အခန်း (၁၇၄)
Vol. 12 Ch. 174
"ဒါက မုန့်မိသားစုက မုန့်ချင်းရွှယ် မဟုတ်လား"
"မုန့်ချင်းရွှယ်က မုန့်မိသားစုကို ပြန်ရောက်ပြီးနောက်မှာ သူ့ရဲ့ အင်အားက ရုတ်တရက် တိုးတက်လာပြီး မူလဘူတ နယ်ပယ်အဆင့်ကို ဖောက်ထွက်သွားပြီလို့ ပြောကြတယ်"
"တော်တော်ကောင်းတဲ့ ပါရမီပါလား.. အသက် ၁၆ နှစ်အရွယ် မူလဘူတ အဆင့် ကျင့်ကြံသူ၊ သူက အင်ပါယာမြို့တော်ရဲ့ပါရမီရှင် အလှဘုရင်မလေး ဖြစ်ဖို့ ထိုက်တန်ပါပေတယ်"
မုန့်ချင်းရွှယ်က ခန်းမထဲတွင် ပေါ်လာသည်ကို မြင်လျှင် ခန်းမထဲ၌ ချီးကျူးသံများ ထွက်ပေါ်လာခဲ့၏။
"မိန်းကလေးမုန့် ဒီကို လာတာက ရှားရွှယ်ရဲ့ အိမ်တော်ကို တကယ် ဂုဏ်တက်စေပါတယ်... ကြွပါ မိန်းကလေးမုန့်"
ရှားရွှယ်က မုန့်ချင်းရွှယ် ခန်းမထဲ လျှောက်ဝင်လာသည်ကို မြင်လျှင် ကျန်းချန်တို့ ထိုင်ခုံဆီသို့ အလျင်အမြန် ခေါ်ဆောင်သွားခဲ့သည်။
"တတိယမင်းသားက အားနာလွန်းနေပါပြီ"
မုန့်ချင်းရွှယ်က တိုးညှင်းစွာ ပြန်ဖြေပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
ရုတ်တရက် မုန့်ချင်းရွှယ်သည် သူမ၏ ဘယ်ဘက်တွင် သူမကို စိုက်ကြည့်နေတဲ့ အကြည့်တစ်ခု ရှိနေသလို ခံစားလိုက်ရ၍ ခေါင်းလှည့်၍ ကြည့်လိုက်၏။
သူမက မျက်စောင်းထိုးနေရာတွင် ထိုင်နေသည့် ကျန်းချန်ကို မြင်လျှင် သူမ၏ လှပသော မျက်ဝန်းထဲ၌ အံ့အားသင့်သော အကြည့်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ကျန်းချန်က အင်ပါယာမြို့တော်ကို ကြိုရောက်လာမည်ဟု မုန့်ချင်းရွှယ် ထင်မထားခဲ့ပေ။
ထို့အပြင်ကျန်းချန်သည် တတိယမင်းသား ရှားရွှယ် ကျင်းပသည့် ညစာစားပွဲကို လာပြီး အထူး ဧည့်သည်အဖြစ် သတ်မှတ်ထားသည့် နေရာတွင် ထိုင်နေခဲ့သည်။
ကျန်းချန် ထွက်ပေါ်လာမှုကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း ဤအချိန်တွင် မုန့်ချင်းရွှယ်သည် ကျန်းချန်ဆီ နှုတ်ဆက်ဖို့ မသွားခဲ့ပေ။
"အားလုံးပဲ ဒီမင်းသားကို မျက်နှာသာပေးပြီး ဧည့်ခံပွဲကို တက်ရောက်ပေးကြလို့ အရမ်းပဲ ကျေးဇူးတင်ပါတယ်"
"နောက်တစ်ချက်အနေနဲ့ လူငယ်ပါရမီရှင် လေးယောက်နဲ့ မိတ်ဆက်ပေးပါရစေ"
ရှားရွှယ်က ပြုံးရွှင်စွာ ပြောလိုက်သည်။
သူ၏ အမူအရာက တည်ငြိမ်မှုရှိပြီး နန်းမူနန်းရာ လွှမ်းမိုးသော အမူအရာကို ထုတ်ဖော်ပြသနေ၏။
သူက ညာဘက်ခြမ်းမှ မုန့်ချင်းရွှယ်ကို အရင်ဦးဆုံး ညွှန်ပြ၍ ပြုံးကာ ပြောလိုက်သည်။
"ဒီမိန်းကလေးကိုတော့ မိတ်ဆက်ပေးဖို့ မလိုဘူးလို့ ငါထင်တယ်.. သူမက အင်ပါယာမြို့တော်က ငါတို့ရဲ့ ပါရမီရှင် အလှဘုရင်မလေး မုန့်ချင်းရွှယ်ပါ"
"ဒီက ညီနောင်ကတော့ ကုန်းမိသားစုက အစီအရင် ပါရမီရှင် ကုန်းချီပါ.. အသက် ၁၇ နှစ်ပဲ ရှိသေးပေမယ့် တတိယအဆင့် အစီအရင်သခင် ဖြစ်နေပါပြီ"
