင်း အသုံးချလိုက်တာပဲ ”
“ သူက ပိုပြီးသံသယကြီးလေ ဒီထောင်ချောက်ကို ထွင်းဖောက်မြင်နိုင်ဖို့ ပိုပြီးခက်ခဲလေပဲ ”
“ သူ့ရဲ့ စိတ်ထဲမှာ သံသယတွေအများကြီး ရှိတယ်… ပြီးတော့ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ အခြေအနေတစ်ခု ထွက်ပေါ်လာမှာကို သူက မလိုလားဘူး… အဲ့ဒါကြောင့် သူကိုယ်တိုင် လက်ဦးမှုရယူနိုင်မယ့် နည်းလမ်းတစ်ခုကို သေချာပေါက် စဉ်းစားရလိမ့်မယ်… အဲ့ဒီအခါကျရင် သူက ဆက်ပြီး ပုန်းကွယ်မနေတော့ဘဲ သူ့ကိုယ်သူ ထုတ်ဖော်ပြလာလိမ့်မယ်လို့ ငါသေချာတယ် ”
“ ဘာကြောင့်လဲဆိုတော့ သူက စိုးရိမ်နေလို့ပဲ ”
သူတို့နှစ်ယောက်က ရုတ်တရက် ဉာဏ်အလင်းပွင့်သွားကြပြီး အစီအစဉ် ကြိုဆွဲလိုက်ကြသည်။
ဖုန်းလင်းတောင်သည်တော့ သံသယကြီးသော အကျင့်စရိုက်က သူ၏ အရိုးများထဲထိ စိမ့်ဝင်နေသည်။ နောက်ရက်များတွင် သူက သဲလွန်စများကို မဖုံးကွယ်တော့ဘဲ သူ၏ အလျင်ကိုလည်း တဖြည်းဖြည်း နှေးကွေးသွားစေသည်။
ရှင်းလင်းစွာပင် သူ၏ သံသယကြီးသော အကျင့်စရိုက်က စတင်သက်ရောက်လာသည်။ သေးငယ်သော အချက်အလက်များက သူ၏ သံသယဝင်မှုအောက်မှာ ကိစ္စကြီးဖြစ်လာသည်။ သူက အရာအားလုံးကို အဘက်ဘက်မှ စစ်ဆေးစုံစမ်းလိုက်သည်။
သူက ပိုပြီးစုံစမ်းလေ ပိုပြီးသံသယများလာလေ ဖြစ်သည်။
နောက်ဆုံးမှာတော့ ခြောက်ရက်မြောက်နေ့တွင် ရွှီချင်းနှင့် အားညို၏ အာရုံစိုက်မှုအောက်မှာ ဖုန်းလင်းတောင်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံပေါ်သည်။ သူက ဆက်ပြီး ပုန်းအောင်းနေရန် ရွေးချယ်နိုင်သော်လည်း အင်အားစုအားလုံး၏ ပိုက်စိပ်တိုက် ရှာဖွေမှုအောက်မှာ သူ့ကိုယ်သူထုတ်ဖော်ရန် ရွေးချယ်လိုက်လေသည်။
မှန်ပေ၏။ သူ့ကိုယ်သူ ထုတ်ဖော်သော နည်းလမ်းက အလွန်သဘာဝကျသည်။ သူက အမှတ်မထင် အမှားပြုလုပ်မိသွားဟန် ရသည်။
သူက ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ခံလိုက်ရသည့်အခိုက် အရူးအမူး ထွက်ပြေးပြီး သဲလွန်စများကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ယင်းက အလွန်နောက်ကျသွားကြောင်း ထင်ရှားပေသည်။ သူ၏ တည်နေရာက မြန်ဆန်စွာ ပေါက်ကြားသွားပြီး တောမီးသဖွယ် ပျံ့နှံ့သွားသည်။
ထိုအခါ မီးလျှံလရွှမ်ကောင်းကင်ဒေသကြီးထဲတွင် အဆုံးမဲ့သော လိုက်ဖမ်းမှုက ဖြစ်ပွားလာသည်။
ထိုလိုက်ဖမ်းမှုက ဆယ့်တစ်ရက်ကြာမြင့်ခဲ့သည်။ တောင်ပိုင်းဝမ်ကူးဒေသနှင့် နယ်နိမိတ်ထိစပ်နေသော မီးလျှံလရွှမ်ကောင်းကင်ဒေသကြီး၏ အစွန်အဖျားတွင် ဖုန်းလင်းတောင်က အသည်းအသန် ထွက်ပြေးနေသည်။ သို့သော်လည်း သူက တောင်ပိုင်းဝမ်ကူးဒေသဆီသို့ ရောက်ရှိတော့မည့်အချိန် ရုတ်တရက် ရပ်တန့်သွားသည်။
