အခန်း (၁၅၄)
Vol. 11 Ch. 154
ရင်ပြင်မှ လူတိုင်းက ကျန်းချန်၏ အေးစက်စက် စကားများကို ကြားလိုက်ရလျှင် မှင်တက်သွားကြသည်။
"ရူးလောက်စရာပဲဟ"
"ဒီကောင်က အရမ်းအံ့သြဖို့ကောင်းတာပဲ"
သူတို့အနေဖြင့် ဤကောင်လေးက တကယ်ကို အံ့သြစရာကောင်းမှန်း ဝန်ခံရပေမည်။
ဆိုရလျှင် ဤကောင်လေးသည် မြို့စားအိမ်တော်ကို တစ်ယောက်တည်းလာခဲ့ပြီး ဟဲတုကို စုတ်ပြတ်သတ်နေအောင် ရိုက်နှက်ခဲ့သည်။
သို့ရာတွင် ပိုင်ကျင်းထျန်းကမူ မတူပေ။
၎င်းက မူလဘူတ အဆင့်၄ ကျင့်ကြံသူ ဖြစ်ရုံသာမက နောက်ခံအနေဖြင့် လင်ယွင်ကျောင်းတော်လည်း ရှိသေး၏။
လင်ယွင်ကျောင်းတော်က ထောက်ခံနေသ၍ ပိုင်ကျင်းထျန်း၏ လင်ယွင်မြို့စားရာထူးသည် တောင်တစ်လုံးကဲ့သို့ တည်မြဲနေမည် ဖြစ်သည်။
ယခုအခါတွင် ဟဲတု၏ အချက်ပြမီးကျည်ကြောင့် လင်ယွင်ကျောင်းတော်မှ ကျင့်ကြံသူများ မကြာမီ ရောက်လာတော့မည် ဖြစ်၏။
ထို့ကြောင့် ဤကောင်လေးက အံ့သြလောက်ဖွယ် စွမ်းဆောင်နိုင်လျှင်ပင် ပိုင်ကျင်းထျန်းကို လင်ယွင်မြို့စား အဖြစ်မှ ဖယ်ရှားနိုင်မည် မဟုတ်ချေ။
"ဟားဟား... ကောင်လေး.. မင်းကိုယ်မင်း လင်ယွင်ကျောင်းရဲ့ နန်းတော်သခင်လို့ ထင်နေတာလား"
"ငါ ပိုင်ကျင်းထျန်းက ဒီလင်ယွင်မြို့ရဲ့ မြို့စားဖြစ်ဖို့ ထိုက်တန်မှုရှိတယ်.. မင်းလုပ်ချင်သလို လုပ်လို့ရမယ် မထင်နဲ့"
ပိုင်ကျင်းထျန်းက မဲ့ပြုံး ပြုံးလိုက်ပြီး ကျန်းချန်းကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
"ကောင်လေး.. ဒီနေ့ မင်း အသက်ရှင်လျက် ထွက်သွားနိုင်ရင် ငါ ပိုင်ကျင်းထျန်းက နာမည်ကို ပြောင်းပြန်ရေးလိုက်မယ်"
"မင်းမှာ နာမည်ကို ပြောင်းပြန်ရေးချင်ရင်တောင် အခွင့်အရေး ရှိမယ်လို့ ထင်နေလား"
"ဒီနေ့ကုန်ဆုံးရင် ဒီကမ္ဘာမှာ ပိုင်ကျင်းထျန်းဆိုတဲ့လူ ရှိတော့မှာ မဟုတ်ဘူး"
"ဒါပေမယ့်... မင်းသေပြီးရင်တော့ မင်းအတွက် သင်္ချိုင်းမှာ ကဗ္ဗျည်းတိုင် စိုက်ထူဖို့ ငါ စဉ်းစားပေးနိုင်တယ်.. ဒါမှ မင်းနာမည်ကို ပြောင်းပြန်ထွင်းနိုင်မှာလေ"
ကျန်းချန်က ခနဲ့လိုက်ပြီး စကားဆုံးသည်နှင့် လက်သီးကွက်ကို ထုတ်ဖော်လိုက်သည်။
"နက်နဲမှု အဆင့်ကိုယ်ခံပညာ၊ ကောင်းကင်ဖျက်ဆီးနဂါးလက်သီး"
ကျန်းချန်က လက်သီးတစ်ချက် ထုတ်လွှတ်လိုက်သည်နှင့် လက်သီး၏ အထက်တွင် အပြာရောင် နဂါးတစ်ကောင်က သွားများနှင့် လက်သည်းများ ဟန်တပြင်ပြင်ဖြင့် ပေါ်လာခဲ့ပြီး ပိုင်ကျင်းထျန်းဆီသို့ အော်ဟစ်၍ ပြေးဝင်သွားခဲ့သည်။
"သေချင်နေပြီလား"
ပိုင်ကျင်းထျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ကျန်းချန်ကို လက်ဝါးဖြင့် တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
"နက်နဲမှု အဆင့်၊ကောင်းကင်ခြေလှမ်းသိုင်း"
