← Chapters

အခန်း (၁၆၂)

Vol. 11 Ch. 162

အခန်း (၁၆၂)

Vol. 11 Ch. 162

ရုတ်တရက် ထွက်ပေါ်လာသည့် တိုးညင်းသော အသံကြောင့် လူတိုင်းသည် အံ့အားသင့်သွားကြ၏။

သူတို့က အသံလာရာဆီသို့ ကြည့်လိုက်ရာ မကြာခင်မှာပင် ကျန်းချန်ဆီသို့ အကြည့်များ ရောက်ရှိသွားကြသည်။

"သူဖြစ်နေတာကိုး"

စကားပြောလိုက်သည့်လူက သူတို့နဲ့အတူ အင်ပါယာမြို့တော်ကို လိုက်လာသည့် လူငယ်လေး ကျန်းချန် ဖြစ်နေသည်ကိုမြင်လျှင် ထန့်လုံ အာမခံအဖွဲ့မှ လူများသည် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ကြပေ။

ထန့်ချိုးယွီ၏ လှပသော မျက်လုံးထဲတွင် မယုံနိုင်လောက်အောင် အံ့အားသင့်သည့် အမူအရာများ ပေါ်ထွက်လာခဲ့၏။

သူမတို့ ထန့်လုံ အာမခံအဖွဲ့နှင့်အတူ အင်ပါယာမြို့တော်ကို လမ်းကြုံ လိုက်လာသည့် လူငယ်လေးသည် ဤအချိန်တွင် သူမတို့အတွက် စကားပြောပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော် ထိုလူငယ်က နျိုထျန်းခိုင်ကို ရင်ဆိုင်ရသည့် အခါတွင် ယခုလို မောက်မာသည့် စကားများ ပြောနိုင်ဦးမည်ဟုတော့ သူမ မထင်ချေ။

"ဟားဟား... အတောင်အလက်တောင် မစုံသေးတဲ့ ငချွတ်လေးကများ ငါ့ရှေ့မှာ စကားကြီးစကားကျယ် ပြောရဲနေပါလားဟေ့"

"မင်းကများ ငါ့ရဲ့ အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့ကို ဖျက်ဆီးချင်တယ်ဆိုပါလား.. ရယ်စရာပဲ"

"ကောင်လေး.. မင်းက သေမင်းခံတွင်းဝဆီ ကိုယ်တိုင်ရောက်လာမှတော့ ငါမင်းကို ယမမင်းဆီ ပို့ပေးရမှာပေါ့"

သူတို့ကို မျက်စိထဲ မထည့်သည့် ကျန်းချန်၏ စကားများကို ကြားလျှင် နျိုထျန်းခိုင်၏ အမူအရာသည် အေးစက်သွားခဲ့သည်။

"ဒီစကားကြီးစကားကျယ် အာချောင်တဲ့ ကလေးကို အရင်သတ်ပစ်လိုက်"

"အမိန့်အတိုင်းပါ ခေါင်းဆောင်"

နျိုထျန်းခိုင်၏ နောက်လိုက် အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့ဝင် နှစ်ယောက်သည် ချက်ချင်းပင် သူတို့၏ လှံများကို ဝှေ့ရမ်းကာ ကျန်းချန်ဆီသို့ ပြေးဝင်လာကြသည်။

ထိုခဏတွင် ထန့်ချိုးယွီ၏ လှပသော မျက်နှာလေးသည် အနည်းငယ် အမူအရာ ပြောင်းလဲသွားခဲ့သည်။

သူမက နံဘေးမှ ထန့်ရှန်းကို အနက်ရောင်သံချပ်ဝတ် မြင်းသူခိုးအဖွဲ့ဝင် နှစ်ယောက်အား တားဆီးဖို့ ပြောတော့မည့် အချိန်မှာပင် လေထဲ၌ ဓားရောင် နှစ်ချက် ရုတ်တရက် လင်းလက်သွားခဲ့သည်။

"ရွှစ်.. ရွစ်"

နောက်ထပ် တစ်ခဏတွင် ရှေ့ကို တန်းတန်းမတ်မတ် ပြေးဝင်လာသည့် အနက်ရောင် သံချပ်ဝတ် မြင်းခိုးအဖွဲ့ဝင် နှစ်ယောက်၏ ခန္ဓာကိုယ်များသည် ရုတ်တရက် တောင့်တင်းသွားသည်ကို မြင်လိုက်ရသည်။

သူတို့က မသိစိတ်ကနေ သူတို့၏ လည်ပင်းကို လက်ဖြင့် ပွတ်ကြည့်လိုက်ရာ သူတို့၏ လည်ပင်းကနေ သွေးများ စီးဆင်းနေပြီ ဆိုသည်ကို သိလိုက်ရ၏။

