အခန်း (၁၆၉)
Vol. 12 Ch. 169
ဟူယန်ချန်ရဲ့ တောင်းပန်မှုနှင့် ရင်ဆိုင်ရသည့်အခါ ယွဲ့ယန်ကျိုးသည် မတုန်မလှုပ် ရှိနေခဲ့၏။
သူက ဟူယန်ချန်ကို ပေါ့ပေါ့ပါးပါး ကြည့်ကာ မေးလိုက်သည်။
"မင်းက ကိုယ့်ဘာသာကိုယ် ထွက်သွားမှာလား ဒါမှမဟုတ် ငါက မင်းကို ကန်ထုတ်ပေးရမှာလား"
ဟူယန်ချမ်က ယွဲ့ယန်ကျိုးထံမှ စကားများကို ကြားလျှင် သူ၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။
သူက ခါးသီးသော အမူအရာဖြင့် ကျန်းချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် စိတ်ဓာတ်ကျသော အမူအရာဖြင့် အပြင်သို့ ချာခနဲ လှည့်ထွက်သွားခဲ့သည်။
ကျန်းချန်ကို စော်ကားမိ၍ ယွဲ့ယန်ကျိုးက ဟူယန်ချမ်ကို လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမကနေ တိုက်ရိုက် နှင်ထုတ်လိုက်သည်ကို မြင်လိုက်ရလျှင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အံ့အားသင့်မှုကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ မျက်လုံးထဲတွင် မယုံနိုင်လောက်အောင် ထိတ်လန့်မှုများ ရှိနေခဲ့၏။
လင်ယွင်စီရင်စုမှလာသော လူငယ်လေးတွင် လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံး ရွှေတံဆိပ်ပြား ရှိနေမည်ဟု မည်သူမှ မတွေးမိခဲ့ပေ။
ထို့အပြင် လူငယ်သည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲ သုံးဦးထဲမှ တစ်ဦးဖြစ်သည့် ယွဲ့ယန်ကျိုးနှင့်ပါ မိတ်ဆွေများ ဖြစ်နေခဲ့သည်။
"ဒါက တကယ် အံ့အားသင့်စရာပဲ"
"ဟားဟား... လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဥက္ကဋ္ဌနဲ့ အကြီးအကဲ သုံးဦးရဲ့ လက်ထဲမှာ အမြင့်ဆုံး ရွှေတံဆိပ်ပြား တစ်ခုစီ ရှိတယ်လို့ ကောလဟာလတွေ ထွက်နေတာ ကြာပြီ"
"ငါသိသလောက်တော့ အားလုံးထဲမှာ အကြီးအကဲယွဲ့ တစ်ယောက်ပဲ ရွှေတံဆိပ်ပြားကို လက်ဝယ် ရှိတော့တယ်လို့ သိရတယ်"
"ဒါပေမဲ့ ဒီနေ့မှာတော့ အကြီးအကဲယွဲ့ရဲ့ ရွှေတံဆိပ်ပြားမှာ ပိုင်ရှင်ရှိနေပြီ ဆိုတာ ငါသိလိုက်ရပြီ"
ထိုအချိန်တွင် တိုးညင်းသော ရယ်သံတစ်သံသည် ရုတ်တရက် ခန်းမထဲတွင် ထွက်ပေါ်လာသည်။
ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားပြီး အသံလာရာဆီသို့ ကြည့်လိုက်၏။
ထိုအခါ ထူးခြားသော အရှိန်အဝါရှိသည့် ပိန်ရှည်ရှည် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ထိုလူက အသက် ၁၇ နှစ်၊ ၁၈ နှစ်ခန့်သာ ရှိသည့် လူငယ်တစ်ယောက်ဖြစ်ပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် သူတို့ဆီကို လျှောက်လာနေခဲ့သည်။
လူငယ်က ကျန်းချန်တို့ နှစ်ယောက်၏ ရှေ့ကို လျှောက်လာပြီးနောက်တွင် ယွဲ့ယန်ကျိုးကို ပြုံး၍ ပြောလိုက်သည်။
"အကြီးအကဲယွဲ့.. ဒီညီနောင်နဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးလို့ရမလား"
"သူ့နာမည်က ကျန်းချန်ပါ.. လင်ယွင်စီရင်စုမှာ ခင်မင်ခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပဲ"
