အခန်း (၁၅၂)
Vol. 11 Ch. 152
"ဒီကောင်တော့ ဒုက္ခရောက်ပြီ.. အခုရောက်လာတာက မြို့စားအိမ်တော်ရဲ့ အိမ်တော် ကာကွယ်ရေး ခေါင်းဆောင် ဟဲတုပဲ.. သူကိုယ်တိုင်လာမယ်လို့ မထင်ထားမိဘူး"
"ဟဲတုက လင်ယွင်မြို့မှာ နာမည်ကြီးတဲ့ မူလဘူတအဆင့် ကျင့်ကြံသူပဲ"
"ဟိုကောင်လေးတော့ သေတော့မှာပဲ"
မြို့စားအိမ်တော်ထဲမှ ဟဲတု ထွက်လာသည်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ လူအားလုံးသည် မအံ့သြဘဲ မနေနိုင်ကြတော့ပေ။
ဟဲတုသည် လင်ယွင်မြို့စား၏ လက်ရုံးတစ်ယောက်ဖြစ်ပြီး မူလဘူတ အဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်သည်။
လူငယ်လေးက မည်မျှပင် အားကောင်းနေပါစေ၊ မူလဘူတအဆင့် ကျင့်ကြံသူ၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်ပါအံ့နည်း။
ဟဲတု၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အရှိန်အဝါကို ခံစားမိသော်လည်း ကျန်းချန်၏ အမူအရာသည် အလွန်ပင် တည်ငြိမ်နေခဲ့သည်။
သူက ဟဲတုကို ခပ်ထေ့ထေ့ ကြည့်ကာ ပြောလိုက်၏။
"နောက်ဆုံးအကြိမ် သတိပေးမယ်.. ငါ ဒီနေ့လာခဲ့တာ ပိုင်ကျိရွှယ်ကို စာရင်းရှင်းဖို့ပဲ.. မင်းတကယ်ပဲ ငါ့ကိုတားမယ်ဆိုရင် သေမယ့်သူက မင်းဖြစ်မယ်လို့ ငါအာမခံတယ်"
"ဟားဟား... မင်းလို နို့နံ့တောင် မစင်သေးတဲ့ ကလေးက ငါ့ရှေ့မှာ စကားကြီးစကားကျယ်တွေ လျောက်ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား။"
"လင်ယွင်မြို့စားအိမ်တော်ကို စော်ကားရဲတယ်ဆိုတော့ မင်းရဲ့ တစ်ခုတည်းသော ရလဒ်က သေခြင်းတရားပဲ"
ဟဲတုက ရယ်မောလိုက်သည်။
သူက ခြေဖဝါးကို မြေပြင်နှင့် တစ်ချက်ဆောင့်လိုက်ပြီး လျှပ်စီးလို အရှိန်အဟုန်ဖြင့် ကျန်းချန်းဆီသို့ ပြေးဝင်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် မူလဘူတအဆင့် စွမ်းအားများကို ထည့်သွင်းထားသည့် ကုတ်ဆွဲချက်ဖြင့် ကျန်းချန်၏ ဦးခေါင်းကို ကုတ်ဆွဲလိုက်သည်။
ကျန်းချန်၏ မျက်လုံးများက အေးစက်သွား၏။
သူက လုံးဝ ရှောင်တိမ်းခြင်းမရှိဘဲ သူ၏လက်သီးကို ဟဲတုဆီသို့ ရိုးရှင်းစွာ ထိုးနှက်လိုက်သည်။
"ဝုန်း"
အံ့သြဖွယ် ထိပ်တိုက်တွေ့မှုက လေထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
နောက်ထပ် တစ်ခဏမှာပင် ဟဲတု၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများသည် ချက်ချင်း ပေါက်ကွဲသွားခဲ့ပြီး တစ်ကိုယ်လုံး သွေးအလူးလူး ဖြစ်ကာ ကြိုးပျက်သွားသောစွန် တစ်ကောင်နှယ် လွင့်စင်သွားခဲ့သည်။
သူတို့ရှေ့မှ အံ့သြဖွယ်မြင်ကွင်းကို မြင်လိုက်ရလျှင် လူတိုင်း၏ မျက်လုံးများသည် မယုံနိုင်လောက်အောင် ပြူးကျယ်သွားခဲ့၏။
ထိုအချိန်တွင် ရင်ပြင်တစ်ခုလုံးသည် သုသာန်တစ်စပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ဤကဲ့သို့ ရလဒ်ဖြစ်လာမည်ဟု သူတို့ စိတ်ကူးဖြင့်ပင် မတွေးမိခဲ့ကြပေ။
