အခန်း (၁၇၈)
Vol. 12 Ch. 178
ကျန်းချန်၏ လက်ထဲမှ တတိယအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ကြည့်ရင်း ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လေထုပင် အေးခဲမတတ် ဖြစ်သွားသည်။
လူတိုင်းက မျက်လုံးများ ပြူးကျယ်စွာဖြင့် ကျန်းချန်၏ လက်ထဲမှ တတိယအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ကြည့်နေကြ၏။
တတိယအဆင့် အဂ္ဂိရတ်သခင်။
ဤလူငယ်လေးက တတိယအဆင့် အဂ္ဂိရတ်သခင် တစ်ယောက် ဖြစ်လိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။
ထို့အပြင် အသက်ဆယ့်ခြောက်နှစ်ပင် မပြည့်သေးသည့် တတိယအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်လည်း ဖြစ်နေ၏။
မဟာရှားနိုင်ငံ၏ အသက်အငယ်ဆုံး တတိယအဆင့် အဂ္ဂိရတ်သခင်ဟု ဂုဏ်ဆာနေတတ်သည့် ယန်ဖျင်၏ အောင်နိုင်သူ အကြည့်ကို တွေးမိလျှင် လူတိုင်းသည် ယန်ဖျင်ကို သနားကရုဏာ သက်သွားကြသည်။
"သိပ်ကောင်းတယ်.. ကျန်းချန်က တကယ်ကို သောက်ခွက်ဖြတ်ရိုက်လိုက်တာပဲ"
"အကြီးအကဲယွဲ့ သဘောကျတဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. တကယ်ကို ထူးခြားတဲ့သူပဲ"
ကျန်းချန်၏ တတိယအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို မြင်လျှင် တတိယမင်းသား ရှားရွှယ်ပင် သူ၏ မျက်လုံးထဲမှ အံ့သြသော အရိပ်အယောင်ကို မထိန်းချုပ်နိုင်ခဲ့ပေ။
ယွဲ့ယန်ကျိုး၏ သဘောကျမှုကို ရယူနိုင်သည့် ဤလူငယ်လေးသည် သာမန်လူတစ်ယောက် မဟုတ်မှန်း သူမျှော်လင့်ထားပြီးသား ဖြစ်သည်။
သို့သော်လည်း ကျန်းချန်၏ နတ်ဆိုးဆန်မှုက ဤမျှလောက်အထိ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အသက်ဆယ့်ငါးနှစ်အရွယ် တတိယအဆင့် အဂ္ဂိရတ်သခင်။
ယင်းက မဟာရှားနိုင်ငံ၏ သမိုင်းတွင် တစ်ယောက်တည်းသာ ရှိနိုင်သည်။
တတိယမင်းသား ရှားရွှယ်၏ ဆန့်ကျင်ဘက်မှ မင်းသားကြီး ရှားလင်းသည် ခဏအကြာမှ မှင်တက်နေရာကနေ ပြန်လည်သက်သာလာခဲ့သည်။
သူက ကျန်းချန်၏ လက်ထဲမှ တတိယအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ကြည့်ပြီး ချက်ချင်းပင် မျက်နှာတစ်ခုလုံး မှောင်မိုက်သွားခဲ့သည်။
မကြာသေးခင်က မင်းသားကြီး ရှားလင်းသည် ရှားရွှယ်နှင့် တန်ရှို့မင် အဆင်မပြေ ဖြစ်နေသည် ဟူသည့် သတင်းကို ရရှိခဲ့သည်။
ထိုသတင်းကို ကြားလျှင် သူက ရှားရွှယ်ကို ဖိနှိပ်ရာတွင် အခွင့်အရေးကောင်း တစ်ခုဟု ချက်ချင်း ခံစားလိုက်ရ၏။
ထိုကြောင့် သူက ယန်ဖျင်နှင့် အတူ ရှားရွှယ်၏ အိမ်တော်သို့ ရောက်ရှိလာခြင်းပင်။
သို့သော် သူ၏ အစီအစဉ်က မြန်ဆန်လွန်းသော အပြောင်းအလဲများကို လိုက်မမီနိုင်ခဲ့ပေ။
