← Chapters

အခန်း (၁၅၁)

Vol. 11 Ch. 151

အခန်း (၁၅၁)

Vol. 11 Ch. 151

"ဝိုး.. ဒီကောင်လေးက ဘယ်သူလဲ.. မြို့စားအိမ်တော်ကိုတောင် ပြဿနာလာရှာရဲတယ်"

"ငါ့အမြင်တော့ လင်ယွင် မြို့စားအိမ်တော်ကို ပြဿနာလာရှာတာက အသေခံဖို့ လာတာပဲ"

"ဒီကလေးက စိတ်သိပ်မမှန်ဘူး ထင်တယ်"

ရင်ပြင်ထဲရှိ လူတိုင်းသည် မှင်တက်နေရာကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာသွားခဲ့သည်။

သူတို့အားလုံးက ကျန်းချန်ကို စကားမပြောနိုင်ဘဲ ဆွံ့အသောအမူအရာဖြင့် ကြည့်နေခဲ့ကြ၏။

ဤသည်က လင်ယွင်မြို့စား၏ အိမ်တော် ဖြစ်သည်။

လင်ယွင်စီရင်စု​တစ်ခုလုံးမှာပင် မြို့စားအိမ်တော်ကို စော်ကားဝံ့သူ မရှိပေ။

သူတို့ရှေ့မှ ကောင်လေးသည် အသက် ၁၅ နှစ် သို့မဟုတ် ၁၆ နှစ်အရွယ် ကောင်လေး တစ်ယောက်သာ ဖြစ်သည်။

နို့နံ့တောင် စင်ပုံမရသေးသည့် ကောင်လေးက လူမြင်ကွင်းတွင် မြို့စားအိမ်တော်ကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်နေခဲ့သည်။

ယင်းလုပ်ရပ်က အသေခံဖို့ လာသည်နှင့် မခြားပေ။

စန်းရှန်မြို့မှလူများ၏ တီးတိုး ဆွေးနွေးမှုများကို အတိုင်းသားကြားနေရသော်လည်း ကျန်းချန်သည် လျစ်လျူရှုထားခဲ့သည်။

သူက ကျန်ရှိသည့် အစောင့်သုံးယောက်ကို တည်ငြိမ်စွာ ကြည့်၍ အေးစက်စက် ပြောလိုက်သည်။

"ငါ ဒီနေ့ ပိုင်ကျိရွှယ်ကို ဆုံးမဖို့ လာခဲ့တာပဲ.. မင်းတို့ကို ငါမသတ်ချင်ဘူး.. မင်းတို့တွေ မသေချင်ဘူးဆိုရင် ငါ့ကို သွားခွင့်ပေးလိုက်"

"ကောင်လေး.. မင်းက ဘာကောင်မို့လဲ.. မင်းက ငါတို့ရဲ့ သခင်လေးကို ဆုံးမဖို့ ထိုက်တန်မှု ရှိလို့လား"

"မင်း ဒီနေ့ ငါတို့ မြို့စားအိမ်တော်က လူကို သတ်ခဲ့တယ်.. မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် အသက်ရှင်လျက်နဲ့ ထွက်သွားခွင့် မပေးနိုင်ဘူး"

"အတူတူ သတ်ပစ်ကြစို့"

အစောင့်တစ်ယောက်က သူ့ဘေးမှ နှစ်ယောက်ကို အဖော်စပ်လိုက်ပြီး ကျန်းချန်ကို သတ်ရန် ပြေးဝင်လာခဲ့သည်။

"မင်းတို့ကို မသတ်ချင်လို့ အခွင့်အရေး ပေးခဲ့တယ်.. ဒါပေမဲ့ မင်းတို့က နားမထောင်ချင်ဘူး"

ကျန်းချန်က ပြေးဝင်လာသည့် လူသုံးယောက်ကို လေးတွဲ့စွာ ကြည့်လိုက်ပြီး အနည်းငယ် ခေါင်းခါယမ်းကာ လက်သီးဖြင့် ထိုးချလိုက်သည်။

"ဘန်း ဘန်း ဘန်း"

လက်သီးဖြင့် ထိခိုက်မိသည့် အသံက ချက်ချင်း ထွက်ပေါ်လာ၏။

ကျန်းချန်၏ သာမန် လက်သီးချက်က အစောင့်သုံးယောက်ကို တိုက်ရိုက် လွင့်ထွက်သွားစေခဲ့သည်။

