အခန်း (၁၅၅)
Vol. 11 Ch. 155
ကျန်းချန်၏ ထက်မြက်သော ဓားဆန္ဒသည် ဆယ်ပေရှည်လျားသည့် ဓားအရိပ်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားပြီး ပိုင်ကျင်းထျန်းကို ဖိနှိပ်လိုက်သည်။
"ဓားဆန္ဒ... ဒါက အားကောင်းတဲ့ ဓားဆန္ဒပဲ"
ပိုင်ကျင်းထျန်းက တုနှိုင်းမဲ့ အရှိန်အဝါဖြင့် တိုးဝင်လာသည့် ဓားအရိပ်ကို စိုက်ကြည့်ပြီး ကြက်သီးများပင် ထလာခဲ့သည်။
သူက ခဏလေးပင် မတုံ့ဆိုင်းရဲဘဲ မူလဘူတ နယ်ပယ်အဆင့်၄၏ အင်အားကို အမြင့်ဆုံး အကန့်အသတ်အထိ ထည့်သွင်းကာ အာဏာရှင် မီးလျှံ လက်သီးကို ထပ်မံ ထုတ်ဖော်လိုက်သည်။
"ဝုန်း"
ပြင်းထန်သည့် တိုက်ခိုက်မှု နှစ်ခုက မျက်စိတစ်မှိတ် အတွင်း ထိပ်တိုက် ဆုံမိသွားကြသည်။
သူတို့နှစ်ဦး၏ ပတ်ဝန်းကျင်တွင် ချီစွမ်းအားလှိုင်းများက ကြမ်းရမ်းစွာ တိုက်ခတ်သွား၏။
ပိုင်ကျင်းထျန်း၏ ခန္ဓာကိုယ်သည် ချီစွမ်းအားလှိုင်း၏ တိုက်ခတ်မှုအောက်မှာပင် ရုပ်ပျက်ဆင်းပျက် လွင့်ထွက်သွားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ကျန်းချန်းက လုံးဝ မထိခိုက်ခဲ့ပေ။
သူ၏ ပုံရိပ်က လှံတစ်ချောင်းလို နေရာမှာပင် ဝင့်ကြွားစွာ ရပ်တည်နေခဲ့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်သွားခဲ့သည်။
အားလုံးက သူတို့ရှေ့မှ အံ့သြဖွယ် မြင်ကွင်းကို ကြည့်ကာ မှင်တက်နေကြ၏။
ဆိုရလျှင် ရင်ပြင်သည် တစ်စပြင်သဖွယ် တိတ်ဆိတ်သွားခဲ့သည်။
အချိန်အတော်ကြာမှ အားလုံးက သတိပြန်ဝင်လာပြီး တီးတိုးဆွေးနွေးသံများ စတင် ထွက်ပေါ်လာခဲ့သည်။
"ဝိုး.. သူ.. သူ တကယ်ပဲ ပိုင်ကျင်းထျန်းကို အနိုင်ယူလိုက်တာလား"
"လင်ယွင်မြို့ရဲ့ မြို့စား ပိုင်ကျင်းထျန်းက မူလဘူတနယ်ပယ်အဆင့်၄ ကျင့်ကြံသူပဲ၊ ဒါတောင် သူက ရှုံးနိမ့်သွားရတယ်လား"
"ဒါ... ဒါက တကယ်ကို ကြောက်စရာပဲ.. ငါတို့ လင်ယွင်မြို့မှာ ဒီလို မွန်းစတားမျိုး ဘယ်ကတည်းက ပေါ်လာတာလဲ"
လူတိုင်းက အံ့သြသွားကြသည်။
ကျန်းချန်ဟု အမည်ရသည့် ထိုလူငယ်လေးက ဤမျှလောက် အားကောင်းမည်ဟု မည်သူကမှ မတွေးမိခဲ့ပေ။
အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်သည် မူလဘူတ နယ်ပယ်အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထို့အပြင် အားကောင်းတဲ့ ကိုယ်ခံပညာ အများအပြားကိုလည်း တတ်မြောက်ထား၏။
နက်နဲမှုအဆင့် ကိုယ်ခံပညာနှစ်ခု၊ မြေကြီးအဆင့် ဓားသိုင်း။
ကြောက်စရာအကောင်းဆုံးအချက်မှာ ဤကောင်လေးသည် ဒဏ္ဍာရီလာ ဓားဆန္ဒကိုပါ နားလည်ထားခြင်းပင်။
