အခန်း (၁၆၃)
Vol. 11 Ch. 163
"ဟက်... မူလဘူတ အဆင့်ကျင့်ကြံသူက ဘာများ အံ့ဩစရာကောင်းလို့လဲ"
"မင်းထက် သန်မာတဲ့ မူလဘူတအဆင့်ကျင့်ကြံသူ တစ်ယောက်ထက်မက ငါသတ်ဖူးတယ်"
တူဖြင့် တိုက်ခိုက်လာသည့် နျိုထျန်းခိုင်ကို ကျန်းချန်က ခနဲ့လိုက်ပြီးနောက် လက်သီးဖြင့် တူကို တိုက်ရိုက် ထိုးချလိုက်သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံက လေထဲတွင် ချက်ချင်း ထွက်ပေါ်လာ၏။
ကျန်းချန်၏ လက်သီးက သာမန်လက်သီးဟု ထင်ရသော်လည်း နျိုထျန်းခိုင်၏ တူထက် ပိုပြီး ရုန့်ရင်းသော အင်အားများ ပါဝင်နေသည်။
နျိုထျန်းခိုင်၏ ခန္ဓာကိုယ်က ကျန်းချန်၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားခဲ့သည်။
"ဖူး"
နျိုထျန်းခိုင်၏ ပုံရိပ်က ချက်ချင်းဆိုသလို ပေအတော်များများသို့ နောက်ပြန် လွင့်ထွက်သွားခဲ့သည်။
သူက သူ့လက်ထဲမှ တူလက်နက်၏ အထောက်အပံ့ဖြင့် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရသော်လည်း သွေးတစ်ပွက်ကိုမူ အန်ထုတ်လိုက်ရ၏။
သူတို့ရှေ့မှ တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းက ထန့်လုံ အာမခံအဖွဲ့သား အားလုံးကို မျက်လုံးများ ပြူးကျယ်သွားစေခဲ့သည်။
ဤလူငယ်က အလွန် အားကောင်းမှန်း သူတို့သိထားသော်လည်း ယခုလောက်ထိ အားကောင်းမည်ဟု မထင်ထားခဲ့ပေ။
လူငယ်က လက်သီးတစ်ချက်ဖြင့်ပင် အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့၏ ခေါင်းဆောင် နျိုထျန်းခိုင်ကို လွင့်ထွက်သွားစေခဲ့သည်။
ဤသည်က လုံးဝ ပုံမှန်မဟုတ်ပေ။
"ကောင်လေး.. မင်း... မင်း ဘယ်သူလဲ"
နျိုထျန်းခိုင်က ခေါင်းမော့ပြီး ဆန့်ကျင်ဘက်ရှိ ကျန်းချန်ကို ကြည့်လိုက်သည်။
အဆုံးသတ်တွင် သူ့မျက်လုံးထဲ၌ ကြောက်ရွံ့သောအရိပ်အယောင် တစ်ခု လင်းလက်သွားခဲ့၏။
အသက် ၁၅ နှစ်၊ ၁၆ နှစ်သာရှိသည့် ဤလူငယ်လေးသည် မူလဘူတအဆင့်ကျင့်ကြံသူ ဖြစ်လာလိမ့်မည်ဟု နျိုထျန်းခိုင် ဘယ်လိုမှ မထင်ထားခဲ့ပေ။
ထို့ပြင် လူငယ်လေးသည် သူ့ထက် အဆများစွာ သာလွန်သည့် မူလဘူတအဆင့် ကျင့်ကြံသူလည်း ဖြစ်နေ၏။
ကျန်းချန်က နျိုထျန်းခိုင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ငါဘယ်သူလဲဆိုတာ မင်းသိဖို့ မထိုက်တန်ဘူး"
"ဒီက ညီလေး...ဒီနေ့ ငါနျိုထျန်းခိုင်က အမြင်ကန်းပြီး စော်ကားမိတာကို ခွင့်လွှတ်ပေးပါ"
"ငါအခုပဲ ငါ့ရဲ့ အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့နဲ့ အတူ ထွက်သွားပေးပါ့မယ်"
နျိုထျန်းခိုင်က စိတ်ထဲကနေ ကြောက်ရွံ့မှုကို ဖုံးကွယ်ကာ ကျန်းချန်ကို လက်သီးဆုပ်၍ ဦးညွှတ်လိုက်သည်။
ထို့နောက်တွင် မြင်းပေါ်တက်ပြီး ထွက်သွားရန် ပြင်လိုက်၏။
နျိုထျန်းခိုင်သည် အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့ကိုလင်ယွင်စီရင်စုတွင် နာမည်ဆိုးဖြင့် ကျော်ကြားလာစေရန် ဦးဆောင်နိုင်ခဲ့သူဖြစ်၍ အလွန်ပင် လိမ္မာပါးနပ်သည်။
