အခန်း (၁၆၄)
Vol. 11 Ch. 164
သူတို့ရှေ့မှ မယုံနိုင်လောက်သည့် မြင်ကွင်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် အလွန်တရာ တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက ဝင့်ကြွားစွာ ရပ်နေသည့် လူငယ်လေးကို ကြည့်ပြီး အံ့အားသင့်မှုကနေ ပြန်လည်သက်သာဖို့ အချိန်အတော်ကြာ ယူခဲ့ရ၏။
အနက်ရောင် မြင်းသူခိုးအဖွဲ့၏ ခေါင်းဆောင်၊ မူလဘူတအဆင့် ကျင့်ကြံသူ နျိုထျန်းခိုင်။
ထိုကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားသော သူသည် ကျန်းချန်ရှေ့တွင် ခုခံနိုင်စွမ်း တစ်စုံတစ်ရာပင် မရှိခဲ့ပေ။
လူငယ်က နျိုထျန်းခိုင်ကို ချွေးပင်မထွက်ဘဲ သတ်ပစ်လိုက်သည်။
ထို့အပြင် ဤကဲ့သို့ အံ့မခန်းစွမ်းဆောင်မှုကို အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
ထိုအချိန်တွင် လူတိုင်းသည် သူတို့၏ မျက်လုံးကိုပင် မယုံနိုင်ခဲ့ကြပေ။
"ဝိုး... ဘုရားရေ"
"မူလဘူတ အဆင့်ကျင့်ကြံသူကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်ဟ.. ဒီညီလေးမှာ ဒီလောက်ထိ ထူးကဲတဲ့ အင်အားရှိလိမ့်မယ်လို့ မထင်ထားမိဘူး"
"ငါလည်း မင်းနဲ့ သိပ်မကွာပါဘူး.. ဒီညီလေးကို အိမ်တော်တစ်ခုခုရဲ့ ပျော့ညံ့ညံ့ သခင်လေး တစ်ယောက်လို့ ထင်နေခဲ့တာ"
"အားလုံးပဲ ဒီအနက်ရောင်သံချပ်ဝတ် မြင်းသူခိုးတွေကို သတ်ပစ်ကြစို့"
ခဏတာ တိတ်ဆိတ်သွားပြီးနောက်တွင် ထန့်ရှန်း၏ ကြွေးကြော်သံက ထွက်ပေါ်လာသည်။
ထန့်လုံ အာမခံအဖွဲ့၏ အဖွဲ့သား အားလုံးသည် စိတ်လှုပ်ရှားသွားကြသည်။
သူတို့အားလုံးက ဝံပုလွေများ ကဲ့သို့ အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့ဝင်များထံ ပြေးဝင်သွားကြသည်။
အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့မှ အဖွဲ့ဝင်များသည် သူတို့၏ ခေါင်းဆောင်က လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်ခံလိုက်ရသည်ကို မြင်ပြီးနောက်တွင် ကြောက်လန့်တကြား ဖြစ်ကာ တိုက်ခိုက်လိုစိတ် လုံးဝ မရှိကြတော့ပေ။
ထန့်ရှန်း ဦးဆောင်သော အာမခံအဖွဲ့သားများသည် သိုးအုပ်ထဲကို ဝံပုလွေများ ဝင်ရောက်လာသကဲ့သို့ အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့မှ လူများကို လျင်မြန်စွာ သတ်ပစ်လိုက်ကြသည်။
အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့ဝင် အနည်းငယ်မျှသာ လွတ်မြောက်သွားပြီး ကျန်ရှိသည့်သူ အားလုံးသည် တခဏအတွင်း သတ်ဖြတ်ခံလိုက်ရ၏။
"ဟားဟား... အရမ်းမိုက်တာပဲ"
"ဟုတ်ပါ့ကွာ.. နာမည်ကျော် အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့ကို ငါတို့လက်နဲ့ ကိုယ်တိုင် ဖျက်ဆီးပစ်နိုင်မယ်လို့ မထင်ထားမိဘူး"
အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့ကို ရှင်းလင်းပြီးနောက်တွင် အာမခံအဖွဲ့သား အားလုံးသည် စိတ်လှုပ်ရှားကာ မရယ်မောဘဲ မနေနိုင်ကြပေ။
