အခန်း (၁၆၀)
Vol. 11 Ch. 160
"ညီလေး ကျန်းချန်.. ငါက ထန့်လုံ အာမခံအဖွဲ့ရဲ့ ဒုခေါင်းဆောင် ထန့်ရှန်းပါ"
"ခုနက တစ်ယောက်က ငါတို့ရဲ့ မမလေး ထန့်ချိုးယွီပါ.. မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတချို့ကြောင့် ငါတို့မမလေးက စိတ်မကြည်မလင် ဖြစ်နေတာပါ.. ညီလေး စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်"
အာမခံအဖွဲ့၏ ဒုခေါင်းဆောင် ထန့်ရှန်းက ကျန်းချန်ဆီ တိုက်ရိုက် လျှောက်လာပြီး တောင်းပန်စကားဆိုလိုက်သည်။
"အစ်ကိုထန့်.. အားနာလွန်းနေပါပြီ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
ကျွန်တော် နောက်ကျသွားလို့ အကိုထန့်တို့ ခရီးစဥ်အတွက် နှောင့်နှေးစေခဲ့တယ်.. တကယ်တမ်းပြောရရင် ကျွန်တော်ကသာ တောင်းပန်သင့်တာပါ"
"ငါတို့ မမလေးက စိတ်ရင်းတော့ ကောင်းရှာပါတယ်.. ကြာလာရင် ညီလေးကျန်းချန် သိလာပါလိမ့်မယ်"
ထန့်ရှန်းက သက်ပြင်းချ၍ ပြောလိုက်သည်။
"တကယ်တော့ ထန့်လုံ အာမခံအဖွဲ့ရဲ့ မကြာသေးခင်က ကြုံခဲ့ရတဲ့ အကျပ်အတည်းကြောင့် မမလေးက စိတ်မကောင်းဖြစ်နေတာပါ"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သူက မေးခွန်း အများအပြား မမေးလျှင်ပင် အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့၏။
ဤတစ်ခေါက် ထန့်လုံ အာမခံအဖွဲ့၏ ခရီးစဥ်တွင် ထန့်လုံ အာမခံအဖွဲ့၏ ခေါင်းဆောင် မပါရှိခဲ့ပေ။
သူခန့်မှန်းတာ မမှားလျှင် ထန့်လုံ အာမခံအဖွဲ့၏ ခေါင်းဆောင် အန္တရာယ် တစ်စုံတစ်ရာ ဖြစ်သွား၍ ထန့်ချိုးယွီသည် ထန့်လုံ အာမခံအဖွဲ့ကို ပြန်လည်အားကောင်းအောင် လုပ်ရမည့် တာဝန်ကြီးကို ထမ်းဆောင်နေရခြင်း ဖြစ်နိုင်သည်။
သုံးရက်ကြာပြီးနောက်တွင် လင်ယွင်စီရင်စုက ထွက်လာသည့် ထန့်လုံ အာမခံအဖွဲ့သည် ကျယ်ပြန့်သည့် လွင်ပြင်တစ်ခုသို့ ရောက်လာခဲ့သည်။
"ရပ်"
အဖွဲ့၏ ရှေ့ဆုံးကနေ တိုးညင်းသောလေသံ ထွက်လာခဲ့၏။
ထန့်ချိုးယွီက မြင်းပေါ်မှ ဆင်းကာ အာမခံအဖွဲ့သားများကို "ဒီနေရာမှာ စခန်းချပြီး အနားယူကြမယ်"ဟု ပြောလိုက်သည်။
ထန့်ချိုးယွီ၏ စကားကို ကြားလျှင် လူတိုင်းသည် ပျော်ရွှင်သွားကြသည်။
လွန်ခဲ့တဲ့ သုံးရက်အတွင်း သူတို့သည် အလျင်စလို သွားလာခဲ့ပြီး အနားယူချိန် သိပ်မရှိခဲ့ပေ။
ထို့ကြောင့် ချီကာကွယ်ရေး အဆင့်ကျင့်ကြံသူ ဖြစ်လျှင်ပင် အနည်းငယ် မောပန်းနေကြပြီ ဖြစ်၏။
စခန်းချကာ ညစာ စားသောက်ပြီးနောက်တွင် ထန့်ချိုးယွီသည် အာမခံအဖွဲ့သားများကို အလှည့်ကျ ကင်းစောင့်ရန် စီစဥ်ခဲ့သည်။
ထို့နောက် မနက်ဖြန် တက်ကြွစွာ ခရီးဆက်ရန်အတွက် စောစောအနားယူရန် မှာကြားခဲ့၏။