ထို့ကြောင့် သူ့ရှေ့က လူငယ်ကို ရင်ဆိုင်ရန် မဖြစ်နိုင်မှန်း သိခဲ့သည်။
သို့သော် နျိုထျန်းခိုင် မြင်းပေါ်တက်လိုက်သည့် အချိန်မှာပင် ကျန်းချန်၏ ပုံရိပ်သည် တစ္ဆေကဲ့သို့ မြန်ဆန်စွာ လှုပ်ရှားသွားပြီး ကောင်းကင်ကနေ ဆင်းသက်ကာ နျိုထျန်းခိုင်၏ သွားလမ်းကို တိုက်ရိုက် ပိတ်ဆို့ထားလိုက်သည်။
ထိုမြင်ကွင်းကြောင့် နျိုထျန်းခိုင်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ညီလေး.. မင်းဒါဘာသဘောလဲ"
"ငါမင်းကို ထွက်သွားဖို့ အခွင့်အရေးပေးခဲ့ပြီးပြီ.. ဒါပေမဲ့ မင်းက မထွက်သွားခဲ့ဘူး"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
"အခု မင်းကို သွားခွင့်မပြုတဲ့အချိန်ရောက်မှ မင်းက ငါ့ဆီကနေ ထွက်သွားချင်နေတယ်"
"ကောင်လေး.. မင်းကို မျက်နှာသာပေးတာကို ကြောက်နေတယ်လို့ ထင်နေတာလား"
နျိုထျန်းခိုင်က ဒေါသထွက်လာပြီး သူ့မျက်လုံးထဲတွင် အကျည်းတန်သော အကြည့်က ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
သူက မြင်းပေါ်ကနေ လေထဲကို တိုက်ရိုက် ပျံသန်းလိုက်ပြီး တူကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ တောင်ကြီးတစ်လုံးကဲ့သို့ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။
"သေစမ်း"
နျိုထျန်းခိုင်က လေထဲတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အားကောင်းတဲ့ ခွန်အားဖြင့် ကျန်းချန်ကို ရိုက်ချလိုက်၏။
ကျန်းချန်၏ အမူအရာက တုန်လှုပ်ခြင်း အလျဥ်းမရှိပေ။
သူက ခွန်အား ၁၀ ရာခိုင်နှုန်းကို တိုက်ရိုက် အသုံးပြုကာ သူ့ဆီသို့ ရိုက်ခတ်လာတဲ့ တူကို လက်သီးဖြင့် တစ်ဖန် ထိုးချလိုက်သည်။
"ဝုန်း"
ကျန်းချန်၏ လက်သီးက တူကို ချက်ချင်းပင် ရိုက်ခတ်သွားပြီး ကျယ်လောင်သော ဆူညံပေါက်ကွဲသံများ ထွက်လာခဲ့၏။
မကြာခင်မှာပင် နျိုထျန်းခိုင်၏ လက်ထဲမှ တူပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ ပြန့်နှံ့နေတဲ့ အက်ကြောင်းများကို အားလုံးက မြင်လိုက်ရသည်။
ခဏအကြာတွင် တူလက်နက်သည် အပိုင်းအစ အမြောက်အမြား အဖြစ်သို့ တိုက်ရိုက် ကွဲထွက်သွားခဲ့သည်။
သို့သော် ကျန်းချန်၏ လက်သီးအရှိန်က အနည်းငယ်လေးမှပင် အရှိန် လျော့မသွားခဲ့ပေ။
လက်သီးချက်က နျိုထျန်းခိုင်၏ ရင်ဘတ်ပေါ်သို့ ဆက်လက် ကျရောက်သွားခဲ့သည်။
"အား"
နာကျင်စွာ အော်ဟစ်သံသည် လေထဲတွင် ချက်ချင်း ပဲ့တင်ထပ်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် နျိုထျန်းခိုင်၏ ခန္ဓာကိုယ်သည် ပေအတော်များများ အကွာအဝေးရှိ မြေပြင်ပေါ်ကို ကျဆင်းသွားပြီး တစ်ကိုယ်လုံးရှိ ဒွါရပေါက် ၇ ပေါက်မှ သွေးများ စီးကျနေကာ ပြန်မထလာနိုင်တော့ချေ။
အခန်း(၁၆၃) ပြီး၏