← Chapters

အခန်း (၁၇၁)

Vol. 12 Ch. 171

အခန်း (၁၇၁)

Vol. 12 Ch. 171

တန်ရှို့မင်က ကျန်းချန်ကို အထင်သေးစွာ ကြည့်လိုက်သည်။

သူ့မျက်လုံးတွင် ရန်စသော အမူအရာများဖြင့် ပြည့်နှက်နေ၏။

လွန်ခဲ့သည့် တစ်ခေါက်က လင်ယွင်ကျောင်းတော်တွင် ကျန်းချန်နှင့် အဂ္ဂိရတ်ပညာချင်း ယှဥ်ပြိုင်ခဲ့သော်လည်း လူမြင်ကွင်းတွင် ကျန်းချန်၏ အပြတ်အသတ် အနိုင်ယူခြင်းကို ခံခဲ့ရသည်။

ဤသည်က အဂ္ဂိရတ် မိသားစု ဖြစ်သည့် တန်မိသားစုမှ ပါရမီရှင် တစ်ယောက်အတွက် ကြီးမားသော အရှက်ကွဲမှု တစ်ခုပင် ဖြစ်သည်။

ထို့ကြောင့် တန်ရှို့မင်သည် ကျန်းချန်နှင့် နောက်တစ်ကြိမ် ဆုံတွေ့သောအခါတွင် ကျန်းချန်ဆီကနေ သူ၏ အရှက်ရမှုများကို ဆယ်ဆ ပြန်ယူမည်ဟု တိတ်တဆိတ် သစ္စာဆိုခဲ့၏။

သို့ရာတွင် ကျန်းချန်က မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်ကို လာမည်ဟု သူ မထင်ထားပေ။

ထို့အပြင် တတိယမင်းသား၏ အိမ်တော်တံခါးဝတွင် ကျန်းချန်ကို တိုက်တိုက်ဆိုင်ဆိုင်ပင် တွေ့လိုက်ရသည်။

ယခု ကျန်းချန်ကို တွေ့ပြီ ဖြစ်ရာ တန်ရှို့မင်သည် မည်ကဲ့သို့ လွယ်လွယ်ကူကူ အလွှတ်ပေးနိုင်ပါမည်နည်း။

မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်တွင် သူတို့ တန်မိသားစုသည် အင်အားစုကြီး ခြောက်ခုထဲက တစ်ခု ဖြစ်သည်။

ထို့ကြောင့် တန်ရှို့မင်က ကျန်းချန်လို မလောက်လေး မလောက်စားကောင်ကို ရှင်းထုတ်၍ မရဟု မယုံကြည်ခဲ့ပေ။

"ကျန်းချန်.. ခွေးကောင်းတစ်ကောင်က လမ်းမပိတ်ဘူး"

"မင်းက ဝင်ဖို့ အရည်အချင်း မပြည့်မီမှတော့ ငါ့လမ်းကို မပိတ်ထားနဲ့"

ကျန်းချန်က သူ၏ ခနဲ့မှုများကို လျစ်လျူရှုထားသည်ကို မြင်လျှင် တန်ရှို့မင်က ဆက်လက် ခနဲ့လိုက်၏။

"ဝုန်း"

ကျန်းချန်က အပိုစကားများ ပြောရန် ပျင်းရိနေသည်။

သူက အားကောင်းသော လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်၏။

နောက်ထပ် တစ်ခဏတွင် တန်ရှို့မင်၏ တစ်ကိုယ်လုံးသည် လေထဲသို့ လွင့်စင်သွားခဲ့သည်။

ကျန်းချန်က မပြောမဆိုဖြင့် တန်ရှို့မင်ကို လက်သီးချက် တစ်ချက်တည်းဖြင့် ပျံသန်းစေခဲ့သည်ကို မြင်လျှင် တံခါးစောင့်များသည် ကြောင်အသွားခဲ့သည်။

ထို့အပြင် ညစာစားပွဲကို ဖိတ်ကြားခံရသည့် ဧည့်သည် အချို့ကလည်း အံ့အားသင့်သွားကြ၏။

"ဝိုး... တန်မိသားစုက တန်ရှို့မင် မဟုတ်ဘူးလား.. သူ့ကို တစ်ယောက်ယောက်က ရိုက်နှက်လိုက်တဲ့ပုံပဲ"

"ဆန့်ကျင်ဘက်က ကောင်လေးက ဘယ်သူများလဲ.. တန်မိသားစုက လူကိုတောင် တိုက်ခိုက်ရဲတယ်"