သို့သော် သူတို့ အနားယူရန် ပြင်နေစဥ်မှာပင် အဝေးမှထွက်ပေါ်လာသည့် မြင်းခွာသံများကို ကြားလိုက်ရသည်။
"တစ်ဖွဲ့ဖွဲ့ကတော့ ငါတို့ကို လုယက်ဖို့ လာနေပြီ.. အားလုံးပဲ ရန်သူကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားကြ"
ထန့်ရှန်း၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။
သူ၏ အာမခံအဖွဲ့သားများကို အော်ဟစ်၍ သတိပေးလိုက်၏။
သူ၏ သတိပေးသံ အဆုံးတွင် ဓားအိမ်ထဲကနေ ဓားထုတ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။
အာမခံအဖွဲ့သား ဒါဇင်ပေါင်းများစွာသည် ကာကွယ်ရေးအတွက် စနစ်တကျ နေရာယူလိုက်ပြီးနောက် အရှေ့သို့ စိုက်ကြည့်နေခဲ့သည်။
မြင်းများစီးနင်းလာသည့် လူတစ်စုသည် မျက်စိတစ်မှိတ်အတွင်း သူတို့ရှေ့ကို အလွန်လျင်မြန်စွာ ရောက်ရှိလာခဲ့၏။
ကျန်းချန်၏ အကြည့်က ချက်ချင်းပင် ထိုအုပ်စုဆီသို့ ရောက်ရှိသွားခဲ့သည်။
ထိုအဖွဲ့က လူလေးဆယ်၊ ငါးဆယ်ခန့် ရှိပြီး အားလုံးသည် အနက်ရောင် သံချပ်ဝတ်များကို ဝတ်ဆင်ထားကြ၏။
ယင်းမှာ မှောင်မိုက်သောညတွင် အနက်ရောင် မုန်တိုင်းတစ်ခု တိုက်ခတ်နေသကဲ့သို့ပင်။
ထိုလူစုဆီမှ ထွက်ပေါ်လာသည့် အရှိန်အဝါသည် လုံးဝအားမနည်းပေ။
၎င်းတို့ အားလုံးသည် ချီကာကွယ်ရေး အထက်အဆင့်တွင် ရှိသည်။
အထူးသဖြင့် ဤလူအုပ်၏ ရှေ့ဆုံးမှ မျက်နှာတွင် ဓားဒဏ်ရာ အပြည့်နှင့် ရက်စက်ကြမ်းကြုတ်ပုံရသည့် လူလတ်ပိုင်းအရွယ် လူတစ်ယောက်သည် ခန္ဓာကိုယ်ကနေ အလွန် အားကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေ၏။
ကျန်းချန်က တစ်ချက်ကြည့်ရုံဖြင့် ထိုလူလတ်ပိုင်းအရွယ်လူကို မူလဘူတ အဆင့် ကျင့်ကြံသူမှန်း သိလိုက်သည်။
သူတို့ရှေ့မှ အနက်ရောင် သံချပ်ဝတ် မြင်းစီးဓားပြ ဒါဇင်ပေါင်းများစွာကို ကြည့်ပြီး ထန့်ချိုးယွီသည် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိလိုက်၏။
ထို့နောက်တွင် သူမ၏ လှပသော မျက်နှာလေးသည် အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့.. နင်တို့က အနက်ရောင် သံချပ်ကာ မြင်းသူခိုးအဖွဲ့ကလား"
"ဟားဟား...ကောင်မလေး...ဘယ်ဆိုးလို့လဲ.. မင်းမှာ ဗဟုသုတ နည်းနည်းပါးပါးတော့ ရှိသားပဲ"
"ကဲ အပိုတွေ မပြောတော့ဘူး...အခြေအနေကို နားလည်ရင် မင်းတို့ရဲ့ လှည်းတွေကို ချန်ထားပြီး ချက်ချင်းထွက်သွားပါ"
"မဟုတ်လို့ ငါ နျိုထျန်းခိုင် သတ်ပစ်မိရင် အပြစ်မတင်နဲ့"
အနက်ရောင်သံချပ်ဝတ် မြင်းသူခိုး အဖွဲ့ခေါင်းဆောင်၏ အသံသည် လူတိုင်း၏ နားထဲကို ရောက်ရှိလာခဲ့၏။
အခန်း(၁၆၀) ပြီး၏