ယွဲ့ယန်ကျိုးက စကားပြောပြီးနောက်တွင် သူ့ဘေးမှ ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။
"ညီလေး ကျန်းချန်.. ငါမင်းကို မိတ်ဆက်ပေးမယ်.. ဒါက ငါတို့ မဟာရှားနိုင်ငံရဲ့ တတိယမင်းသား ရှားရွှယ်ပဲ"
"တတိယမင်းသား ရှားရွှယ်လား"
ယွဲ့ယန်ကျိုးက လူငယ်၏ အထောက်အထားကို မိတ်ဆက်ပေးလိုက်လျှင် ကျန်းချန်သည် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ပေ။
သူ့ရှေ့မှ ချောမောခန့်ညားသော လူငယ်က မဟာရှားနိုင်ငံ၏ တတိယမင်းသား ဖြစ်မည်ဟု ကျန်းချန် မထင်ထားချေ။
"ကျွန်တော်ကျန်းချန် တတိယမင်းသားကို ဂါရဝပြုပါတယ်"
ခဏမျှ ကြောင်အသွားပြီးနောက်တွင် ကျန်းချန်သည် အသိပြန်ဝင်လာပြီး ရှားရွှယ်ကို ဦးညွှတ်လိုက်သည်။
"ညီနောင် ကျန်းချန်.. ငါ့ကို ယဉ်ကျေးနေဖို့ မလိုပါဘူး"
ရှားရွှယ်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"နောက်ထပ် သုံးရက်အကြာမှာ ဧည့်ခံပွဲတစ်ပွဲ ပြုလုပ်ဖို့ရှိတယ်.. အင်ပါယာမြို့တော်က ပါရမီရှင် လူငယ်အမြောက်အမြားကို တက်ရောက်ဖို့ ဖိတ်ကြားထားတယ်.. ညီနောင် ကျန်းချန်အနေနဲ့ ပွဲကို တက်ရောက်ဖို့ ငါ့ကို မျက်နှာသာပေးနိုင်မလား"
"တတိယမင်းသားက ကျွန်တော့်ကို အထင်ကြီးနေပါပြီ...ကျွန်တော်က လင်ယွင်စီရင်စုက သာမန် ဆယ်ကျော်သက်တစ်ယောက်ပါပဲ.. ပါရမီရှင် ဆိုတဲ့ နာမည်ကို မခံယူနိုင်သေးပါဘူး"
ကျန်းချန်က လိမ္မာပါးနပ်စွာပင် ငြင်းဆန်လိုက်၏။
သူက ယခုမှ အင်ပါယာမြို့တော်သို့ ရောက်လာခြင်း ဖြစ်ပြီး မြို့တော်၏ အရာအားလုံးနှင့် မရင်းနှီးသေးပေ။
သူ့ရှေ့မှ တတိယမင်းသားက မည်သည့် ရည်ရွယ်ချက်ဖြင့် သူ့ကို ဖိတ်ကြားသည်ဖြစ်စေ ကျန်းချန်က မတက်ရောက်ချင်ခဲ့ချေ။
"ညီလေး ကျန်းချန်က ကိုယ့်ကိုယ်ကိုယ် အရမ်းနှိမ့်ချတာပဲ"
"လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ အကြီးအကဲယွဲ့မှာ ထူးခြားတဲ့ အမြင်ရှိတယ်.. မင်းက အကြီးအကဲယွဲ့ရဲ့ ချီးကျူးမှုကို ရရှိပြီး လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ပြားကို ရရှိနိုင်တဲ့အချက်ကပဲ ရှားပါးတဲ့ လူငယ်ပါရမီရှင် တစ်ယောက်ဆိုတာ သက်သေပြဖို့ လုံလောက်နေပါပြီ"
ရှားရွှယ်က သူ့စကားကို ဆက်ပြောလိုက်သည်။
"ဒီဧည့်ခံပွဲမှာ အင်ပါယာမြို့တော်ရဲ့ ပါရမီရှင် အလှဘုရင်မလေး မုန့်ချင်းရွှယ်ကိုလည်း ဖိတ်ကြားထားတယ်.. ညီလေး ကျန်းချန်က သူမရဲ့ အလှတရားကို မမြင်ချင်ဘူးလား"
"ကောင်းပါပြီ.. ဧည့်ခံပွဲကို အချိန်မှန် လာခဲ့ပါ့မယ်"
ကျန်းချန်သည် ရှားရွှယ်က မုန့်ချင်းရွှယ်အကြောင်း ပြောသည်ကို ကြားသည်နှင့် ချက်ချင်းပင် သဘောတူလိုက်သည်။
"သုံးရက်ကြာရင် အိမ်တော်မှာ ညီနောင် ကျန်းချန်ကို စောင့်နေပါ့မယ်"
ရှားရွှယ်က ပြုံး၍ ပြောလိုက်ပြီးနောက် ယွဲ့ယန်ကျိုးကို နှုတ်ဆက်ကာ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏အပြင်ဘက်သို့ က္ကုန္ဒြေရစွာ လျှောက်သွားလိုက်သည်။
အခန်း(၁၆၉) ပြီး၏