← Chapters

အခန်း (၁၇၇)

Vol. 12 Ch. 177

အခန်း (၁၇၇)

Vol. 12 Ch. 177

မင်းသားကြီး ရှားလင်းသည် ကျန်းချန်ကို စိုက်ကြည့်နေရင်း ခန္ဓာကိုယ်ထဲကနေ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

ဤလူငယ်လေးက ယန်ဖျင်၏ ဂုဏ်သတင်းကို သိပြီးသည့်နောက်မှာပင် ယန်ဖျင်ကို ယခုလိုမျိုး လုပ်ရဲလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

သူ ယန်ဖျင်ကို ခေါ်လာသည်မှာ ရှားရွှယ်ကို အနိုင်ယူဖို့ ဖြစ်သည်။

သို့ရာတွင် ဤကောင်လေးက ယန်ဖျင်ကို ယခုလို နှိပ်စက်နေခြင်းသည် သူ့အတွက် အရှက်ရစရာ ဖြစ်နေခဲ့၏။

ရှားလင်းက ဤအခြေအနေမျိုး မဖြစ်စေချင်ခဲ့ပေ။

ယနေ့ သူက ထိုကောင်လေးကို ကြီးလေးသည့် အဖိုးအခ ပေးဆပ်စေရပေမည်။

"မင်းရဲ့ ခွေးကို ဂရုစိုက်ပါ.. နောင်ကျရင် လူတွေကို ကိုက်ဖို့ လွှတ်မထားတာ အကောင်းဆုံးပဲ"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်ပြီး ယန်ဖျင်ကို ရှားလင်းဆီ လွှင့်ပစ်လိုက်သည်။

ရှားလင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ယန်ဖျင်၏ ခန္ဓာကိုယ်ကို ဆီးဖမ်းရန် လက်ကို အမြန် ဆန့်ထုတ်လိုက်ရ၏။

"ခွေးကောင်.. မင်း ငါ့ကို လုပ်ရဲတယ်လား"

ယန်ဖျင်က ရှားလင်း၏ အကူအညီဖြင့် ကြမ်းပြင်ပေါ်တွင် တည်ငြိမ်စွာ ခြေချနိုင်ပြီးနောက်တွင် ချက်ချင်းဆိုသလို ကျန်းချန်ကို အော်ငေါက်လိုက်သည်။

ယန်ဖျင်က ရူးသွပ်မတတ် ဒေါသထွက်နေခဲ့၏။

သူက မဟာရှားနိုင်ငံ၏ အသက်အငယ်ဆုံး တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်ပြီး ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖန်းယုံနျန်၏ တပည့်လည်း ဖြစ်သည်။

မင်းသားကြီး ရှားလင်းပင် သူ့ကို အလွန် ယဥ်ကျေးစွာ ဆက်ဆံ၏။

သူက ဘယ်နေရာကို သွားသွား လေးစားခံခဲ့ရသည်။

သို့သော် ဤတစ်ခေါက်တွင်မူ ကျန်းချန်သည် သူ့ကို ရိုက်နှက်ရုံတင်မကဘဲ မင်းသားကြီး ဘေးမှ ခွေးတစ်ကောင်အဖြစ် နှိုင်းလိုက်၏။

ငယ်စဥ်ကတည်းက မည်သည့် အရှက်တရားမျိုးမှ မခံစားခဲ့ဖူးသည့် ယန်ဖျင်သည် ဤကဲ့သို့သော အ​ခြေအနေကို မည်သို့ သည်းခံနိုင်ပါအံ့နည်း။

"ကောင်လေး.. မင်းသေစေရမယ်"

ယန်ဖျင်က ကျန်းချန်ကို စူးစိုက်ကြည့်ကာ ရှားလင်းကို ပြောလိုက်သည်။

"အရှင်မင်းသား.. ဒီကောင်လေးကို ကျွန်တော့်အတွက် သတ်ပေးပါ"

"ညီနောင် ယန်ဖျင်.. စိတ်မပူပါနဲ့.. ဒီနေ့ကိစ္စအတွက် ငါ လက်စားချေပေးပါ့မယ်"

မင်းသားကြီး ရှားလင်းက ခေါင်းညိတ်လိုက်၏။

သူက ကျန်းချန်ကို မနှစ်မြို့သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကောင်လေး.. မင်းက ဆရာဖန်းရဲ့ တပည့်ကိုတောင် ရိုက်ရဲမှတော့ သွားသေလိုက်တော့"

