← Chapters

အခန်း (၁၆၅)

Vol. 11 Ch. 165

အခန်း (၁၆၅)

Vol. 11 Ch. 165

အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့ကို ရှင်းလင်းပြီးနောက် ကျန်းချန် လိုက်ပါလာသော အာမခံအဖွဲ့သည် မည်သည့် အတားအဆီးကိုမှ ထပ်မတွေ့တော့ပေ။

ရက်ပေါင်း ဆယ်ရက်ခန့်အကြာတွင် ကျန်းချန်နှင့် တခြားသူများသည် မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်ကို အဆုံးသတ်၌ ရောက်ရှိလာကြသည်။

စန်းရှန်းမြို့နှင့် လင်ယွင်မြို့တို့နဲ့ နှိုင်းယှဉ်လျှင် မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်သည် သေချာပေါက်ပင် ပိုပြီး ခမ်းနားထည်ဝါသည်။

အဝေးကနေကြည့်လျှင် မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်သည် မိုင်ပေါင်း ဒါဇင်နှင့်ချီ ကျယ်ဝန်းပြီး မြို့ရိုးက မီတာတစ်ရာကျော် မြင့်ကာ ဧရာမသားရဲ တစ်ကောင် တွားသွားနေသည်နှင့် ဆင်တူ၏။

အင်ပါယာမြို့တော်၏ တောင်ဘက်ဂိတ်တံခါးဆီသို့ လျှောက်နေရင်း ကျန်းချန်သည် လမ်းသွားလမ်းလာ လူများကို ကြည့်ကာ တအံတသြ ဖြစ်နေခဲ့သည်။

သူက အနီးနားရှိ လမ်းသွားလမ်းလာများ ထဲတွင် မူလဘူတ အဆင့်ကျင့်ကြံသူ အမြောက်အမြားကို တွေ့လိုက်ရ၏။

မူလဘူတ အဆင့်ကျင့်ကြံသူဆိုသည်မှာ လင်ယွင်စီရင်စုတွင်အလွန်ပင် ရှားပါးသည် မဟုတ်ပါလား။

သို့သော် မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်တွင်မူ နေရာတိုင်းတွင် တွေ့နေရ၏။

ယင်းမှာ အင်ပါယာမြို့တော်၏ ကိုယ်ခံပညာအဆင့်က အခြားသော စီရင်စုများထက် ပိုမို မြင့်မားသည်ကို သက်သေပြနေသည်နှင့် မခြားပေ။

"ညီလေး ကျန်းချန်.. ငါတို့က အင်ပါယာမြို့တော်ထဲကို ဝင်ပြီးရင် အာမခံပစ္စည်းတွေကို ကျောက်အိမ်တော်ဆီ ပို့ပေးရမယ်.. မင်းရော ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

ထိုအချိန်တွင် ထန့်ရှန်းသည် ရုတ်တရက် ကျန်းချန်ဆီသို့ လျှောက်လာပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

"ကျွန်တော် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို သွားမယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"အကိုထန့်ရှန်း.. ဒါဆိုလည်း ဒီမှာပဲ လမ်းခွဲကြတာပေါ့.. ငါ့ကိုအင်ပါယာမြို့တော်ဆီ ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ်"

"ထန့်လုံ အာမခံအဖွဲ့နဲ့အတူ ဒီခရီးကို ညီလေး ကျန်းချန် လိုက်ပါပေးခဲ့တာက ငါတို့ ထန့်လုံ အာမခံအဖွဲ့အတွက် ဂုဏ်ယူစရာပါပဲ"

ထန့်ရှန်းက ကျန်းချန်ကို ပွေ့ဖက်ကာ နှုတ်ဆက်လိုက်သည်။

"ညီလေး ကျန်းချန်.. ဒါဆို ငါတို့ နောက်မှ ထပ်တွေ့ကြတာပေါ့။"

"နောက်မှ တွေ့ကြမယ်"

ကျန်းချန်က ခေါင်းညိတ်ပြီး ထွက်သွားခဲ့သည်။

"ခဏလေး"

ထိုအချိန်တွင် ကျန်းချန်၏ အနောက်ကနေ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ကျန်းချန်က ခဏရပ်ပြီး လှည့်ကြည့်လိုက်ရာ ထန့်ချိုးယွီက သူ့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရ၏။

"ကျန်းချန်.. ဒီတစ်ခေါက် ထန့်လုံ အာမခံအဖွဲ့က နင့်ရဲ့ အကူအညီကြောင့်သာ အင်ပါယာမြို့တော်ကို ချောချောမွေ့မွေ့ ရောက်ရှိနိုင်ခဲ့တာပါ"