"ညီလေး ကျန်းချန်.. ဒီတစ်ခေါက် ကိစ္စအတွက် အရမ်းကျေးဇူးတင်ပါတယ်.. မင်းရဲ့ အကူအညီသာ မရှိရင် ငါတို့ ထန့်လုံ အာမခံအဖွဲ့ အန္တရာယ်ထဲ ကျရောက်သွားမှာ အမှန်ပဲ"
ထန့်ရှန်းက ရှေ့ကို တက်လာပြီး ကျန်းချန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။
"သေးငယ်တဲ့ အားထုတ်မှုလေး တစ်ခုပါဗျာ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"ခင်ဗျားတို့ အားနာနေဖို့ မလိုပါဘူး"
ကျန်းချန်က နျိုထျန်းခိုင်အား သတ်ပစ်လိုက်သည်ကို အသေးအဖွဲလောက်သာ သဘောထား၍ ပြောဆိုခဲ့သည်။
ထန့်လုံ အာမခံအဖွဲ့ကို အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးများအား သတ်ပစ်ရာတွင် ကူညီပေးခဲ့သည့် ကျန်းချန်၏ လှုပ်ရှားမှုများကို မြင်လျှင် ထန့်ချိုးယွီသည် အံ့အားသင့်မှုကနေ ပြန်လည်သက်သာရန် အချိန်အတော်ကြာ ယူခဲ့ရ၏။
ကျန်းချန်ကို ကြည့်နေသည့် သူမ၏ လှပသော မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်က ဖုံးဖိမရစွာ ထွက်ပေါ်လာသည်။
ယခင်က ထန့်ချိုးယွီသည် ကျန်းချန်ကို အင်ပါယာမြို့တော်မှ အိမ်တော် တစ်ခုခု၏ သခင်လေးတစ်ပါး ဖြစ်လိမ့်မည်ဟု ထင်မြင်ခဲ့သည်။
ဝူကျန့်နန်က ကျန်းချန်ကို သူတို့ ထန့်လုံ အာမခံအဖွဲ့နှင့် အတူအင်ပါယာမြို့တော်ကို ပြန်ခိုင်းခြင်းသည် ကျန်းချန်၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရန် အတွက် ထန့်လုံ အာမခံအဖွဲ့ကို အသုံးပြုချင်၍ဟု သူမ ထင်ခဲ့၏။
သို့သော် အဖြစ်မှန်က သူမ မျှော်လင့်ထားသည်ထက် လုံးဝကျော်လွန်နေမည်ဟု မထင်ထားခဲ့ပေ။
ဤလူငယ်သည် အိမ်တော်တစ်ခုခု၏ သခင်လေး မဟုတ်ဘဲ နတ်ဆိုးဆန်သည့် အလွန်ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့သည်။
အသက် ၁၅ နှစ်၊ ၁၆ နှစ်သာ ရှိသေးသော်လည်း မူလဘူတအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ပစ်နိုင်သည့် စွမ်းရည်ရှိသည်။
ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီသည် လင်ယွင်ကျောင်းမှ ပြိုင်ဘက်ကင်း ပါရမီရှင်များကို လုံးဝဖိနှိပ်ရန် လုံလောက်သည်။
ယခုအချိန်တွင် ထန့်ချိုးယွီသည် ကျန်းချန်ကို ခေါ်လာခဲ့မိသည်ကိုပင် အနည်းငယ် ကံကောင်းသွားသည်ဟု ခံစားမိခဲ့သည်။
ကျန်းချန်သာ မရှိလျှင် ဤတစ်ခေါက် ခရီးစဥ်၌ သူတို့ ထန့်လုံ အာမခံအဖွဲ့သည် အမှန်တကယ် ဖျက်ဆီးခံရမည်မှာ သေချာသလောက်ပင်။
အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့ကို ဖျက်ဆီးပြီးနောက် ထန့်ချိုးယွီသည် ထန့်လုံ အာမခံအဖွဲ့မှ လူများကို တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာကို ရှင်းလင်းရန် ညွှန်ကြားလိုက်ပြီး ထိုနေရာမှာပင် တစ်ညတာအိပ်စက် အနားယူခဲ့ကြသည်။
နောက်တစ်နေ့ မနက်စောစောတွင် မနက်စာ စားပြီးနောက်
ကျန်းချန်သည် ထန့်လုံ အာမခံအဖွဲ့နှင့်အတူ မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်ဆီသို့ ဦးတည်ကာ ဆက်လက် ထွက်ခွာလာခဲ့သည်။
အခန်း(၁၆၄) ပြီး၏