သူတို့က အော်ဟစ်ဖို့ပင် အချိန်မရလိုက်ဘဲ မြေပြင်ပေါ် လဲကျကာ သေဆုံးသွားကြသည်။

ထိုမြင်ကွင်းကို မြင်လျှင် လူတိုင်းသည် ပါးစပ်အဟောင်းသား ဖြစ်ကာ အံ့သြနေခဲ့ကြ၏။

မြို့စားအိမ်တော်၏ အစောင့်သုံးယောက်လုံးသည် အနည်းဆုံး ချီကာကွယ်ရေး အဆင့်၅ သို့မဟုတ် အဆင့်၆ ရှိသည်။

သို့သော်လည်း ထိုသုံးယောက်လုံးသည် လူငယ်လေး၏ လက်သီးချက်ဖြင့် အသတ်ခံလိုက်ရ၏။

သူတို့ရှေ့မှ လူငယ်တွင် မည်မျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ရှိနေပါသနည်း။

အစောင့်အနည်းငယ်ကို ပေါ့ပါးစွာ ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် ခေါင်းကို အနည်းငယ် မော့လိုက်သည်။

သူ၏ စူးရှသော အကြည့်က မြို့စားအိမ်တော်ရဲ့ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်နေခဲ့၏။

တစ်ချိန်တည်းမှာပင် သူ၏ အေးစက်စက် အသံသည် မြို့စားအိမ်တော်၏ လေထုထဲကို တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့သည်။

"ပိုင်ကျိရွှယ်.. ငါ ကျန်းချန်က မင်းကို ဆုံးမဖို့ရောက်လာပြီ.. မြန်မြန် ထွက်လာပြီး အသေလာခံစမ်း"

ကျန်းချန်၏ အေးစက်သော စကားများသည် ရင်ပြင်ထဲရှိ လူတိုင်းကို အံ့အားသင့်စေခဲ့၏။

"ဒီကောင်က လင်ယွင်မြို့စားရဲ့သား ပိုင်ကျိရွှယ်ကို ဒုက္ခပေးဖို့ ရောက်လာခဲ့တာလား"

"ဘယ်သူက ငါတို့ မြို့စားအိမ်တော်မှာ အတင့်ရဲပြီး ရမ်းကားနေတာလဲ"

ယင်းအချိန်မှာပင် ဒေါသတကြီး အော်ဟစ်သံ တစ်သံသည် မြို့စားအိမ်တော်ထဲကနေ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့၏။

ချက်ချင်းဆိုသလိုပင် လူတစ်ယောက်သည် မြို့စားအိမ်တော်၏ နံရံပေါ်တွင် ပေါ်လာခဲ့သည်။

သူက ခြေဖဝါးကို တစ်ချက်ဆောင့်ကာ ကျန်းချန် အရှေ့ကို တိုက်ရိုက် ဆင်းသက်လာခဲ့သည်။

"ကောင်လေး.. ငါတို့မြို့စားအိမ်တော် အစောင့်တွေကို သတ်ပစ်လိုက်တာ မင်းလား"

မြေပြင်ပေါ်မှ အစောင့်လေးယောက်၏ အလောင်းများကို မြင်လျှင် ထိုလူက ခေါင်းကို ချက်ချင်း မော့လိုက်ပြီး ကျန်းချန်ကို မေးခွန်းထုတ်လိုက်၏။

ကျန်းချန်၏ မျက်လုံးများက တည်ငြိမ်နေပြီး အမူအရာက မပြောင်းလဲခဲ့ပေ။

သူက သူ့ရှေ့မှ လူကို ခပ်ထေ့ထေ့ ကြည့်၍ မေးလိုက်သည်။

"မင်းက လင်ယွင်မြို့ရဲ့ မြို့စား ပိုင်ကျင်းထျန်းလား"

"အတင့်ရဲလိုက်တာ"

"မင်းက ငါတို့ မြို့စားရဲ့ နာမည်ကို ဘယ်လိုလုပ်ပြီး ခေါ်ချင်တိုင်း ခေါ်နေရတာလဲ"

"ငါက မြို့စားအိမ်တော်ရဲ့ ခေါင်းဆောင် ဟဲတုပဲ.. မင်းက ငါတို့ မြို့စားအိမ်တော်ရဲ့ အစောင့်ကို သတ်ပြီး မြို့စားအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် ငါမင်းကို အသက်ချမ်းသာပေးလို့ မဖြစ်တော့ဘူး"

ဟဲတုက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သူ့ဆီကနေ ပြင်းထန်သည့် အရှိန်အဝါတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာခဲ့၏။

အခန်း(၁၅၁) ပြီး၏

All Chapters