အခန်း (၁၅၈)
Vol. 11 Ch. 158
လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ။
ယင်းက မဟာရှားနိုင်ငံတွင် အင်အားအကြီးဆုံး ကုန်သွယ်ရေးအဖွဲ့အစည်း ဖြစ်သည်။
ဝူကျန့်နန်သည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဌာနခွဲဥက္ကဌအနေဖြင့် အလွန်မြင့်မြတ်သည့် အဆင့်အတန်းရှိသည်။
မဟာရှားနိုင်ငံ တစ်ခုလုံးမှာပင် သူ့ကို မျက်နှာသာ မပေးရဲသည့်လူ အနည်းငယ်သာ ရှိ၏။
သို့သော်လည်း ထိုကဲ့သို့ ဂုဏ်သရေရှိသောလူသည် ကျန်းချန်၏ ရှေ့တွင် လက်အောက်ငယ်သားတစ်ယောက်လို ရပ်နေခဲ့သည်။
"ဒီမြင်ကွင်းက တကယ်ကို အံ့သြစရာပဲ"
"ရပါတယ်.. ဒါက ငါနဲ့ ပိုင်ကျင်းထျန်းတို့သားအဖကြားက ကိစ္စဆိုတော့ ငါ့ဘာသာပဲ ဖြေရှင်းပါရစေ"
"ဒီနေ့ ငါ ဒီကို ရောက်လာတာက မင်းတို့သားအဖနဲ့ စာရင်းရှင်းချင်လို့ပဲ.. မြို့စားအိမ်တော်က လူတွေကိုတော့ မသတ်ချင်ဘူး"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်ပြီး အေးစက်စက် မျက်လုံးများဖြင့် မျက်နှာချင်းဆိုင်ရှိ ပိုင်ကျင်းထျန်းကို ကြည့်လိုက်သည်။
"ကျန်း.. ကျန်းချန်.. ငါက လင်ယွင်မြို့စားရာထူးကနေ ထွက်ပေးဖို့ ဆန္ဒရှိပါတယ်.. မင်းက ငါတို့ အသက်တွေကို ချမ်းသာပေးသ၍ ငါတို့သားအဖက လင်ယွင်စီရင်စုထဲ တစ်သက်လုံး ခြေမချတော့ဘူးလို့ ကတိပေးပါတယ်"
ပိုင်ကျင်းထျန်းက သူ၏သွားတွေကို အံကြိတ်လိုက်ပြီး ကျန်းချန်းကို အလျင်အမြန် တောင်းပန်လိုက်သည်။
ဤအခြေအနေတွင် အသက်ရှင်သန်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမှာ ကျန်းချန်းကို တောင်းပန်ရန် ဖြစ်၏။
လူကြီးလူကောင်း တစ်ယောက်အနေဖြင့် လက်စားချေရာတွင် ဘယ်တော့မှ နောက်မကျ ဟူသော ဆိုရိုးစကားရှိသည်။
ကျန်းချန်က သူတို့သားအဖကို လွှတ်ပေးသရွေ့ အနာဂတ်တွင် လက်စားချေဖို့ အခွင့်အရေးများ ရှိလာနိုင်ပေသည်။
ထိုအချိန်သို့ရောက်လျှင် သူက ကျန်းချန်ကို ဆယ်ဆ သို့မဟုတ် အဆတစ်ရာလောက် ပြန်လည် ပေးဆပ်ခိုင်းမည် ဖြစ်၏။
"မင်းရဲ့ စကားတွေကို ငါ မယုံကြည်ဘူး"
"ငါ့ကို အချိန်မရွေး ကိုက်ခဲဖို့ချောင်းနေမဲ့ အဆိပ်ရှိ မြွေနှစ်ကောင်ကို ငါမမွေးထားချင်ဘူး"
"ဒါကြောင့်... မင်းတို့ကို သတ်ပစ်တာကပဲ ပိုကောင်းမယ်လို့ ငါထင်တယ်"
ကျန်းချန်းက အေးစက်စက် ရေရွတ်လိုက်ပြီး ယန်လုံဓားကို ဝှေ့ယမ်းကာ ပိုင်ကျင်းထျန်းကို ထိုးချလိုက်သည်။
ပိုင်ကျင်းထျန်းရဲ့ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲမှ နောက်ဆုံး လက်ကျန်အင်အားကို လှုံ့ဆော်ကာ ကျန်းချန်၏ ဓားကို ပိတ်ဆို့လိုက်၏။