ဤသည်မှာ သူက အားအင်ကုန်ခမ်းသွားပြီး စိတ်ပျက်အားလျော့သွားသည့်အလားပင်။ ထိုအခါ ဖုန်းလင်းတောင်က ရူးသွပ်သွားပြီး သူ၏ လွတ်မြောက်ရေးအတွက် လိုက်ဖမ်းသူအားလုံးကို တန်ပြန်တိုက်ခိုက်သည်။ သို့သော်လည်း အရာအားလုံးက ကြိုတင်စီစဉ်ထားပြီးသား မဟုတ်ပါလော။
ထို့ကြောင့် သူက လိုက်ဖမ်းသူအများအပြားကို သတ်ဖြတ်နိုင်ခဲ့သော်လည်း နောက်ဆုံးမှာတော့ သူက သူတော်စင်ကုန်းမြေများမှ သူလျှိုများ၏ အသတ်ခံလိုက်သည်။
ဖုန်းလင်းတောင်က နောက်တစ်ကြိမ် ထပ်သေဆုံးသွားသည်။
သူက သေဆုံးသွားသည်နှင့်ချက်ချင်း လျောင်ရွှမ်းဒေသငယ်ထဲမှ လှိုဏ်ဂူထဲတွင် ပုန်းအောင်းနေသော ဖုန်းလင်းတောင်၏ တတိယကိုယ်ပွားက ရုတ်တရက် တုန်ယင်သွားသည်။ သူ၏ နဖူးပေါ်မှ ပျောက်ကွယ်ခါနီးနေသည့် အနီရောင်မျဉ်းကြောင်းက ထွန်းလင်းတောက်ပလာသည်။
ထို့နောက် ဖုန်းလင်းတောင်၏ တတိယကိုယ်ပွားက မျက်လုံးဖွင့်လိုက်သည်။
သို့သော်လည်း သူက မျက်လုံးဖွင့်လိုက်သည်နှင့်ချက်ချင်း သူ၏ အမူအရာက ပျက်ယွင်းသွားသည်။ သူ၏ ခန္ဓာကိုယ်က အမြန်အနောက်ဆုတ်သွားပြီး သူက ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဤနေရာမှာ တစ်ချိန်လုံး ထိုင်စောင့်နေသော သက်လတ်ပိုင်းအမျိုးသားက အေးစက်စက် နှာခေါင်းရှုံ့သံနှင့်အတူ လက်သီးဆုပ်လိုက်သည်။
ချက်ချင်းဆိုသလို လှိုဏ်ဂူက တုန်ယင်သွားသည်။ ဤနေရာမှ အစီအရင်များက ဖုန်းလင်းတောင်၏ နောက်တစ်ကြိမ် သေဆုံးပြီး လွတ်မြောက်သွားမည့် အစီအစဉ်ကို ကြိုတင်တားဆီးလိုက်သည်။ တစ်ချိန်တည်းမှာ ကြီးမားသော အင်အားက ဖုန်းလင်းတောင်၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာသည်။ ထို့နောက် အင်အားက အတူတကွ စုဝေးသွားပြီး သူ့ကို ချုပ်နှောင်လိုက်သည်။
ထို့ပြင် ဆွဲငင်အားလည်း ထွက်ပေါ်လာသည်။ ထိုဆွဲငင်အားက ဖုန်းလင်းတောင်၏ ခန္ဓာကိုယ်ကို သက်လတ်ပိုင်းအမျိုးသား၏ အရှေ့သို့ ခေါ်ဆောင်သွားသည်။
ချက်ချင်းဆိုသလို သက်လတ်ပိုင်းအမျိုးသားက ဖုန်းလင်းတောင်၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။ အမုန်းတရားက သူ၏ မျက်လုံးထဲမှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။
“ တာအိုရောင်းရင်းဖုန်း… နောက်ဆုံးတော့ မင်းရောက်လာပြီ ”
ဖုန်းလင်းတောင်သည် သူနှင့်မရင်းနှီးသော သက်လတ်ပိုင်းအမျိုးသားထံမှ စိုက်ကြည့်ခံလိုက်ရသည့်အခါ မျက်နှာဖြူဖျော့သွားသည်။ ထိုလူကို တစ်ခါမှ သူမမြင်ဖူးကြောင်း သေချာသော်လည်း တစ်ဖက်လူထံမှ ရင်းနှီးကျွမ်းဝင်မှုကို သူခံစားနေမိသည်။
တစ်ဖက်လူ၏ မုန်းတီးသော အကြည့်က လန်ယောင်နှင့်ဆင်တူပြီး တစ်ဖက်လူ၏ လေသံက ယွဲ့တုန်နှင့် ဆင်တူသည်။
သူက စကားပြောရန် ကြိုးစားလိုက်သော်လည်း တစ်ဖက်လူက သူ၏ လည်ပင်းကို ပြုတ်တူဖြင့် ညှပ်ထားသည့်အလား အောက်မေ့ရသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံက လုံးဝချိပ်ပိတ်ခံထားရသည်။ ဤအခိုက်အတန့်မှာ သေခြင်းတရားက သူ၏ စိတ်ကို လွှမ်းခြုံသွားသည်။
