← Chapters

အခန်း (၁၆၆)

Vol. 12 Ch. 166

အခန်း (၁၆၆)

Vol. 12 Ch. 166

ကျန်းချန်၏ တိုးညင်းသော အသံက မကျယ်သော်လည်း ခန်းမထဲက လူတိုင်းသည် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် ခန်းမထဲရှိ ဧည့်သည် ဒါဇင်ပေါင်း အနည်းငယ်၏ အကြည့်သည် ကျန်းချန်ဆီသို့ စုပြုံကျရောက်လာကြ၏။

သူတို့အားလုံး၏ ကျန်းချန်ကို ကြည့်နေသည့် အကြည့်ထဲတွင် ထူးဆန်းသော အကြည့်များ ထင်ဟပ်နေခဲ့သည်။

ယွဲ့ယန်ကျိုး ဆိုသည်မှာ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲ သုံးဦးထဲမှ တစ်ဦးဖြစ်ပြီး အင်ပါယာမြို့တော်တွင် နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်မှာပင် ယွဲ့ယန်ကျိုး ဆီသို့ လာရောက်လည်ပတ်ခွင့်ရှိသူ သိပ်မများပေ။

ထို့အပြင် ဤလူတွေအားလုံး နီးပါးသည် မဟာရှားနိုင်ငံ၏ နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သို့တိုင် သူတို့ရှေ့မှ ကောင်လေးသည် ယွဲ့ယန်ကျိုးကို ရှာနေသည်ဟု ဆိုနေခဲ့သည်။

ပို၍ အံ့သြဖွယ်ကောင်းသည်မှာ ထိုကောင်လေးသည် ယွဲ့ယန်ကျိုးကို သူ့ဆီ လာတွေ့ခိုင်းနေခြင်းပင်။

"လခွမ်း.. ဒီကောင်လေးက ဘယ်သူလဲဟ.. ဘာလို့ ဒီလောက်တောင် အတင့်ရဲနေရတာလဲ"

"ငါ.. ငါ နားကြားမမှားပါဘူးနော်.. ဒီကောင်လေးက ယွဲ့ယန်ကျိုးကို သူ့ဆီ လာတွေ့ခိုင်းတာတဲ့"

"ရယ်စရာပဲ.. ဒီကောင်လေးက သူ့ကိုယ်သူ မဟာရှားနိုင်ငံရဲ့ အင်ပါယာ မင်းသားလို့များ ထင်နေလား မသိဘူး"

"ဟက်... သူက တကယ်ပဲ မဟာရှားနိုင်ငံရဲ့ မင်းသားဆိုရင်တောင် ယွဲ့ယန်ကျိုးကို သူ့ဆီ လာတွေ့ခိုင်းဖို့ အရည်အချင်း မပြည့်မီဘူးလို့ ငါထင်တယ်.. ဟုတ်တယ်မလား"

ခန်းမထဲမှ လူတိုင်းသည် ကျန်းချန်၏ စကားများကို ကြားပြီးနောက်တွင် မထီမဲ့မြင် အမူအရာများဖြင့် ကျန်းချန်ကို မလှောင်ဘဲ မနေနိုင်ခဲ့ကြပေ။

"သခင်လေးက အကြီးအကဲ ယွဲ့ယန်ကျိုးကို လာတွေ့တာ ဆိုတော့ ချိန်းထားတာများ ရှိလား"

ဝန်ထမ်းမိန်းကလေးသည် ကျန်းချန်၏ စကားများကြောင့် ခဏမျှ ကြောင်အသွားပြီးမှ သတိပြန်ဝင်လာပြီး ကျန်းချန်ကို မေးလိုက်သည်။

"ချိန်းထားတာမျိုးတော့ မရှိပါဘူး"

ကျန်းချန်က ခေါင်းခါယမ်း၍ ပေါ့ပါးစွာ ပြောလိုက်သည်။

"ငါ့ကို သတင်းပို့ဖို့သာ ကူညီပေးပါ.. လင်ယွင်စီရင်စုက ကျန်းချန် လာရှာတာလို့ ယွဲ့ယန်ကျိုးကို ပြောပေးပါ"

"ဟားဟား... ငါ အရမ်း ရယ်နေရပြီဟေ့"

"သူ့ရဲ့ မောက်မာတဲ့ ပုံစံကို ကြည့်ပြီး ကြီးကျယ်တဲ့ နောက်ခံရှိနေမယ်လို့ ထင်နေခဲ့တာ.. ချီး.. မဟာရှားနိုင်ငံရဲ့ အဝေးဆုံး ဇနပုဒ် ဖြစ်တဲ့ ​လင်ယွင်စီရင်စုက လာတာလို့ ဘယ်သူသိနိုင်မှာလဲ"

