အခန်း (၁၅၃)
Vol. 11 Ch. 153
"ဝိုး.. ဝိုး.. ဒါက လင်ယွင်မြို့စားအိမ်တော်ရဲ့ အရေးပေါ် အကူအညီတောင်းခံတဲ့ အချက်ပြမီးကျည် မဟုတ်လား"
"ဟုတ်တယ်.. ဒီအရေးပေါ် အချက်ပြမီးကျည် သုံးရင် လင်ယွင်ကျောင်းတော်က ကျင့်ကြံသူတွေကို အကူအညီတောင်းဖို့ ခေါ်နိုင်တယ်လို့ ပြောကြတယ်"
"ဟဲတုကို ကြည့်ရတာ အရမ်း ထိတ်လန့်နေပုံပဲ"
သူတို့ရှေ့မှ မြင်ကွင်းကို မြင်ရလျှင် ရင်ပြင်ထဲရှိ လူတိုင်းသည် အံ့သြသွားကြသည်။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်တွင် ချီးကျူးလေးစားသော အမူအရာကို မပြသဘဲ မနေနိုင်ကြပေ။
ဤကောင်လေးက တကယ်ကို သာမန်လူ မဟုတ်ပေ။
တစ်ယောက်တည်းဖြင့် လင်ယွင်မြို့စားအိမ်တော်ကို လာတိုက်ခိုက်ပြီး ဟဲတုကို အရေးပေါ် အချက်ပြမီးကျည် သုံးရန်ပင် တွန်းအားပေးနိုင်ခဲ့၏။
ဟဲတုက ပတ်ဝန်းကျင်မှ လူများ၏ ဆွေးနွေးမှုများကို ဂရုမစိုက်ပေ။
သူ့ရှေ့မှ ကောင်လေးသည် အသက် ၁၅ နှစ်၊ ၁၆ နှစ်လောက်သာ ရှိပုံရသော်လည်း ခွန်အားက အတော်လေး နားလည်ရခက်၏။
စင်စစ် ဤကောင်လေး၏ ခွန်အားသည် သူတို့မြို့စားထက်ပင် မလျော့ဟု ဟဲတု ခံစားခဲ့ရသည်။
ဤကောင်လေးသည် သူတို့မြို့စားအိမ်တော် အနေဖြင့် ဘယ်တုန်းကမှ မကြုံခဲ့ဖူးသည့် အင်အားအကြီးဆုံး ရန်သူ ဖြစ်သည်။
ဂရုမစိုက်လျှင် သူတို့မြို့စားအိမ်တော်သည် တကယ်ကို ကြီးမားသည့် အကျပ်အတည်းနှင့် ရင်ဆိုင်ရလိမ့်မည်ဟုပင် စိုးရိမ်မိ၏။
ထို့ကြောင့် ဟဲတုသည် မြို့စားအိမ်တော်၏ အရေးပေါ် အချက်ပြမီးကျည်ကို သုံးရန် တွန့်ဆုတ်မနေခဲ့ပေ။
ဟဲတုက အချက်ပြမီးကျည်ကို ထုတ်လွှင့်လိုက်သည်နှင့် လင်ယွင်မြို့စား အိမ်တော်ထဲမှ သံချပ်ဝတ်စုံ ဝတ်ဆင်ထားသော ထူးခြားသော အရှိန်အဝါရှိသည့် အစောင့်တပ်ဖွဲ့တစ်ဖွဲ့သည် တိုက်ရိုက် ပြေးထွက်လာခဲ့သည်။
လင်ယွင်မြို့စား ပိုင်ကျင်းထျန်း ကိုယ်တိုင်ပင် ခမ်းနားသော ရွှေရောင် ဝတ်စုံဖြင့် အိမ်တော်ထဲကနေ တိုက်ရိုက် ထွက်လာသည်ကို အားလုံးက တွေ့လိုက်ရ၏။
ပိုင်ကျင်းထျန်း၏ နောက်တွင် ကျန်းချန်သည် ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုလူက တခြားမဟုတ်ပေ၊ လင်ယွင်မြို့စား ပိုင်ကျင်းထျန်း၏ သား ဖြစ်သည့် ပိုင်ကျိရွှယ် ဖြစ်သည်။
"ကျန်းချန်ပါလား.. မင်း ဘာပြဿနာလာရှာတာလဲ"
ကျန်းချန်က သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသည်ကို မြင်လျှင် ပိုင်ကျိရွှယ်၏ မျက်နှာသည် ချက်ချင်းပင် အကျည်းတန်သွားခဲ့သည်။
"ဟဲတု.. ဘာဖြစ်တာလဲ.. အိမ်တော်ရဲ့ အရေးပေါ် အကူအညီတောင်းတဲ့ အချက်ပြမီးကျည်ကို ဘာလို့ သုံးရတာလဲ"