"ဒါ့အပြင် သူက အခုထိ တတိယမင်းသားရဲ့ အိမ်တော် တံခါးဝမှာပဲ ရှိနေသေးတယ်.. ဒီကောင်လေးက အလကားနေရင်း သေလမ်း ရှာနေတာပဲ"

"ကျန်းချန်... မင်း.. မင်းငါ့ကို ရိုက်ရဲတယ်လား"

တန်ရှို့မင်က ရှက်ရွံ့သော အမူအရာဖြင့် မြေပြင်ကနေ ထလာသည်။

ကျန်းချန်ကို ကြည့်နေသည့် သူ၏ အကြည့်က မီးဝင်းဝင်း တောက်နေခဲ့၏။

ကျန်းချန်က တန်ရှို့မင်၏ အကြည့်ကို လျစ်လျူရှုပြီး သူ့လက်ဖဝါးကို တိုက်ရိုက် ဆန့်ထုတ်ကာ ပြောလိုက်သည်။

"နောက်ထပ် အရိုက်နှက် မခံချင်ရင် ဖိတ်စာကို ထုတ်ပေးလိုက်"

တန်ရှို့မင်က အေးစက်စွာ ပြုံးလိုက်သည်။

"ကျန်းချန်.. မင်းက အတော် အတင့်ရင့်တာပဲ...မင်းက.."

"ဝုန်းး"

သို့သော် တန်ရှို့​မင် စကားမဆုံးခင်မှာပင် ကျန်းချန်သည် တန်ရှို့မင်ကို ခွေးတစ်ကောင်လို ကန်ထုတ်လိုက်သည်။

တန်ရှို့မင်ကို ကန်ပြီးနောက်တွင် ကျန်းချန်သည် လူတိုင်း၏ အကြည့်အောက်မှာပင် တန်ရှို့မင်၏ ဘေးကို တိုက်ရိုက် လျှောက်သွားကာ တန်ရှို့မင် လက်ထဲက ဖိတ်စာကို လုယူလိုက်၏။

မကြာခင်မှာပင် ကျန်းချန်သည် ထို​ဖိတ်စာကို တိုက်ရိုက်ယူပြီး တံခါးစောင့်ဆီသို့ လျှောက်သွားကာ ပြောလိုက်သည်။

"ငါအခု ဝင်လို့ရပြီ မဟုတ်လား"

ကျန်းချန်၏ အံ့ဩစရာကောင်းသော လုပ်ရပ်သည် ပတ်ဝန်းကျင်မှ လူတိုင်း၏ မျက်လုံးများကို ကျွတ်ကျလုနီးပါး ဖြစ်သွားစေခဲ့သည်။

သူတို့ရှေ့မှ ကောင်လေးသည် တန်မိသားစုမှ တန်ရှို့မင်ကို ရိုက်နှက်ပြီး တန်ရှို့မင်ဆီက ဖိတ်စာကို လုယူလိုက်သည်။

ထို့အပြင် လုယူထားသော ဖိတ်စာဖြင့် တတိယမင်းသား၏ အိမ်တော်သို့ဝင်ရန် လုပ်ဆောင်နေ၏။

"ဒီလုပ်ဆောင်ချက်က တကယ်ကို သောက်ရမ်း ကြမ်းတာပဲ"

"ဒီက သခင်လေးက တတိယမင်းသား ဖိတ်ကြားထားတဲ့ ဧည့်သည်ကို ရိုက်နှက်ပြီး ဖိတ်စာကို လုယူခဲ့တယ်.. တတိယမင်းသားကို မျက်လုံးထဲ မထည့်တာလား"

အစောင့်က သူ့ရှေ့မှ ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

"ငါက တတိယမင်းသား ဖိတ်ကြားထားတဲ့ အထူးဧည့်သည်လို့ ပြောခဲ့ပြီးပြီ.. ဒါတောင် မင်းက ငါ့ကို ဖိတ်စာ အတင်းအကျပ် ပြခိုင်းတယ်"

"အခု ဖိတ်စာကို ရလို့ မင်းကို ပြခဲ့ပေမဲ့လည်း မင်းက ငါ့ကို ဝင်ခွင့်မပြုခဲ့ဘူး"

"အဲဒီလိုဆိုမှတော့ မင်းတို့ တတိယမင်းသားရဲ့ ဧည့်ခံပွဲကို ငါမတက်ရောက်တော့ဘူး"

ပြောပြောဆိုဆို ကျန်းချန်က သူ့လက်ထဲမှ ဖိတ်စာကို ပစ်ချလိုက်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ လှည့်ထွက်သွားလိုက်သည်။

အခန်း(၁၇၁) ပြီး၏

All Chapters