အခန်း (၁၇၂)
Vol. 12 Ch. 172
"ကောင်လေး ရပ်လိုက်စမ်း"
"မင်းက တတိယမင်းသားရဲ့ အိမ်တော်တံခါးဝ လူမြင်ကွင်းမှာ တတိယမင်းသားရဲ့ ဧည့်သည်တွေကို ဒဏ်ရာရစေတယ်.. ငါက မင်းကို ဘယ်လိုလုပ် လွယ်လွယ်ကူကူ ထွက်သွားခွင့်ပြုနိုင်မှာလဲ"
"ညီအစ်ကိုတို့.. သူ့ကို ဖမ်းကြစမ်း"
အစောင့်ခေါင်းဆောင်က အော်ဟစ် အမိန့်ပေးလိုက်သည်နှင့် နအိမ်တော် အ၀င်ဝတွင်ရှိနေသည့် အစောင့် ခုနစ်ယောက်၊ ရှစ်ယောက်သည် ချက်ချင်း ပြေးတက်လာပြီး ကျန်းချန်ကို အလယ်တွင် ဝိုင်းရံထားလိုက်သည်။
"တတိယမင်းသားရဲ့ အိမ်တော်က ဘာမို့လိုလဲ.. ငါ သွားချင်သွားမယ်.. လာချင်လာမယ်.. မင်းတို့ ဝင်ရောက် စွက်ဖက်စရာ မလိုဘူး"
ကျန်းချန်၏ မျက်နှာထားက အေးစက်သွားသည်။
"ငါ့နားကနေ ဖယ်ကြစမ်း"
"ဟမ့်.. တတိယမင်းသားရဲ့ အိမ်တော်ရှေ့မှာ မရိုင်းစိုင်းဘဲ မနေနိုင်ဘူးလား"
"အခြေအနေကို နားလည်ရင် လိမ်လိမ်မာမာ အဖမ်းခံလိုက်"
"မဟုတ်ရင်တော့ မင်းကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်ဆိုပြီး ငါတို့ကို အပြစ်မတင်နဲ့"
အစောင့်ခေါင်းဆောင်က နှာခေါင်းရှုံ့၍ အေးစက်စွာ ပြောကာကျန်းချန်ကို စူးစိုက် ကြည့်လိုက်သည်။
"ကောင်းတယ် သိပ်ကောင်းတယ်"
"မင်းတို့က ငါ့ကို ပေးလည်းမဝင်ဘူး.. ထွက်သွားခွင့်လည်း မပြုဘူးဆိုမှတော့ ငါက တတိယမင်းသားရဲ့ အိမ်တော်ထဲကို ဖောက်ဝင်ရုံပဲ ရှိတော့တယ်"
"ပြီးရင် ညစာစားပွဲဆီ ငါ့ကို ဖိတ်ကြားပြီး ဘာလို့ဝင်ခွင့်မပြုတာလဲဆိုတာ တတိယမင်းသားကို မေးရမယ်"
ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။
သူ့တစ်ကိုယ်လုံးတွင် ချက်ချင်းဆိုသလို သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာခဲ့သည်။
"အားလုံး ရပ်လိုက်ကြစမ်း"
ကျန်းချန်နှင့် ပတ်ဝန်းကျင်မှ အစောင့် ခုနစ်ယောက် တိုက်ခိုက်တော့မည့် အချိန်တွင် အိမ်တော်ထဲကနေ သြဇာလွှမ်းမိုးသော အော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
လူတိုင်းက လှည့်ကြည့်လိုက်ရာ အိမ်တော်ထဲကနေ ထွက်လာသည့် တတိယမင်းသားရှားရွှယ်ကို မြင်လိုက်ရသည်။
"တတိယမင်းသားကို ဂါရဝပြုပါတယ်"
အစောင့် ခုနစ်ယောက်က တတိယမင်းသား ရောက်လာသည်ကို မြင်လျှင် ပျာပျာသလဲ အရိုအသေပေးလိုက်ကြ၏။
ရှားရွှယ်က သူ့လက်ကို ဝှေ့ယမ်းကာ ၎င်းတို့ကို ထွက်သွားရန် အချက်ပြလိုက်သည်။
ထို့နောက် သူက ကျန်းချန်ဆီ တိုက်ရိုက် လျှောက်သွားပြီး တောင်းပန်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"ညီလေး ကျန်းချန်.. အဲဒီနေ့က ငါပေါ့ဆမိပြီး ဖိတ်စာပေးဖို့ မေ့သွားခဲ့တယ်.. ညီလေးကျန်းချန် စိတ်မခုဖို့ မျှော်လင့်ပါတယ်"
"ဘယ်လို"
တတိယမင်းသားရှားရွှယ်က ကျန်းချန်ကို ယဉ်ကျေးသော အမူအရာဖြင့် ဆက်ဆံသည်ကို မြင်လျှင် လူတိုင်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး မယုံကြည်နိုင်သော အကြည့်များကို ထုတ်ဖော်ပြသခဲ့ကြသည်။