"လင်ယွင်စီရင်စု​က ကောင်လေးတစ်ယောက်ကများ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို မကြောက်မရွံ့ ပြဿနာ လာရှာရဲတယ်.. ဒါက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ"

ကျန်းချန်က လင်ယွင်စီရင်စုက လာမှန်း ကြားသိရလျှင် ခန်းမထဲရှိ လူတိုင်းသည် ကျန်းချန်ကို ပို၍ အထင်သေးသော အမူအရာများဖြင့် ကြည့်လာကြသည်။

"သခင်လေး... အကြီးအကဲ ယွဲ့ယန်ကျိုးက ကျမတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ အကြီးအကဲ သုံးဦးထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ အဆင့်အတန်းက အရမ်း မြင့်မားပါတယ်"

"ချိန်းထားတာ မရှိရင် တွေ့ဖို့ မဖြစ်နိုင်ပါဘူး.. သခင်လေး ပြန်လိုက်တာ ပိုကောင်းမယ်လို့ ကျွန်မ ထင်တယ်"

ဝန်ထမ်းမိန်းကလေးက စိတ်မကောင်းသော အမူအရာဖြင့် ပြောလိုက်သည်။

ယွဲ့ယန်ကျိုး ဆိုသည်မှာ မည်သူနည်း။

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲ သုံးဦးထဲမှ တစ်ဦးဖြစ်ပြီး သူတို့လို လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမ၏ အဖွဲ့ဝင်များ အတွက်ပင် တစ်ခါတွေ့ရရန် အရမ်းခက်ခဲသည်။

သူ့ရှေ့မှ ကောင်လေးကမူ ဘာအထောက်အထားမှ မရှိသလို နောက်ခံကောင်းကောင်းလည်း မရှိပေ။

ထို့အပြင် ဝေးလံသည့်ဇနပုဒ် ဖြစ်သည့် လင်ယွင်စီရင်စုက လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့သော အခြေအနေက အကြီးအကဲ ယွဲ့ယန်ကျိုးနှင့် မည်ကဲ့သို့ ပတ်သက်နိုင်ပါအံ့​နည်း။

ဝန်ထမ်းမိန်းကလေး၏ စကားကိုကြားလျှင် ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံး ရွှေတံဆိပ်​ပြားကို ထုတ်ယူရန် ပြင်နေသည့်အချိန်မှာပင် ခန်းမထဲ၌ ခနဲ့တဲ့တဲ့ အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

"ဟမ့်..ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ အကြီးအကဲကို မင်းလို ငချွတ်လေးက တွေ့ဖို့ ဖြစ်နိုင်မယ်လို့ ထင်နေလား"

"ကောင်လေး.. အခြေအနေကိုနားလည်ရင် ဒီကနေ အမြန်ထွက်သွားစမ်း...မဟုတ်ရင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့"

"မဟုတ်ရင်.. မင်း ထမင်းတောင် မစားနိုင်တဲ့အထိ အရိုက်ခံရမယ်ဆိုတာ ငါအာမခံတယ်"

ကျန်းချန်က အသံလာရာဆီသို့ ကြည့်လိုက်ရာ မျက်နှာပေါက်ဆိုးဆိုးနှင့် လူလတ်ပိုင်းအရွယ် လူတစ်ယောက်က သူ့ဆီသို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

ကျန်းချန်က လူလတ်ပိုင်းအရွယ် လူကို ပေါ့ပေါ့ပါးပါးပင် လှမ်းကြည့်လိုက်၏။

"မင်းက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ တာဝန်ခံ ဖြစ်မယ် ထင်တယ်.. ဟုတ်တယ်မလား"

"ဟုတ်တယ်.. ငါက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဌာချုပ် တာဝန်ခံပဲ"

လူလတ်ပိုင်းအရွယ် လူက မောက်မာသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ကောင်လေး.. မင်း ကိုယ့်ဘာသာကိုယ် ထွက်သွားမှာလား.. ငါ့က မင်းကို ဆွဲထုတ်ပေးရမလား"

"ငါက ယွဲ့ယန်ကျိုးကို ရှာဖို့ ဒီကို လာတာ.. ဘာလို့ ငါက ထွက်သွားရမှာလဲ"

ကျန်းချန်က အေးစက်စွာ ပြောလိုက်သည်။

"မင်းအနေနဲ့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဌာနချုပ်တာဝန်ခံ အဖြစ်ကနေ အလုပ်မပြုတ်ချင်ရင် ယွဲ့ယန်ကျိုးကို ငါ့ဆီ လာတွေ့ဖို့ ချက်ချင်း အကြောင်းကြားသင့်တယ်လို့ ငါက မင်းကို အကြံပေးလိုက်မယ်"

အခန်း(၁၆၆) ပြီး၏

All Chapters