အခန်း (၁၆၇)
Vol. 12 Ch. 167
ကျန်းချန်၏ အေးစက်သော စကားကြောင့် ခန်းမထဲတွင် ချက်ချင်း တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက ကျန်းချန်ကို ဆန်ကုန်မြေလေး အမိုက်အမဲတစ်ယောက် ကဲ့သို့ ကြည့်နေခဲ့ကြသည်။
"ဒီကောင်လေး... ဦးနှောက်ပျက်နေတော သေချာတယ်"
လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမ။
ယင်းက မဟာရှားနိုင်ငံတော်၏ အင်ပါယာမြို့တော်ရှိ အင်အားအကြီးဆုံး အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။
ဝေးလံသည့်ဇနပုဒ်ကနေ အင်ပါယာမြို့တော်ကို ရောက်လာသည့် နို့နံ့တောင် မစင်သေးသည့် ကောင်လေးတစ်ယောက်သည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို လာပြီး အကြီးအကဲယွဲ့ကို သူ့ဆီ ထွက်တွေ့ခိုင်းနေ၏။
ဤသည်မှာ ရယ်စရာ တစ်ခုပင် မဟုတ်ပါလား။
"ဟားဟား... ဘယ်လောက်တောင် မာန်တက်နေတဲ့ ကောင်လေးလဲ"
"ငါ ဟူယန်ချမ် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဌာနချုပ်တာဝန်ခံ ဖြစ်လာကတည်းက ငါ့ရှေ့မှာ ဒီလိုပြောရဲတာ မင်းက ပထမဆုံးပဲ"
"မင်းလိုငချွတ်လေးက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကနေ ငါထွက်သွားအောင်လုပ်ဖို့ တတ်နိုင်မယ်လို့ ထင်နေလား"
ဟူယန်ချမ်က မထီတရီ ပြုံးလိုက်သည်။
"လာကြစမ်း.. ဒီ အထူအပါး နားမလည်တဲ့ကောင်ကို မောင်းထုတ်လိုက်ကြ"
ဟူယန်ချမ်၏ အမိန့်ကို ကြားသည်နှင့် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ကျင့်ကြံသူများသည် ကျန်းချန်ဆီသို့ ပြေးဝင်လာကြသည်။
"ထွက်သွားစမ်း"
ကျန်းချန်၏ မျက်နှာက အေးစက်သွား၏။
သူက လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ မူလဘူတ အဆင့်၏ စွမ်းအင်က ထွက်ပေါ်လာပြီး ကုန်သွယ်ရေးခန်းမ၏ ဝန်ထမ်းများကို ပေပေါင်းများစွာ လွင့်ထွက်သွားစေခဲ့သည်။
"ဝိုး.. ဒီကောင်လေးမှာ အရွယ်နဲ့မလိုက်တဲ့ ခွန်အားမျိုး ရှိနေမယ်လို့ မထင်ထားမိဘူး"
"ဟုတ်ပါ့ကွာ.. လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ကျင့်ကြံသူတွေအားလုံးက ချီကာကွယ်ရေးအဆင့်၉ အင်အားရှိကြတယ်.. ဒီကောင်လေးက သူတို့ကို ဒီလောက် လွယ်လွယ်လေးနဲ့ အနိုင်ယူလိုက်တာ အံ့သြစရာပဲ"
"ဒီကောင်လေးက တကယ်ပဲ လင်ယွင်စီရင်စုလို သေးငယ်တဲ့ နေရာက လာတာဟုတ်ရဲ့လား.. အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် မူလဘူတ အဆင့်ကျင့်ကြံသူဆိုတဲ့ ကိုယ်ခံပညာ ပါရမီမျိုးက အင်ပါယာမြို့တော်မှာတောင် မရှိသလောက်ပဲ"
ကျန်းချန်က လက်တစ်ဖက်တည်းဖြင့် ချီကာကွယ်ရေးအဆင့်၉မှ ကျင့်ကြံသူများအား အနိုင်ယူလိုက်ကို မြင်လျှင်
ခန်းမထဲရှိ လူတိုင်း၏ မျက်နှာတွေပေါ်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာ၏။
"ကောင်းတယ် သိပ်ကောင်းတယ်"
"ကောင်လေး.. ငါမင်းကို လျှော့တွက်မိသွားပြီ ထင်တယ်"
