အခန်း (၁၇၅)
Vol. 12 Ch. 175
"တတိယညီတော်က ညစာစားပွဲ ကျင်းပနေတယ်လို့ ကြားတယ်.. ဒီက အစ်ကိုကြီးက ဖိတ်ကြားခြင်းမရှိဘဲ လာတာဆိုတော့ တတိယညီတော်က ကြိုဆိုရဲ့လား မသိဘူး"
လူတိုင်းက မင်းသားကြီး ရောက်လာသည်ကို အံ့အားသင့်နေသည့်အချိန်မှာ ကျယ်လောင်သော အသံတစ်သံသည် အပြင်ကနေ ရုတ်တရက် ဝင်လာခဲ့သည်။
မကြာခင်မှာပင် ရုပ်ရည်ချောမောပြီး သာမန်ထက် ထူးခြားသော အရှိန်အဝါရှိသည့် အသက် ၂၅ နှစ်၊ ၂၆ နှစ်ခန့် လူငယ်တစ်ယောက်သည် အိမ်တော်ထဲသို့ ပြုံးရွှင်စွာ လျှောက်ဝင်လာသည်ကို အားလုံးက မြင်လိုက်ရ၏။
ရှားရွှယ်က သူ့ထိုင်ခုံကနေ အမြန်ထပြီး မင်းသားကြီးကို ကြိုဆိုလိုက်သည်။
သူက ရှားလင်းကို အပြုံးတစ်ပွင့်နှင့်အတူ ကြည့်လိုက်၏။
"ညီတော်က ညစာစားပွဲ ကျင်းပနေတာပါ.. အခုလို အစ်ကိုတော် တက်ရောက်လာတာ ညီတော့် အတွက် ဂုဏ်ယူစရာပါပဲ"
ရှားရွှယ်က လူအများ၏ နှလုံးသားကို သိမ်းပိုက်ရန်နှင့် အိမ်ရှေ့စံ မင်းသားရာထူး တိုက်ပွဲ အတွက် ပြင်ဆင်ရန် ဤဧည့်ခံပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
သို့သော် မင်းသားကြီး ရှားလင်းသည် အချိန်ကိုက်ပင် ရုတ်တရက် ပေါ်လာခဲ့သည်။
သူ့အစ်ကိုတော်က တမင်တကာ ရောက်လာသည်မှာ တွေးနေစရာပင် မလိုအပ်ပေ။
သို့သော် ရှားလင်း၏ ရည်ရွယ်ချက်ကို သိရလျှင်ပင် ရှားရွှယ်၏ အမူအရာသည် အရင်အတိုင်းသာ ရှိနေပြီး မျက်နှာပေါ်တွင် တောက်ပသော အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။
"ဟားဟား.. တတိယညီတော်က ဧည့်ခံပွဲ ကျင်းပတာ ရှားရှားပါးပါးပဲလေ.. ဒီအစ်ကိုတော်က ဘယ်လိုလုပ်ပြီး မတက်ရောက်ရမှာလဲ"
ရှားလင်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ဒီတစ်ခေါက် ငါက တတိယညီတော်အတွက် ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက်ကိုပါ ခေါ်လာခဲ့တယ်"
"အစ်ကိုတော် ခေါ်လာတဲ့ ဧည့်သည်က ဘယ်သူလဲ သိပါရစေ"
ရှားရွှယ်က ပြုံး၍ မေးလိုက်သည်။
"ညီနောင်ယန်.. တတိယညီတော်ကို တွေ့ဖို့ အခုထိ မဝင်လာသေးဘူးလား"
ရှားလင်းက ကိုယ်ကိုလှည့်၍ ခန်းမအ၀င်ဝသို့ အော်ပြောလိုက်သည်။
ရှားလင်း၏ စကားသံ ဆုံးသည်နှင့် ခန်းမထဲရှိ လူတိုင်းသည် ခန်းမအဝင်ဝသို့ လှည့်ကြည့်မနေဘဲ မနေနိုင်ခဲ့ကြပေ။
မကြာခင်မှာပင် အဂ္ဂိရတ်သခင် ၀တ်ရုံကို ၀တ်ထားသော အသက် ၁၅ နှစ်၊ ၁၆ နှစ်ခန့်ရှိသည့် ဆယ်ကျော်သက် တစ်ယောက် လျှောက်ဝင်လာသည်ကို မြင်လိုက်ရသည်။
ထိုဆယ်ကျော်သက်က သာမန်ရုပ်ရည်သာ ရှိပြီး ခန္ဓာကိုယ်သေးသွယ်၏။
သို့သော် လူတိုင်းသည် ကောင်လေး၏ ရင်ဘတ်ပေါ်မှ တတိယအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို မြင်လျှင် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားကြသည်။
အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် တတိယအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်။
အဂ္ဂိရတ်ပညာရပ်ဖြင့် နာမည်ကြီးသည့် တန်မိသားစုမှာပင် ဤကဲ့သို့ ပါရမီရှင်တစ်ယောက် မရှိလောက်ပေ။
သူတို့ရှေ့မှ လူငယ်လေး၏ အဂ္ဂိရတ်ပညာ ပါရမီသည် အလွန်ပင် ကြောက်စရာကောင်းနေ၏။
"တတိယညီတော်.. မင်းကို မိတ်ဆက်ပေးပါရစေ.. ဒါက ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖန်းယုံနျန်ရဲ့ တပည့်ရင်းတစ်ယော် ဖြစ်တဲ့ ညီနောင်ယန်ဖျင်ပဲ"
"ညီနောင်ယန်ဖျင်က အသက် ၁၆ နှစ်မှာ တတိယအဆင့် အဂ္ဂိရတ်သခင်အဖြစ် ဖောက်ထွက်ပြီး တန်မိသားစုရဲ့ သခင်လေးတင်ထားတဲ့ စံချိန်ကို ချိုးဖျက်ပြီး မဟာရှားနိုင်ငံရဲ့ နှစ်ပေါင်းရာချီ သမိုင်းမှာ အသက်အငယ်ဆုံး တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာတယ်"
မင်းသားကြီး ရှားလင်းက ပြုံး၍ ပြောလိုက်သည်။
သူ့မျက်လုံးထဲတွင် အောင်နိုင်သူ၏ အမူအရာကို ဖုံးကွယ်မထားခဲ့ပေ။
အသက် ၁၆ နှစ်အရွယ် တတိယအဆင့် အဂ္ဂိရတ်သခင်၊
ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဆရာဖန်းယုံနျန်ရဲ့ တပည့်ရင်း။
ရှားလင်း၏ မိတ်ဆက်ပေးမှုကို ကြားလျှင် ခန်းမထဲရှိ လူတိုင်း၏ မျက်နှာအမူအရာများသာ ရုတ်တရက် ပြောင်းလဲသွားခြင်း မဟုတ်ဘဲ ရှားရွှယ်၏ မျက်လုံးမှာပင် လေးနက်သည့် အမူအရာတစ်ခု လင်းလက်သွားခဲ့သည်။
ဤဧည့်ခံပွဲက သူ၏ အစ်ကိုကြီးကြောင့် ရည်ရွယ်ချက်အထမြောက်ဖို့ မလွယ်တော့ပေ။
သူ့အစ်ကိုတော်က မဟာရှားနိုင်ငံ၏ အိမ်ရှေ့စံရာထူး အတွက် သူနှင့် ယှဉ်ပြိုင်ဖို့ အရည်အချင်းအရှိဆုံး ကိုယ်စားလှယ်လောင်း ဖြစ်ရန် ထိုက်တန်၏။
သူမှန်းဆတာ မမှားလျှင် ရှားလင်းသည် သူ့အိမ်တော်တံခါးဝကနေ တန်ရှို့မင် ဒေါသတကြီး ထွက်သွားသည်ကို သိပြီး အဂ္ဂိရတ် ပါရမီရှင် ယန်ဖျင်ကို တမင်တကာ ခေါ်လာခြင်း ဖြစ်ရပေမည်။
ရှားလင်း၏ ဤတစ်ခေါက် ရည်ရွယ်ချက်သည် လူတိုင်းကို သူက မဟာရှားနိုင်ငံ၊ အင်ပါယာမြို့တော်၏ ကြီးကျယ်သော အဂ္ဂိရတ် ပါရမီရှင် တစ်ယောက်ကို ရရှိခဲ့ပြီး ပဉ္စမအဆင့် အဂ္ဂိရတ်သခင်၏ အထောက်အပံ့ကိုလည်း ရရှိခဲ့သည်ဟု သတိပေးဖို့ထက် မပိုလောက်ပေ။
"ညီနောင်ယန်ဖျင် ကြွပါ.. ဖိတ်ခေါ်ပါတယ်"
ဤလူကို ရှားလင်းက သူ့ကို တိုက်ခိုက်ရန် ခေါ်လာသည်ကို သိလျက်နှင့်ပင် ရှားရွှယ်သည် ယန်ဖျင်ကို ယဉ်ကျေးသော အမူအရာဖြင့် ဆက်ဆံခဲ့၏။
ယန်ဖျင်က ပေါ့ပါးစွာ ခေါင်းညိတ်လိုက်ပြီး ဘယ်ဘက်အကျဆုံးနေရာဖြစ်သည့် ကျန်းချန် ဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ မောက်မာသော အသံသည် ကျန်းချန်၏ နားထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
"ကောင်လေး.. အမြန်ထပြီး ဖယ်ပေးစမ်း.. ဒါကငါ့နေရာပဲ.. ငါ ဒီနေရာမှာ ထိုင်ဖို့ စိတ်ဝင်စားတယ်"
အခန်း(၁၇၅) ပြီး၏