← Chapters

အခန်း (၁၇၃)

Vol. 12 Ch. 173

အခန်း (၁၇၃)

Vol. 12 Ch. 173

"ညီနောင်တန်.. မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား"

ရှားရွှယ်၏ မျက်နှာထက်တွင် ရုတ်တရက် အနည်းငယ် မနှစ်မြို့သော အမူအရာ ဖြစ်ပေါ်လာသည်။

မဟာရှားနိုင်ငံ၏ တတိယမင်းသား အနေဖြင့် ရှားရွှယ်သည် အလွန်မာနကြီးသော မင်းသားတစ်ပါး ဖြစ်သည်။

သူက အိမ်ရှေ့စံ မင်းသား ရာထူးအတွက် အင်အား များစွာစုစည်းနိုင်ရန် မျှော်လင့်ထားသော်လည်း ထိုအတွက် ဘယ်တော့မှ ခြိမ်းခြောက်ခံမည်တော့ မဟုတ်ပေ။

"တတိယမင်းသား စိတ်မဆိုးပါနဲ့.. ကျွန်တော့်မှာ မင်းသားကို ခြိမ်းခြောက်ဖို့ သတ္တိမရှိပါဘူး"

တန်ရှို့မင်က အေးစက်စက် ပြောလိုက်သည်။

"ကျွန်တော်က အချက်အလက် တစ်ခုကို ဖော်ပြရုံပါ"

ထိုစကားကို ကြားလျှင် ရှားရွှယ်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခုက လင်းလက်သွား၏။

ထို့နောက် သူက ပေါ့ပါးစွာ ပြောလိုက်သည်။

"ညီနောင်တန်က ငါ့အိမ်တော်ထဲကို မဝင်ချင်ဘူးဆိုမှတော့ ငါအတင်းအကျပ် မဖိတ်တော့ပါဘူး"

တန်ရှို့မင်က တနိမိသားစု၏ လူငယ်မျိုးဆက်တွင် အဓိကကျသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သော်လည်း ကျန်းချန်၏ အထောက်အထားသည် တန်ရှို့မင်ထက် မဆိုးဝါးပေ။

ကျန်းချန်သည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံး ရွှေတံဆိပ်ပြားကို ရရှိထားပြီး လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲနှင့် အဆင့်အတန်းချင်း တူညီသောသူ တစ်ယောက် ဖြစ်သည်။

သို့ဖြစ်ရာ ရှားရွှယ် အနေဖြင့် တန်ရှို့မင်၏ ခြိမ်းခြောက်မှုကြောင့် ကျန်းချန်ကို အဘယ်ကဲ့သို့ မောင်းထုတ်နိုင်ပါမည်နည်း။

တန်ရှို့မင်နှင့် ကျန်းချန်တို့ထဲတွင် တစ်ယောက်ကိုသာ မိတ်ဆွေအဖြစ် ရွေးချယ်ရမည်ဆိုလျှင် ရှားရွှယ်သည် ကျန်းချန်ကို ရွေးချယ်ရန် ဝန်လေးနေမည် မဟုတ်ပေ။

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏အကြီးအကဲ ယွဲ့ယန်ကျိုးသည် ထက်မြက်သောအမြင် ရှိသောသူဖြစ်၏။

ယွဲ့ယန်ကျိုးဆီက အမြင့်ဆုံး ရွှေတံဆိပ်ပြားကို ရယူချင်သည့် စွဲမက်ဖွယ်ကောင်းသော ပါရမီရှင် အများအပြား ရှိခဲ့ဖူးသော်လည်း ယွဲ့ယန်ကျိုးသည် မည်သူ့ကိုမှ မပေးအပ်ခဲ့ပေ။

သို့သော် အဆုံးသတ်တွင် ယွဲ့ယန်ကျိုးသည် သူ့ရှေ့မှ ကျန်းချန်ဟု ခေါ်သည့် လူငယ်ကို ရွှေအမိန့်ပြား ပေးအပ်ခဲ့၏။

ကျန်းချန်ကို ယွဲ့ယန်ကျိုးကပင် မျက်နှာသာပေးနေသည်ဖြစ်၍ ၎င်းက သာမန်လူ တစ်ယောက် မဟုတ်ဟု ရှားရွှယ်က ယုံကြည်ခဲ့သည်။

"ကောင်းတယ်.. သိပ်ကောင်းတယ်"

"တတိယမင်းသား.. မင်းက ရွေးချယ်မှု လုပ်ပြီးပြီဆိုမှတော့ ငါ ထွက်သွားပါ့မယ်"

ရှားရွှယ်က ကျန်းချန် ဘေးတွင် ရပ်တည်ရန် ရွေးချယ်လိုက်သည်ကို မြင်လျှင် တန်ရှို့မင်သည် သူ၏ မျက်နှာအမူအရာကို ရုတ်တရက် မထိန်းချုပ်နိုင်တော့ပေ။