မုန့်ချင်းရွှယ်ကို မိတ်ဆက်ပေးပြီးနောက်တွင် ရှားရွှယ်သည် မုန့်ချင်းရွှယ် ဘေးရှိ တာအိုဝတ်ရုံ ဝတ်ထားသည့် လူငယ်တစ်ယောက်ကို ညွှန်ပြကာ ပြုံး၍ ပြောလိုက်သည်။
"ဒါ့အပြင် ညီနောင်ကုန်းချီက စတုတ္ထအဆင့်ကို ဖောက်ထွက်တော့မယ်လို့ သိရတယ်"
"တတိယမင်းသားက ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ"
ကုန်းချီက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"စတုတ္ထအဆင့် အစီအရင်သခင် ဖြစ်ဖို့က ဘယ်လိုလုပ် လွယ်ကူမှာလဲ အရှင်မင်းသား"
"ညီနောင် ကုန်းချီ.. ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်ထိ မနှိမ့်ချပါနဲ့"
ရှားရွှယ်က ပြုံး၍ပြောလိုက်ပြီး ကုန်းချီဘေးမှ ကောင်လေးတစ်ယောက်ကို ညွှန်ပြကာ ပြောလိုက်သည်။
"ဒီက ညီနောင်ကတော့ ခုန်းမိသားစုရဲ့ ပါရမီရှင် သားရဲသခင် ခုန်းလွေ့ပါ.. သူက အသက် ၁၇ နှစ်ပဲ ရှိသေးပေမဲ့ တတိယအဆင့် သားရဲသခင် ဖြစ်နေပါပြီ"
"နောက်ဆုံး မိတ်ဆက်ပေးချင်တဲ့ ဒီက ညီနောင် ကျန်းချန်ကတော့ လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမကပါ"
ရှားရွှမ်၏ အကြည့်က နောက်ဆုံးတွင် ကျန်းချန်ပေါ်၌ ရပ်တန့်သွားခဲ့သည်။
သူက အကျဉ်းချုပ် မိတ်ဆက်ရုံသာ ပြုလုပ်ခဲ့သည်။
သို့တိုင် ရှားရွှယ်၏ မိတ်ဆက်ပေးမှုကိုကြားလျှင် ခန်းမထဲရှိ လူတိုင်းသည် ထူးဆန်းသော အကြည့်ကို မပြသဘဲ မနေနိုင်ကြပေ။
သူတို့သိထားသလောက် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမသည် အင်အားကြီးပြီး ချမ်းသာကြွယ်ဝသော အဖွဲ့အစည်း ဖြစ်သည်။
သို့သော် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမသည် တော်ဝင်မိသားစု၏ အာဏာလု တိုက်ပွဲများတွင် ဘယ်သောအခါမှ မပါဝင်ခဲ့ပေ။
သို့ဆိုလျှင် ဤတစ်ခေါက်၌ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမသည် တတိယမင်းသား၏ ညစာစားပွဲကို အဘယ်ကြောင့် ကိုယ်စားလှယ်တစ်ဦး စေလွှတ်လိုက်ပါသနည်း။
ဖြစ်နိုင်သည်မှာ တတိယမင်းသားသည် လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမကို စည်းရုံးနိုင်ခဲ့ပါသလော။
"မင်းသားကြီး ကြွချီလာပြီ"
လူတိုင်းက ကျန်းချန်၏ အထောက်အထားကို အံ့အားသင့်နေသောအချိန်မှာပင် ခန်းမတံခါးကနေ အော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"မင်းသားကြီးလား... သူက ဘယ်လိုလုပ် ရောက်လာတာလဲ"
တံခါးဝမှ အော်သံကို ကြားလျှင် ခန်းမထဲရှိ လူတိုင်းသည် အံ့အားသင့်သွားကြ၏။
"မင်းသားကြီး ရှားလင်းက မဟာရှားနိုင်ငံရဲ့ မင်းသားတွေထဲမှာ အင်အားအကြီးဆုံး မင်းသားတွေထဲက တစ်ယောက်ပဲ"
"သူက အိမ်ရှေ့စံ ရာထူးအတွက် ယှဉ်ပြိုင်နေတဲ့ တတိယမင်းသားရဲ့ အကြီးဆုံး ပြိုင်ဘက်ပဲ"
"အခု မင်းသားကြီးက တတိယမင်းသား ကျင်းပတဲ့ ဧည့်ခံပွဲမှာ ရုတ်တရက် ပေါ်လာတာ ဆိုတော့ သူ့မှာ ရည်ရွယ်ချက်ကောင်းမရှိတာ သေချာတယ်"
အခန်း(၁၇၄) ပြီး၏။