ဂုဏ်သိက္ခာကြီးမားသော လင်းယွန်းမြို့စား အိမ်တော်၏ ကာကွယ်ရေး ခေါင်းဆောင်၊ လင်ယွင်စီရင်စု၏ နာမည်ကျော် မူလဘူတ အဆင့်ကျင့်ကြံသူ ဟဲတုသည် ကျန်းချန်း၏ လက်သီးချက် တစ်ချက်တည်းဖြင့် လွှင့်ထွက်သွားခဲ့၏။
အသက် ၁၅ နှစ်၊ ၁၆ နှစ်လောက်သာ ရှိပုံရသည့် လူငယ်တစ်ယောက်သည် မူလဘူတအဆင့် ကျင့်ကြံသူကို လက်သီးတစ်ချက်တည်းဖြင့် ရှုံးနိမ့်စေခဲ့သည်။
လင်ယွင်ကျောင်းတော်၏ ထိပ်တန်းပါရမီရှင်များပင် ဤမျှလောက် ကြောက်စရာကောင်းသည့် အင်အားမျိုး ဘယ်လိုမှ ရှိနိုင်မည် မဟုတ်ချေ။
"ဒီကောင်က ဘယ်ကလာတဲ့ မကောင်းဆိုးဝါးလဲ"
"ဝုန်း"
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် ဟဲတုသည် ပေသုံးလေးဆယ်လောက်အထိ လွင့်ထွက်သွားပြီး အဆုံးသတ်တွင် မြေပြင်ပေါ်သို့ ပြုတ်ကျကာ အပေါက်ကြီးတစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့သည်။
"မင်း.. မင်း ဘယ်သူလဲ"
သူက ပါးစပ်ထဲကနေ သွေးများ အန်ထုတ်လိုက်ပြီး ကျန်းချန်ကို ကြောက်လန့်တကြားဖြင့် ကြည့်နေခဲ့၏။
လက်သီးတစ်ချက်.. လက်သီးတစ်ချက်တည်းဖြင့် သူ့ရှေ့မှ ကောင်လေးသည် သူ့ကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။
ဟဲတုက သူ့ရှေ့ရှိ အသက် ၁၅ နှစ်၊ ၁၆ နှစ်လောက်သာ ရှိပုံရသည့် လူငယ်လေးတွင် ဤမျှ ကြောက်မက်ဖွယ် ကောင်းသည့် အင်အားမျိုး ရှိနေသည်ကို မယုံကြည်နိုင် ဖြစ်နေခဲ့၏။
"မင်းကို ဝင်မရှုပ်ဖို့ ပြောခဲ့တာပဲ.. ဒါပေမယ့် မင်းက စေတနာကို နားမလည်ဘူး"
ကျန်းချန်က အေးစက်စွာ ပြောလိုက်သည်။
"လင်ယွင်မြို့စားအိမ်တော်က မင်းလို မူလဘူတအဆင့် ကျင့်ကြံသူကို ငါ မသတ်ဖူးဘူး ထင်နေလား"
ကျန်းချန်း၏ စကားကို ကြားလျှင် ဟဲတု၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။
"ဒါ.. ဒါဆို မင်းက ငါတို့အိမ်တော်က လူတွေကို သတ်လိုက်ပြီပေါ့ "
လွန်ခဲ့တဲ့သုံးရက်က သခင်လေးပိုင်ကျိရွှယ်သည် မြို့စားအိမ်တော်၏နောက်ထပ် မူလဘူတအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် တတိယအဆင့် အစီအရင်သခင်ကို စန်းရှန်မြို့တွင် တာဝန်တစ်ခု ဆောင်ရွက်ရန် အမိန့်ပေးခဲ့သည်။
သို့သော် အခုချိန်ထိ ထိုနှစ်ယောက်လုံးသည် ပြန်ရောက်မလာသေးပေ။
ထို့ကြောင့် ပိုင်ကျိရွှယ်သည် သူ့ကို စန်းရှန်မြို့ဆီ သွားရောက်စုံစမ်းရန် အမိန့်ပေးခဲ့၏။
သို့သော် သူ မလုပ်ဆောင်ခင်မှာပင် လက်သည်တရားခံကို အိမ်အထိ တံခါးလာခေါက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် ၎င်းသည် ကိုယ်ခံပညာ ပါရမီတွင် နှိုင်းယှဉ်၍မရသည့် မွန်းစတား တစ်ကောင်လည်း ဖြစ်သည်။
ဟဲတုက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး အချက်ပြမီးကျည် တစ်ခုကို တိုက်ရိုက်ထုတ်ယူကာ လေထဲကို ပစ်ဖောက်လိုက်၏။
ထို့နောက်တွင် မြို့စားအိမ်တော်၏ အပေါ်ဘက် ကောင်းကင်ယံတွင် အံ့သြဖွယ် ပေါက်ကွဲသံတစ်သံက ထွက်ပေါ်လာခဲ့သည်။
အခန်း(၁၅၂) ပြီး၏