သူက မထီမဲ့မြင် ရယ်မောလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။

ရှားရွှယ်က ဘာအမူအရာမှ ထူးထူးခြားခြား ဖြစ်မနေခဲ့ပေ။

ထိုထက်ရှင်းအောင်ပြောရလျှင် သူသည် တန်ရှို့မင်ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။

သူက ကျန်းချန်ကို ဖော်ရွေသော အမူအရာဖြင့် ပြုံးကာ ပြောလိုက်သည်။

"ညီနောင် ကျန်းချန်.. အိမ်တော်ထဲကို သွားကြရအောင်"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ရှားရွှယ်နှင့်အတူ အိမ်တော်ထဲသို့ လျှောက်ဝင်သွားခဲ့သည်။

တခဏအတွင်း ရှားရွှယ်သည် ကျန်းချန်ကို မီတာရာနှင့်ချီ ကျယ်ဝန်းသော ခန်းမတစ်ခုဆီသို့ ခေါ်လာခဲ့၏။

ခန်းမထဲမှာ လှပစွာ ထွင်းထုထားတဲ့ စန္ဒကူးနီ စားပွဲ အများအပြား ရှိနေသည်။

ထိုစားပွဲများကို အဆင့်အတန်းအလိုက် စီစဥ်ကာ ခန်းမတစ်ခုလုံးတွင် ခင်းကျင်းထား၏။

သူတို့ရောက်လာသောအခါတွင် စားပွဲအများစုသည် ဧည့်သည်များနှင့် ပြည့်နေပြီ ဖြစ်သည်။

"ညီနောင် ကျန်းချန်.. ဒီမှာထိုင်ပါ"

ရှားရွှယ်သည် မူလက တန်ရှို့မင်အတွက် စီစဥ်ထားသောနေရာတွင် ကျန်းချန်ကို ထိုင်ရန် ကိုယ်တိုင် စီစဉ်ပေးလိုက်၏။

ထိုမြင်ကွင်းကိုမြင်လျှင် ချက်ချင်းဆိုသလို ခန်းမထဲရှိ လူတိုင်း၏ အကြည့်များသည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကြသည်။

ယေဘုယျအားဖြင့် ဤကဲ့သို့ ဧည့်ခံပွဲမျိုးသည် ရာထူးမြင့်လေ.. အဆင့်အတန်းမြင့်သောနေရာတွင် နေရာရလေ ဖြစ်၏။

ထို့ကြောင့် အဆင့်အတန်းအမြင့်ဆုံး ထိုင်ခုံလေးခုသည် အင်ပါယာမြို့တော်၏ အဓိက မိသားစု လေးခုမှ လူငယ်ပါရမီရှင်များ အတွက် ပြင်ဆင်ထားသည်ကို လူတိုင်းက သိထားကြသည်။

သို့ရာတွင် သူတို့ရှေ့မှ ထူးဆန်းသည့် ကောင်လေးကို တတိယမင်းသား ကိုယ်တိုင် အဆင့်အတန်း အမြင့်ဆုံးထိုင်ခုံတွင် နေရာချပေးလိုက်သည်ကို မြင်လျှင် သူတို့ မဆွေးနွေးဘဲ မနေနိုင်ကြတော့ပေ။

"ဒီကောင်လေးက ဘယ်သူလဲ.. ပုံစံကိုကြည့်ရတာ နည်းနည်း မောက်မာပုံရတယ်"

"ဟုတ်ပါ့ကွာ.. သူ့ကို တတိယမင်းသားက ကိုယ်တိုင် ကြိုဆိုခဲ့တဲ့အပြင် အဆင့်မြင့်ဆုံး ထိုင်ခုံမှာတောင် ထားပေးခဲ့တယ်"

"ဒီကောင်လေးက အဓိက မိသားစု လေးခုရဲ့ အဖွဲ့ဝင်တစ်ယောက်နဲ့လည်း တူပုံမရဘူး.. အင်ပါယာမြို့တော်မှာ ဒီလောက် ကြီးကျယ်တဲ့ လူတစ်ယောက် ဘယ်တုန်းက ပေါ်လာတာပါလိမ့်"

လူတိုင်းက ကျန်းချန်ကို ကြည့်ပြီး ဆွေးနွေးနေကြသည့်အချိန်တွင် ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် လက်ဖက်ရည်ကို မြည်းစမ်းကာ ညစာစားပွဲ စတင်မည်ကို စောင့်ဆိုင်းနေခဲ့သည်။

မကြာခင်မှာပင် ညစာစားပွဲကို ဖိတ်ကြားထားသော လူအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏။

သိပ်မကြာခင် ကျန်းချန် စောင့်ဆိုင်းနေသည့် မုန့်ချင်းရွှယ်သည် ခန်းမထဲရှိ မရေမတွက်နိုင်သော အကြည့်များ အောက်မှာပင် ခန်းမအပြင်ဘက်ကနေ ဖြည်းဖြည်းချင်း လျှောက်ဝင်လာခဲ့သည်။

အခန်း(၁၇၃) ပြီး၏

All Chapters