ရှားလင်းက အေးစက်စက် ရေရွတ်လိုက်ပြီး လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော မူလဘူတ အဆင့် စွမ်းအင်တစ်ခုက ကျန်းချန်ဆီ ရောက်ရှိလာခဲ့သည်။

သို့သော် ထိုအချိန်တွင် ရှားရွှယ်သည် ချက်ချင်းဆိုသလို ကျန်းချန်ရှေ့၌ ပေါ်လာခဲ့ပြီး ရှားလင်း၏ တိုက်ခိုက်မှုကို လက်ဝါးရိုက်ချက်ဖြင့် ကာကွယ်ပေးလိုက်သည်။

သူက ရှားလင်းကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။

"အစ်ကိုတော်.. ဒီနေ့ တက်ရောက်လာတာက ကျွန်တော် ဖိတ်ထားတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ချည်းပဲ.. အကိုတော်က ကျွန်တော့် ဧည့်သည်တွေကို ဒီလိုမျိုး ဆက်ဆံတာတော့ မဟုတ်သေးဘူး"

"တတိယမင်းသား.. မင်း သေချာစဉ်းစားနော်"

"ငါ့ဆရာက မဟာရှားနိုင်ငံရဲ့ နာမည်ကျော် ပဉ္စမအဆင့် အဂ္ဂိရတ်သခင်"

"ပြီးတော့ ငါကလည်း မဟာရှားနိုင်ငံရဲ့ သမိုင်းမှာ အသက်အငယ်ဆုံး တတိယအဆင့် အဂ္ဂိရတ်သခင်.. မင်း ငါ့ကို တကယ်ပဲ မျက်နှာသာမပေးနိုင်ဘူးလား"

ကျန်းချန်ရှေ့တွင် ရပ်နေသည့် ရှားရွှယ်ကို ကြည့်ကာ ယန်ဖျင်က အော်ဟစ် ပြောဆိုလိုက်သည်။

"ဟားဟား.. မင်း ခဏခဏကြွားနေတာ မရှက်ဘူးလား"

"အသက်ဆယ့်ခြောက်နှစ်အရွယ်နဲ့ တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်တာကိုများ မဟာရှားနိုင်ငံရဲ့ အသက်အငယ်ဆုံး တတိယအဆင့် အဂ္ဂိရတ်သခင်လို့ ခေါ်ရဲသေးတယ်လား"

"မင်းက အသက်အငယ်ဆုံး တတိယအဆင့် အဂ္ဂိရတ်သခင် ဆိုတဲ့ ဘွဲ့နဲ့ မထိုက်တန်မှာ ငါစိုးရိမ်မိတယ်"

ယန်ဖျင်၏ စကားသံ မဆုံးခင်မှာပင် ကျန်းချန်၏ ခနဲ့တဲ့တဲ့ စကားသံက ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ခန်းမထဲရှိ အကြည့်အားလုံးသည် ကျန်းချန်ဆီသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားကြသည်။

အသက်ဆယ့်ခြောက်နှစ်အရွယ် တတိယအဆင့် အဂ္ဂိရတ်သခင်။

ယင်းက အထင်ကြီးရန် လုံလောက်နေပြီ ဖြစ်သည်။

ဤကမ္ဘာတွင် ယန်ဖျင်၏ အဂ္ဂိရတ်ပါရမီထက် ပိုပြီး ပါရမီ ထူးကဲသည့်လူ အမှန်တကယ် ရှိပါသလော။

"ဟားဟား... ငါက မထိုက်တန်ဘူး ဆိုရအောင် မင်းကရော ထိုက်တန်မှု ရှိလို့လား"

ကျန်းချန်၏.စကားကို ကြားလျှင် ယန်ဖျင်က ချက်ချင်းပင် မထီမဲ့မြင် လှောင်ပြောင်လိုက်သည်။

"ဟုတ်တယ်.. ငါက မင်းထက်တော့ အရည်အချင်း နည်းနည်း ပိုရှိတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ခန္ဓာကိုယ်ထဲကနေ တတိယအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြား တစ်ခုကို ထုတ်ယူကာ လူတိုင်း၏ ရှေ့တွင် ပြသလိုက်၏။

"ငါက အသက်၁၆နှစ်ပြည့်ဖို့ သုံးလေးလလောက် လိုသေးတယ်"

"အခု မင်းက ငါ့ရှေ့မှာ အသက်အငယ်ဆုံး တတိယအဆင့် အဂ္ဂိရတ်သခင်လို့ ပြောရဲသေးလား ခွေးသား"

အခန်း(၁၇၇) ပြီး၏

All Chapters