ပိုင်ကျင်းထျန်းက သွေးအလိမ်းလိမ်းဖြင့် စုတ်ပြတ်သတ်နေသော ဟဲတုကို တစ်ချက်ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဟဲတုက အလျင်အမြန် ရှင်းပြလိုက်သည်။
"မြို့စား.. ဒီကောင်လေးက အိမ်တော်ထိ လာပြီး ပြဿနာရှာနေတယ်.. ဒါပေမဲ့ သူက အရမ်းသန်မာလွန်းတယ်"
"ပြဿနာရှာဖို့လာတာက နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးတစ်ယောက်ပဲလေ.. အိမ်တော်ရဲ့ အရေးပေါ် အကူအညီတောင်းခံတဲ့ အချက်ပြမီးကျည်ကို သုံးဖို့ လိုအပ်လို့လား"
ဟဲတု၏ စကားမဆုံးခင်မှာပင် ပိုင်ကျင်းထျန်းသည် မကျေမနပ် အမူအရာဖြင့် အော်ဟစ်လိုက်သည်။
သူက ခေါင်းကို အနည်းငယ်မော့ပြီး မျက်နှာချင်းဆိုင်ရှိ ကျန်းချန်းကို စူးရှစွာ စိုက်ကြည့်လိုက်၏။
"ကောင်လေး.. မင်းဘယ်သူလဲ.. ငါ့ရဲ့မြို့စားအိမ်တော်ကို ဘာလို့ လာပြီး ပြဿနာရှာနေတာလဲ"
"စန်းရှန်မြို့.. ကျန်းမိသားစုက ကျန်းချန်းပါ"
ကျန်းချန်က ခပ်အေးအေးပင် ဖြေလိုက်သည်။
"ငါဘာလို့ ပြဿနာရှာဖို့ လာတာလဲဆိုတာ သိချင်ရင် မင်းရဲ့သား ပိုင်ကျိရွှယ်ကို မေးလိုက်တာ အကောင်းဆုံးပဲ"
"ဟမ့်.. ငါ့သားက ဘာပဲလုပ်လုပ် လင်ယွင်မြို့က ဒီမြို့စားအိမ်တော်က မင်းရမ်းကားလို့ရတဲ့ နေရာ မဟုတ်ဘူး"
"ဒီနေ့ မင်းကို မသတ်ရင် ငါပိုင်ကျင်းထျန်းက လင်ယွင်မြို့မှာ ဘယ်လိုမျက်နှာနဲ့ ရပ်တည်ရတော့မှာလဲ"
ပိုင်ကျင်းထျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုအခါ မူလဘူတ အဆင့်၏ စွမ်းအင်သည် လေထဲတွင် ဧရာမ လက်ဝါးကြီးအဖြစ် စုစည်းသွားပြီး ကျန်းချန်ကို ရိုက်ချလိုက်သည်။
ကျန်းချန်က အေးစက်စက် အမူအရာဖြင့် ကောင်းကင်ခြေလှမ်းကို ချက်ချင်းထုတ်ဖော်ကာ ဧရာမ လက်ဝါးကြီးကို ခြေထောက်ဖြင့် ကြမ်းရမ်းစွာ ဆောင့်နင်းချလိုက်၏။
ချက်ချင်းပင် ဧရာမ လက်ဝါးကြီးသည် ကျန်းချန်၏ ခြေထောက်အောက်တွင် ပျက်စီးသွားခဲ့၏။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ အေးစက်စက် အသံသည် လူတိုင်း၏ နားထဲသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
"ပိုင်ကျင်းထျန်း.. မင်းရဲ့ သားက တခြားသူတွေနဲ့ ပူးပေါင်းကြံစည်ပြီး မြို့စားအိမ်တော်က လူတွေကို ကျန်းမိသားစုဆီ တိုက်ခိုက်ဖို့ စေလွှတ်ခဲ့တဲ့အတွက် ကျန်းမိသားစုက ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတယ်"
"မင်းက လင်ယွင်မြို့ရဲ့ မြို့စားဖြစ်ပေမယ့် မင်းရဲ့သား ကျူးလွန်တဲ့ လုပ်ရပ်ကို လျစ်လျူရှုခဲ့တယ်"
"လင်ယွင်မြို့ရဲ့ မြို့စားနေရာက အစားထိုးသင့်နေပြီလို့ ငါထင်တယ်.. ဘာလို့လဲဆိုတော့ မင်းက လင်ယွင်မြို့ရဲ့ မြို့စားဖြစ်ဖို့ လုံးဝ ထိုက်တန်မှု မရှိလို့ပဲ"
အခန်း(၁၅၃) ပြီး၏