ထန့်ချိုးယွီက ကျေးဇူးတင်စကား ပြောပြီးနောက် စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

"ဒီလျှို့ဝှက်ဆန်းကြယ် ကိုယ်ခံပညာက ငါ့အတွက် ရည်ရွယ်ပြီး ငါ့အဖေ ချန်ထားခဲ့တာအရာပဲ.. ဒါက ငါပေးနိုင်တဲ့ တစ်ခုတည်းသော လက်ဆောင်မို့.. နင်လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ဟားဟား... မိန်းကလေးထန့်.. ငါက ထန့်လုံအာမခံ အဖွဲ့နဲ့ အတူ လိုက်ပါလာမှတော့ ဘေးကနေ ရပ်ကြည့်နေစရာအကြောင်း ​မရှိဘူးလေ"

"ဒီကိုယ်ခံပညာ စာလိပ်က မင်းအဖေ မင်းအတွက် ရည်ရွယ်ပြီး ချန်ထားခဲ့တာ ဆိုတော့ မင်းကိုယ်တိုင်ပဲ ဘေးကင်းအောင် ထိန်းသိမ်းထားသင့်တယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောဆိုပြီးနောက် မြို့တံခါးဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။

ထန့်ချိုးယွီက နေရာမှာပင် ရပ်နေပြီး ကျန်းချန်က သူ့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေခဲ့၏။

"ဦးလေးရှန်း.. သမီးတို့လည်း မြို့ထဲကို ဝင်ကြရအောင်"

ခဏအကြာတွင် ထန့်ချိုးယွီသည် သတိပြန်ဝင်လာပြီး ထန့်လုံအာမခံအဖွဲ့ကို ဦးဆောင်ကာ မြို့ထဲသို့ ဝင်လာခဲ့သည်။

မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်ထဲကို ဝင်ပြီးနောက်တွင် ကျန်းချန်က မြို့ထဲ၌ ခဏမျှ လှည့်လည်ကြည့်ရှုလိုက်ရာ အချိန် နောက်ကျနေပြီကို တွေ့လိုက်ရသည်။

ထို့ကြောင့် ညအိပ်ဖို့ တည်းခိုခန်းတစ်ခုကို ရှာဖွေပြီး မနက်ကျမှပင် ယွဲ့ယန်ကျိုး ဆီသို့ သွားလည်ရန် လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမသို့ သွားမည်ဟု စီစဉ်လိုက်၏။

သို့ရာတွင် သူက တည်းခိုခန်း အတော်များများကို ဆက်တိုက် ရှာဖွေခဲ့သော်လည်း အခန်းများက လူပြည့်နေပြီး နေစရာ မရှိတော့ပေ။

ထို့ကြောင့် ကျန်းချန်အနေဖြင့် လမ်းသွားလမ်းလာတစ်ယောက်ကို မေးမြန်းပြီး လ​ခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမ၏ ဌာနချုပ်ဆီသို့ တိုက်ရိုက် သွားဖို့က လွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

ဆယ်မိနစ်ကျော်အကြာတွင် ကျန်းချန်သည် လင်ယွင်မြို့ရှိ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမထက် အဆပေါင်း ဒါဇင်နဲ့ချီ ပိုပြီး ခမ်းနားထည်ဝါသည့် အဆောက်အအုံတစ်ခုကို ရောက်ရှိလာခဲ့၏။

မှောင်စပျိုးနေသော အချိန်အခါ ဖြစ်၍ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမတွင် ဧည့်သည် အများအပြား သိပ်မရှိတော့ပေ။

ကျန်းချန်က အနည်းငယ် လှည့်ပတ်ကြည့်လိုက်ရာ လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမ၏ ယူနီဖောင်း ဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောသော ဝန်ထမ်းလေး တစ်ယောက်သည် သူ့ဆီသို့ လျှောက်လာခဲ့သည်။

"သခင်လေး ဝယ်စရာတစ်ခုခု ရှိလို့လား"

ဝန်ထမ်းက ကျန်းချန်ကို ယဥ်ကျေးစွာ မေးလိုက်သည်။

"ငါပစ္စည်းတွေ ဝယ်ဖို့လာတာ မဟုတ်ဘူး"

ကျန်းချန်က ခေါင်းခါလိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

"ငါက ယွဲ့ယန်ကျိုးကို လာရှာတာပါ..သူ့ကို ငါ့ဆီ လာတွေ့ခိုင်းလိုက်ပါ"

အခန်း(၁၆၅) ပြီး၏

All Chapters