မကြာခင်မှာပင် ထိုနှစ်ယောက်သည် လည်စောင်းကာ မြင်းပေါ်ကနေ ဒုန်းခနဲ ပြုတ်ကျသွားကြသည်။

"ဝိုး... ဒီလူငယ်က ဒီလောက်ထိ အားကောင်းမယ်လို့ မထင်ထားမိဘူး"

"ဟုတ်ပါ့ကွာ.. ဒီအနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့ဝင် နှစ်ယောက်က အနည်းဆုံး ချီကာကွယ်ရေး အဆင့်၆ ကျင့်ကြံသူတွေ ဖြစ်မယ်လို့ ငါထင်တယ်.. ဒါပေမဲ့ သူက ဓားချက် တစ်ချက်တည်းနဲ့ သူတို့ကို သတ်ပစ်လိုက်တယ်"

"ဒီလူငယ်က အစွမ်းအစကို ဖုံးကွယ်ထားတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နေမယ်လို့ မထင်ထားမိဘူး"

သူတို့ရှေ့မှ မြင်ကွင်းက ထန့်လုံ အာမခံအဖွဲ့၏ အဖွဲ့ဝင်များကို အံ့အားသင့်စေခဲ့၏။

"သူ... သူက ဒီလောက်တောင် အားကောင်းတာလား"

ထန့်ချိုးယွီက ထိုမြင်ကွင်းကို ငေးကြည့်ရင်း သူမ၏ လှပသည့် မျက်ဝန်းလေးထဲတွင် မယုံကြည်နိုင်သော အရိပ်အ​ယော င်များ ပေါ်ထွက်လာခဲ့သည်။

"ဟားဟား... ငါသိသားပဲ.. ဒီကောင်လေးက သာမန်မဟုတ်ပါဘူးလို့ ငါထင်ထားတာ.. မှန်နေတာပဲ"

ထန့်ရှန်း၏ မျက်လုံးများက တောက်ပသွားသည်။

ယမန့်နေ့က ထန့်လုံ အာမခံအဖွဲ့ကို ဝူကျန့်နန် ရောက်လာပြီး ကျန်းချန်ကို ခေါ်သွားပေးဖို့ တောင်းဆိုခဲ့သည်။

ဝူကျန့်နန်၏ လေသံအရ ကျန်းချန်ဟု ခေါ်သည့် ကောင်လေးသည် သာမန်မဟုတ်မှန်း သူရိပ်စားမိခဲ့၏။

ယခုတော့ ဤကောင်လေးသည် သူထင်ထားသည်ထက် ပို၍ အစွမ်းထက်နေပုံရသည်။

"ကောင်လေး.. မင်းက ငါ့လူတွေကို သတ်ရဲတယ်လား"

နျိုထျန်းခိုင်၏ မျက်နှာက ချက်ချင်းပင် အလွန်အမင်း ညှိုးနွမ်းသွားခဲ့သည်။

"မင်းရဲ့လူတွေကို ငါသတ်လိုက်တယ်ကွာ.. ဟက်.. မင်းငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ"

ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"အခုနေ မင်းလူတွေကို ခေါ်ပြီး ထွက်သွားရင် နောက်မကျသေးဘူးနော်.. မဟုတ်ရင်တော့ မင်းတို့အားလုံးကို ငါ သတ်ပစ်မယ်"

"ကောင်လေး.. မင်းသေချင်နေပြီလား"

"မူလဘူတအဆင့် ကျင့်ကြံသူရဲ့ ဒေါသကို ဆွမိရင် ဘယ်လိုအကျိုးဆက်တွေ ရင်ဆိုင်ရမလဲဆိုတာ မင်းကို သိစေရမယ်"

နျိုထျန်းခိုင်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သူ၏ ခမ်းနားသော အရှိန်အဝါသည် ကောင်းကင်ကိုပင် မြင့်တက်သွားခဲ့သည်။

သူက လေးလံသော တူကြီးတစ်လက်ကို လက်နက်အဖြစ်အသုံးချကာ ကျန်းချန်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ဟူးးး"

နျိုထျန်းခိုင်က ခန္ဓာကိုယ်ထွားကြိုင်းသော်လည်း အရှိန်အဟုန်ကမူ လုံးဝ မနှေးပေ။

မျက်စိတစ်မှိတ်အတွင်း သူက ကျန်းချန်ရှေ့ကို ရောက်ရှိသွားခဲ့ပြီး တူလက်နက်ကလည်း ကျန်းချန်၏ ခေါင်းထက်သို့ ကြောက်မက်ဖွယ်အင်အားဖြင့် ရိုက်ခတ်လာခဲ့သည်။

အခန်း(၁၆၂) ပြီး၏

All Chapters