ကောင်းကင်ဖျက်ဆီး နဂါးလက်သီးကို ပိုင်ကျင်းထျန်းက ပိတ်ဆို့လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းချန်းသည် ကောင်းကင်ထက်တွင် ရုတ်ခြည်း ပေါ်လာပြီး ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်သည်။
"ဒီကောင်လေးက နက်နဲမှုအဆင့် ကိုယ်ခံပညာတွေကို ဘယ်လောက်တောင် သင်ယူထားတာလဲ"
ကျန်းချန်က နက်နဲမှုအဆင့် ကိုယ်ခံပညာကို ဆက်တိုက် အသုံးပြုလိုက်သည်ကိုမြင်လျှင် ပိုင်ကျင်းထျန်း၏ မျက်နှာသည် အနည်းငယ် အမူအရာ ပြောင်းလဲသွားခဲ့သည်။
ဤအချိန်တွင် သူက စဉ်းစားနေရန် အချိန်မရှိတော့၍ ကျန်းချန်၏ တိုက်ခိုက်မှုကို ပိတ်ဆို့ရန် သူ့လက်ဝါးကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။
သူ၏ လက်ဝါးသိုင်းက ကျန်းချန်၏ ခြေလှမ်းများကို ပိတ်ဆို့ပြီး ကျန်းချန်ကို နောက်သို့ ပြန်ဆုတ်စေခဲ့သည့် အခိုက်မှာပင် ကျန်းချန်၏ လက်ထဲတွင် အနီရောင် အလင်းတန်းတစ်ခုက လင်းလက်သွားပြီး ယန်လုံဓားက ပေါ်ထွက်လာခဲ့၏
"မြေကြီးအဆင့် ကိုယ်ခံပညာ၊ ကောင်းကင်လောင်ကျွမ်းဓားသိုင်း"
ကျန်းချန် ကြုံးဝါးလိုက်သည့် တခဏမှာပင် ၅ပေ၊၆ပေလောက် မြင့်သည့် မီးလျှံ ဓားအလင်းတစ်ခုသည် ချက်ချင်းပင် ကောင်းကင်ကို မြင့်တက်သွားပြီး လေထဲမှာပင် ဧရာမ မီးလျှံ ဓားကြီးအဖြစ် စုစည်းသွားခဲ့သည်။
ကျန်းချန်က ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဧရာမ မီးလျှံ ဓားကြီးက ပိုင်ကျင်းထျန်းကို တိုက်ရိုက် ခုတ်ချလိုက်သည်။
ကျန်းချန်၏ အံ့ချီးလောက်ဖွယ် ဓားချက်ကို မြင်တော့ ပိုင်ကျင်းထျန်းရဲ့ မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူက လုံးဝ မပေါ့ဆရဲတော့ဘဲ ခန္ဓာကိုယ်ထဲမှ အင်အားကို အလျင်မြန် စုစည်းကာ သူ့ရှေ့တွင် ကာကွယ်ရေး အလွှာတစ်ခုကို ဖန်တီးလိုက်၏။
တစ်ချိန်တည်းမှာပင် ပိုင်ကျင်းထျန်းသည် သူ၏ အားအကိုးရဆုံး နက်နဲမှု အလယ်အလတ်အဆင့် ကိုယ်ခံပညာဖြစ်သည့် အာဏာရှင် မီးလျှံလက်သီးကို ထုတ်ဖော်လိုက်သည်။
"ဝုန်း"
အင်အားကြီး နှစ်ခုက လေထဲမှာ တိုက်မိသွားပြီး ကမ္ဘာကိုပင် တုန်လှုပ်စေလောက်သည့် ပေါက်ကွဲသံသည် ကောင်းကင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။
ယင်းနောက်တွင် ပိုင်ကျင်းထျန်း၏ အာဏာရှင် မီးလျှံ လက်သီးကို ဧရာမမီးလျှံဓားသည် မျက်တောင်တစ်ခတ်အတွင်း အပိုင်းပိုင်းအစစ ဖြိုခွဲပစ်လိုက်သည်။
ပိုင်ကျင်းထျန်းက ခြေလှမ်းများစွာ နောက်ဆုတ်သွားခဲ့ရ၏။
သူ ခြေလှမ်းတစ်လှမ်း ဆုတ်ခွာတိုင်းတွင် မြေပြင်ပေါ်တွင် တစ်ပေခန့်နက်သည့် ခြေရာများ ကျန်ရစ်ခဲ့သည်။
ဤသည်က ကျန်းချန်၏ ခွန်အား မည်မျှပြင်းထန်သည်ကို သက်သေပြနေခြင်းပင်။
ပိုင်ကျင်းထျန်းက ကျန်းချန်၏ ကောင်းကင်လောင်ကျွမ်းဓားသိုင်းကို ရင်ဆိုင်ပြီး အသက်ကောင်းကောင်း မရှုရသေးခင်မှာပင် နောက်ထပ် အေးစက်စက် အော်ဟစ်သံတစ်သံက သူ့နားထဲတွင် ထွက်ပေါ်လာခဲ့ပြန်သည်။
"ပြင်းထန်သော ဓားဆန္ဒ.. ခုတ်စမ်း"
အခန်း(၁၅၄) ပြီး၏