ရှားရွှယ်က တန်ရှို့မင်ကို ဆုံးရှုံးပြီးသည့် နောက်တွင် ယန်ဖျင် ထက်ပင် ပိုပြီး ထူးချွန်သည့် ပါရမီရှင်ကို ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤတစ်ခေါက်တွင် သူ့အစီအစဥ်က ကျရှုံးသွားပြီဟု ယူဆ၍ ရနေပြီ ဖြစ်၏။
"မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး.. မင်းက တတိယအဆင့် အဂ္ဂိရတ်သခင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယန်ဖျင်က အံ့သြ ထိတ်လန့်မှုကနေ ပြန်လည်သက်သာရန် အချိန်အတော်ကြာခဲ့သည်။
သူက သတိဝင်လာသည်နှင့် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
"မင်းတောင် တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်နိုင်ရင် ငါက ဘာလို့ မဖြစ်နိုင်ရမှာလဲ"
ကျန်းချန်က ခနဲ့လိုက်ပြီး စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။
"မင်း နောက်တစ်ခါ အရိုက်မခံချင်ရင် ဒီကနေ မြန်မြန် ထွက်သွားလိုက်တော့"
"ကောင်လေး...ငါ့ကို စောင့်နေပါ.. ငါတို့ မပြီးသေးဘူး"
ယန်ဖျင်က ကျန်းချန်ကို စိုက်ကြည့်၍ ပြောလိုက်ပြီး ခြေလှမ်းကျဲကြီးဖြင့် လှည့်ထွက်သွားခဲ့သည်။
သူက သူ့ဆရာနှင့်အတူ အဂ္ဂိရတ်ပညာကို သင်ယူခဲ့သည့် အချိန်ကစပြီး ဤကဲ့သို့ အရှက်ကွဲမှုမျိုး မခံစားခဲ့ရပေ။
သူက သူ့ဆရာကို ခေါ်ကာ ဤကောင်လေးကို ကြီးလေးသည့် အဖိုးအခ ပြန်လည် ပေးဆပ်စေရပေမည်။
"ညီတော် မင်းက တကယ်ကို အံ့ဩဖို့ကောင်းတယ်.. အစ်ကိုတော် မင်းကို လျှော့တွက်မိသွားတယ်"
မင်းသားကြီး ရှားလင်းက ရှားရွှယ်ကို ဒေါသရိပ်သန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ခြေလှမ်းကျဲကြီးဖြင့် ခန်းမထဲကနေ လှည့်ထွက်သွားခဲ့သည်။
ရှားလင်းနှင့် ယန်ဖျင်တို့ ထွက်သွားပြီးသည့်နောက်တွင် တတိယမင်းသား ရှားရွှယ်သည် သူ၏ ထက်မြက်သော ဆက်ဆံရေးအစွမ်းကို ထုတ်ဖော်ကာ ဧည့်ခံပွဲ၏ လေထုကို တစ်ဖန် ပြန်လည် နွေးထွေးစေခဲ့သည်။
"ဟားဟား... တတိယမင်းသားရဲ့ ဧည့်ခံပွဲက တကယ်ကို စည်ကားနေတာပဲဟေ့"
"ငါ တန်ဟောင်ချမ်က ဖိတ်ကြားခြင်းမရှိဘဲ ပျော်ရွှင်စွာ ပါဝင်ဖို့ လာခဲ့တယ်.. တတိယမင်းသားက စိတ်မဆိုးလောက်ပါဘူးနော်"
ပွဲ၏ လေထု ပြန်လည်ကောင်းမွန်လာခါနီးတွင် ခန်းမ၏ တံခါးဝကနေ နောက်ထပ် ကျယ်လောင်သည့် ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
တန်မိသားစု၏ တတိယသခင်လေး တန်ဟောင်ချမ်။
တံခါးဝကနေ ကျယ်လောင်သည့် ရယ်သံကို အားလုံးက ကြားလိုက်ရသည်။
ခန်းမထဲရှိ လူတိုင်း၏ မျက်ဝန်းတွင် ထူးဆန်းသော အကြည့်များ ဖြစ်ပေါ်လာကြ၏။
တတိယမင်းသားက အိမ်တော် တံခါးဝတွင် တန်မိသားစုက တန်ရှို့မင်နဲ့ ယခုလေးတင် ခွဲခွာခဲ့သည်။
ယခုမူ တန်မိသားစု၏ တတိယသခင်လေး တန်ဟောင်ချမ်က ရောက်ရှိလာသည်။
ယင်းက ပြဿနာ ရှာရန် ဆိုသည်မှာ ရှင်းရှင်းလင်းလင်းပင် သိသာနေသည် မဟုတ်ပါလား။
အခန်း(၁၇၈) ပြီး၏