ဤနည်းဖြင့် သူက တိုက်ကွက် လေးကွက်ကိုသာ ဖော်ထုတ်ခဲ့ပြီး မူလဘူတနယ်ပယ်အဆင့်၄ ကျင့်ကြံသူ ဖြစ်သည့် လင်ယွင်မြို့စား ပိုင်ကျင်းထျန်းကို ရှုံးနိမ့်သွားစေခဲ့၏။
"ပိုင်ကျင်းထျန်း.. မင်းက လင်ယွင်မြို့ရဲ့ မြို့စား ဖြစ်ပေမယ့် မင်းရဲ့ သားကတော့ စန်းရှန်မြို့က ငါတို့ ကျန်းမိသားစုဆီ လူတချို့ စေလွှတ်ပြီး တိုက်ခိုက်စေလိုက်လို့ ကျန်းမိသားစုက ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတယ်"
"ငါဒီနေ့ မင်းရဲ့ အသက်ကို ယူပြီး လင်ယွင်မြို့ကို မြို့စားအသစ်နဲ့ အစားထိုးပစ်မယ်"
ကျန်းချန်၏ အေးစက်သော အသံသည် လူတိုင်း၏ နားထဲကို ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။
"ကျန်းချန်.. ငါ့ရဲ့သားက မင်းတို့ ကျန်းမိသားစုဆီ လူလွှတ်ခဲ့တယ်လို့ မင်းပြောပေမဲ့ ဒါတွေ ငါ လုံးဝမသိခဲ့ဘူး"
"ငါ့ကို အချိန်နည်းနည်းပေးပါ.. ငါ ဒီကိစ္စကို သေချာပေါက် စစ်ဆေးပြီး မင်းကျေနပ်လောက်တဲ့ ရှင်းပြချက်ကို ပေးပါ့မယ်"
ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည့် အေးစက်စက် လူသတ်ငွေ့ကို ခံစားမိလျှင် ပိုင်ကျင်းထျန်းသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကျန်းချန်ကို အလျင်အမြန် ပြောလိုက်သည်။
ယခုအခါတွင် ပိုင်ကျင်းထျန်းသည် သူ၏ မြို့စား ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်အားတော့ဘဲ အောက်ကျို့သောလေသံဖြင့် ပြောလိုက်သည်။
"မင်း အိမ်တော်ထဲကနေ ထွက်လာတဲ့အချိန်မှာ ဒီစကားကို ပြောရင် အသုံးဝင်နိုင်သေးတယ် ဒါပေမယ့် ကံမကောင်းစွာနဲ့ အခုတော့ အရမ်း နောက်ကျသွားခဲ့ပြီ"
"မင်းငါ့ကို ဘာရှင်းပြချက်မှ ပေးဖို့ အခု မလိုတော့ဘူး"
ကျန်းချန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"မင်းရဲ့ သေခြင်းကသာ ကျန်းမိသားစုအတွက် အကောင်းဆုံး ရှင်းပြချက်ပဲ"
"ကျန်းချန်...ငါက လင်ယွင်ကျောင်းတော်ရဲ့ နန်းတော်သခင်ကိုယ်တိုင် ခန့်အပ်ထားတဲ့ လင်ယွင်မြို့ရဲ့ မြို့စားပါ"
ပိာင်ကျင်းထျန်းက ကျန်းချန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။
"မင်း ငါ့ကို ထိရဲရင် လင်ယွင်ကျောင်းတော် တစ်ခုလုံးရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်"
"ဟားဟား.. တကယ်လား"
"မင်းကို သတ်လိုက်ရင် လင်ယွင်ကျောင်းတော်က ငါ့ရန်သူ ဖြစ်လာမလားဆိုတာ ငါကြည့်ချင်သေးတယ်"
ကျန်းချန်းက ပြုံးလိုက်ပြီး ပိုင်ကျင်းထျန်းကို တိုက်ခိုက်ရန် ပြင်နေသော အချိန်မှာပင် အင်အားကြီးမားသော အရှိန်အဝါ ထွက်ပေါ်နေသည့် မီးလျှံကဲ့သို့ ပုံရိပ်တစ်ခုသည် အဝေးကနေ သူတို့ဆီသို့ ဦးတည်၍ လာနေခဲ့သည်။
အခန်း(၁၅၅) ပြီး၏