"ဒီကောင်လေးက ဘယ်သူလဲ.. ဘာလို့ ဒီလောက်ထိ မောက်မာရတာလဲ"
"ငါ့သိရသလောက် မဟာရှားနိုင်ငံရဲ့ အင်အားစုကြီး ခြောက်ခုရဲ့ လူငယ်မျိုးဆက်တွေထဲမှာတောင် ရှားရွှယ်ကို ဒီလောက်ထိ ယဉ်ကျေးအောင် လုပ်နိုင်တဲ့သူ အနည်းငယ်လောက်ပဲ ရှိတယ်"
"တတိယမင်သားက သူ့ကို ညစာစားပွဲဆီ တကယ်ပဲ ဖိတ်ခေါ်နေတာလား"
"ဒါဆိုရင် ညစာစားပွဲမှာ ငါမရှိရင် သူရှိမယ်...သူရှိရင် ငါမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပါရစေ"
ထိုအချိန်တွင် တန်ရှို့မင်၏ ဒေါသတကြီး ပြောဆိုလိုက်သော အသံက ချက်ချင်း ထွက်ပေါ်လာသည်။
ရှားရွှယ်က ခဏမျှ မှင်တက်သွားပြီးမှ တန်ရှို့မင်ဘက်သို့ လှကြည့်ကာ အံ့အားသင့်စွာ မေးလိုက်သည်။
"ညီလေးတန်.. မင်း မျက်နှာက ဘယ်လိုဖြစ်နေတာလဲ"
တန်ရှို့မင်က အံကြိတ်ကာ ကျန်းချန်ကို ညွှန်ပြ၍ ပြောလိုက်သည်။
"ငါဘာလို့ ဒီလိုဖြစ်ရတာလဲ သိချင်ရင် မင်းကိုယ်တိုင် သူ့ကို မေးကြည့်လိုက်"
"အမှန်ပဲ.. ငါက သူ့နဲ့ ကိုယ်ရေးကိုယ်တာ မကျေလည်မှုတချို့ ရှိခဲ့လို့ သူ့ကို သင်ခန်းစာ ပေးလိုက်တယ်"
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"တတိယမင်းသား ဆုံးဖြတ်ဖို့ အခက်တွေ့နေရင် ညစာစားပွဲကို မတက်ရောက်ဘဲ ငါအခု ထွက်သွားပေးပါ့မယ်"
"ညီနောင် ကျန်းချန်၊ ခဏလေးနေပါဦး"
ရှားရွှယ်က လှည့်ထွက်သွားတော့မည့် ကျန်းချန်ကို အလျင်အမြန် တားလိုက်သည်။
ထို့နောက် သူက တန်ရှို့မင်ကို နောက်တစ်ကြိမ် လှမ်းကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်စလုံးက ငါ ဒီကို ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တွေပဲ.. ညီနောင်တန်.. မင်းငါ့ကို မျက်နှာသာပေးပြီး ဒီနေ့ကိစ္စကို ဒီမှာပဲ အဆုံးသတ်ပေးနိုင်မလား"
သူ့ရှေ့မှ လူနှစ်ယောက်သည် သူ့အတွက် အလွန် အရေးကြီး၏။
တစ်ယောက်က တန်မိသားစု၏ လူငယ်မျိုးဆက်ထဲတွင် အဓိက ပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်ပြီး တန်မိသားစုကို အတိုင်းအတာ တစ်ခုအထိ ကိုယ်စားပြုနိုင်၏။
နောက်တစ်ယောက်ကမူ လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမ၏ ရွှေတံဆိပ်ပြားကိုရရှိထားပြီး လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲနှင့် အဆင့်အတန်းချင်း တူညီသောသူ တစ်ယောက် ဖြစ်သည်။
သူသာ ထိုနှစ်ယောက်၏ အကူအညီကို ရနိုင်လျှင် အိမ်ရှေ့စံမင်းသား ရာထူးကို သိမ်းပိုက်ရာတွင် အကျိုးကျေးဇူး အများအပြား ရရှိမည်မှာ သေချာ၏။
"ဒီမှာပဲ အဆုံးသတ်ရမယ် ဟုတ်လား.. ဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
တန်ရှို့မင်က မုန်းတီးမှုများ ပြည့်နှက်နေသော အမူအရာဖြင့် ပြောလိုက်သည်။
"တတိယမင်းသား.. မင်း ဒီည သူ့ကို ညစာစားပွဲ တက်ခွင့်ပေးမယ်ဆိုရင် ငါတန်ရှို့မင် မင်းရဲ့အိမ်တော်ထဲကို ဘယ်တော့မှ ခြေမချတော့ဘူး"
အခန်း(၁၇၂) ပြီး၏