သို့ရာတွင် ဤကဲ့သို့ ဒဏ်ရာရနေသည့် အခြေအနေတွင် ပိုင်ကျင်းထျန်းသည် ဓားဆန္ဒဖြင့်ပေါင်းစပ်ထားသည့် ကျန်းချန်၏ ဓားချက်ကို မည်သို့ ခုခံနိုင်ပါမည်နည်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုင်ကျင်းထျန်း၏ ဦးခေါင်းကို ကျန်းချန်းက ဓားချက် တစ်ချက်တည်းဖြင့် ဖြတ်ပစ်လိုက်သည်။
"မလုပ်ပါနဲ့"
"ကျန်းချန်.. ငါ မှားသွားပါတယ်.. ငါက လူမဟုတ်ဘူး.. လင်းယွီရဲ့ သွေးဆောင်မှုကို နားယောင်ပြီး မင်းရဲ့ ကျန်းမိသားစုကို လူမလွှတ်ခဲ့သင့်ဘူး"
"ငါနောက်ထပ်မလုပ်ရဲတော့ပါဘူး.. ငါ့အသက်ကို ချမ်းသာပေးပါ"
ကျန်းချန်က သူ့အဖေကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်ကို မြင်လျှင် ပိုင်ကျိရွှယ်သည် ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်ကို ဒူးထောက်ချလိုက်ပြီး ကျန်းချန်ကို ထပ်ခါတလဲလဲ ဦးညွှတ်လိုက်သည်။
ကျန်းချန်က ပိုင်ကျိရွှယ်၏ အပြုအမူများကို လုံးဝ လျစ်လျူရှုလိုက်သည်။
ထို့နောက်တွင် သူ့လက်ထဲမှာဓားသည် ဓားရောင် တစ်ချက် လင်းလက်သွားပြီး ပိုင်ကျိရွှယ်၏ အသက်ကို ချက်ချင်း ချုပ်ငြိမ်းပေးလိုက်သည်။
"ကျန်းချန်.. မင်းက အတော် ပြဿနာ ရှာတဲ့ကောင်ပဲ.. ငါသိရသလောက် မင်းသွားခဲ့တဲ့ နေရာတိုင်းမှာ ပြဿနာတွေက တောက်လျောက်ပဲ"
ကျန်းချန်က ပိုင်ကျင်းထျန်းတို့ သားအဖကို သတ်ပြီးနောက်တွင် ယန်စန်းမင်က ပြောလိုက်သည်။
"ကျွန်တော်က ပြဿနာမရှာပါဘူး.. ကျွန်တော့်ကို လာထိပါးလို့သာ မဖြစ်မနေ တုံ့ပြန်ရတာပါ"
ကျန်းချင်က ရှင်းပြလိုက်သည်။
"အခုချိန်က ကျောင်းတော်မှာ ဖိဖိစီးစီး လေ့ကျင့်ပြီး စီရင်စုကိုးခုပြိုင်ပွဲမှာ ပါဝင်ဖို့ ပြင်ဆင်သင့်နေပြီလို့ ငါထင်တယ်"
"အကြီးအကဲယန်.. ကျွန်တော်က ကျောင်းတော်မှာ တိတ်တဆိတ် လေ့ကျင့်ရတာကို သဘောသိပ်မကျဘူး.. အပြင်ထွက်ပြီး အတွေ့အကြုံယူဖို့အတွက် အင်ပါယာ မြို့တော်ကို တစ်ယောက်တည်း သွားဖို့ ဆုံးဖြတ်ထားတယ်"
"မင်းက မဟာရှားနိုင်ငံရဲ့ မြို့တော်ကို တစ်ယောက်တည်း သွားမှာလား"
ယန်စန်းမင်က အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်။
"ဒါက အဆင်မပြေမှာကို ငါစိုးရိမ်မိတယ်"
လင်ယွင်စီရင်စုကနေ အင်ပါယာမြို့တော်ကို သွားရန်အတွက် အနည်းဆုံး တစ်လခွဲလောက် အချိန်ယူရမည် ဖြစ်သည်။
ထို့အပြင် အင်ပါယာမြို့မှလူများသည် ခေသူများ မဟုတ်ကြပေ။
ကျန်းခန်က ထိုသူများအား မတော်တဆ စော်ကားမိမည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဆိုလည်းမမှားချေ။
ယခုအခါတွင် ဤကောင်လေးသည် စီရင်စုကိုးခုပြိုင်ပွဲတွင် သူတို့လင်ယွင်ကျောင်းတော်၏ မျှော်လင့်ချက်ဖြစ်သည် မဟုတ်ပါလား။
ထို့ကြောင့် ယန်စန်းမင်သည် ကျန်းချန်းကို ဘာအမှားအယွင်းမှ မဖြစ်စေချင်ခဲ့ပေ။
အခန်း(၁၅၈) ပြီး၏