"ဒါပေမဲ့ မင်းရဲ့ အင်အားလောက်နဲ့ လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမမှာ မောက်မာဖို့ အရည်အချင်း မရှိသေးဘူး"
ဟူယန်ချမ်က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။
"ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ ပြဿနာရှာတဲ့ အဖိုးအခကို မင်းနားလည်စေရမယ်"
"ငါနောက်ဆုံးအကြိမ် ပြောမယ်.. ငါက ပြဿနာရှာဖို့ လာတာ မဟုတ်ဘူး"
ကျန်းချန်က ဟူယန်ချမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"မင်းမှာ အခု ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်.. ငါ့ကို ယွဲ့ယန်ကျိုးဆီ သွားတွေ့ဖို့ ခေါ်သွားပေး ဒါမှမဟုတ်ရင်လည်း သူ့ကို ငါ့ဆီ လာတွေ့ခိုင်းလိုက်"
"ကောင်လေး.. မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ.. မင်းက ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်လို့ ပြောတာနဲ့ ငါက ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်လို့ သတ်မှတ်ရမှာလား"
ဟူယန်ချမ်က အေးစက်စွာ လှောင်ရယ်လိုက်သည်။
"ငါသာ တတိယရွေးချယ်မှုကို သတ်မှတ်ရမယ် ဆိုရင် မင်းကို မသန်မစွမ်းဖြစ်အောင် လုပ်ပြီး အပြင်ကို ကန်ထုတ်ပစ်မယ်"
"တကယ်လား"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
"ငါအခုဒီမှာ ရပ်နေတယ်.. အစွမ်းအစရှိရင် စမ်းကြည့်လိုက်လေ"
ကျန်းချန်ထံမှ သူ့ကို မျက်စိထဲပင် မထည့်သည့် စကားများကို ကြားလျှင် ဟူယန်ချမ်သည် ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။
လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဌာနချုပ် တာဝန်ခံ ဖြစ်သည့် ဟူယန်ချမ်သည် အင်ပါယာမြို့တော်တွင် ဂုဏ်သရေရှိ လူတစ်ယောက် ဖြစ်၏။
ယခုမူ လင်ယွင်စီရင်စုမှ လာသော ငချွတ်လေးသည် သူ့ကို မထီမဲ့မြင် ပြုနေခဲ့သည်။
"ကောင်လေး.. မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ဟူယန်ချမ်၏ အကြည့်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ရုတ်တရက် ထင်ဟပ်လာခဲ့သည်။
ထို့နောက်တွင် မူလဘူတနယ်ပယ် အဆင့်၄၏ အရှိန်အဝါက ချက်ချင်း ပေါက်ကွဲထွက်လာခဲ့၏။
သူက လက်ချောင်းငါးချောင်းကို ကွေးလိုက်ပြီး လင်းယုန် လက်သည်းကဲ့သို့ ကျန်းချန်၏ လည်ချောင်းကို ဖမ်းဆုပ်ရန် ပြင်လိုက်သည်။
"လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဌာနချုပ်တာဝန်ခံက လင်ယွင် မြို့စား ပိုင်ကျင်းထျန်းထက် သာလွန်တဲ့ ခွန်အားမျိုး ရှိနေတာပဲ"
"အင်ပါယာမြို့တော်ရဲ့ ကျင့်ကြံသူတွေက တကယ်ကိုအားကောင်းတာပဲ"
သူ့ဆီ ချဉ်းကပ်လာသော ဟူယန်ချမ်ကို ကြည့်ရင်း ကျန်းချန်က တီးတိုး ရေရွတ်လိုက်သည်။
သူ၏ အမူအရာက အလွန်ပင် တည်ငြိမ်မှု ရှိနေသည်။
ဟူယန်ချမ်၏ ကုတ်ဆွဲချက်က သူ့လည်ချောင်းနှင့် သုံးမီတာအောက်သာ လိုတော့သည့်အချိန်တွင် ကျန်းချန်သည် သိုလှောင် လက်စွပ်ထဲကနေ ရွှေရောင် တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။
အခန်း(၁၆၇) ပြီး၏