သူက အရာအားလုံးကို ချက်ချင်း နားလည်သွားသည်။ မည်သို့ကြောင့် မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေက သူမသေဆုံးသေးကြောင်း လူသိရှင်ကြား ကြေညာလိုက်ရကြောင်း နောက်ဆုံးမှာတော့ သူနားလည်သွားသည်။ သူ၏ တွက်ချက်မှုက လွဲမှားသွားခဲ့သည်။
“ မင်းရဲ့ သံသယကြီးမှုက မင်းအတွက် အားသာချက်ဆိုပေမဲ့ အဲ့ဒါက မင်းရဲ့ အားနည်းချက်လည်း ဟုတ်တယ် ”
သက်လတ်ပိုင်းအမျိုးသားက တည်ငြိမ်စွာ ပြောသည်။ သူက ဖုန်းလင်းတောင်ကို သယ်ဆောင်လျက် ဤနေရာမှ ချက်ချင်း ထွက်ခွာသွားသည်။ သူက ပြန်ပေါ်လာသည့်အခါ အပြင်လောကသို့ ရောက်ရှိသွားသည်။ ထို့နောက် သူက အဝေးမှ မိုးကုပ်စက်ဝိုင်းဆီသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။
ဤအခိုက်အတန့်မှာ နေဝင်သွားသည်။ နေဝင်ဆည်းဆာအလင်းက ယခင်လျောင်ရွှမ်းဒေသငယ်ထဲမှာ ပြန့်ကျဲသွားသည်။
သက်လတ်ပိုင်းအမျိုးသား၏ ပုံရိပ်က နောက်ဆုံးလက်ကျန် နေဝင်ဆည်းဆာအလင်းအောက်မှာ မြန်ဆန်စွာ ပျံသန်းနေသည်။
သို့သော်လည်း ဖုန်းလင်းတောင်၏ လက်က သဏ္ဍာန်မဲ့သော ချည်မျှင်များကို ထုတ်လွှတ်နေကြောင်း သူအာရုံမခံမိပေ။ ထိုချည်မျှင်များက ကမ္မ၊ မူလဇစ်မြစ်နှင့် ကံတရားကို ကိုယ်စားပြုသည်။
ထိုချည်မျှင်များက အဝေးသို့ လွင့်မျောသွားကြပြီး ကောင်းကင်ပေါ်၌ မြန်ဆန်စွာ ရွေ့လျားနေကြသော ရွှီချင်းနှင့် အားညို၏ အရှေ့သို့ ကျရောက်သွားကြသည်။
အကြင်နာမဲ့နွားသိုးငါးကောင် မူလခြေရာခံခြင်းအတတ်ကို အသုံးပြုထားသော အားညိုက ယင်းတို့ကို ဖမ်းဆုပ်လိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။
“ နောက်ဆုံးတော့ ငါးစာလာဟပ်ပြီ ”
ရွှီချင်း၏ ညာမျက်လုံးက တဖျပ်ဖျပ်လင်းလက်သွားပြီး တာအိုအမှတ်အသားက ထွက်ပေါ်လာသည်။ သူက ကမ္မချည်မျှင်များကို စိုက်ကြည့်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
တစ်ခဏကြာပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။
“ တစ်ဖက်လူကလည်း အရမ်းသတိကြီးတယ်… အခုဟာက ငါးပေါက်စလေးပဲ ”
“ ဒါပေမဲ့ တကယ်လို့ ငါတို့က ဒီငါးနောက်ကို လိုက်သွားမယ်ဆိုရင် ငါးပိုင်ရှင်ကို သေချာပေါက် ရှာဖွေနိုင်လိမ့်မယ် ”
အားညိုက ပြုံးလိုက်သည်။ သူက မူလခြည်မျှင်များအပေါ် အာရုံခံလိုက်ပြီးနောက် ရုတ်တရက် ပြောသည်။
“ ချင်းလေး… လန်ယောင်နဲ့ ယွဲ့တုန်က ဘာလို့ ဖုန်းလင်းတောင်ကို အဲ့လောက်အပင်ပန်းခံပြီး လိုက်ဖမ်းနေတာလဲ… ဒီကောင့်ဆီမှာ ငါတို့မသိတဲ့ ရတနာတစ်ခုခု ရှိနေတာများလား ”
အားညိုက မျက်မှောင်ကြုတ်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။