အခန်း (၁၇၉)
Vol. 12 Ch. 179
ခန်းမထဲရှိ လူတိုင်း၏ အကြည့်အောက်တွင် ခမ်းနားသော အရှိန်အဝါနှင့် အရပ်ရှည်ရှည် လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။
ထိုလူငယ်က တန်မိသားစု၏ တတိယသခင်လေး တန်ဟောင်ချမ် ဖြစ်ပြီး တန်မိသားစုထဲတွင် ထူးခြားသောသူ တစ်ဦး ဖြစ်၏။
သူက ငယ်စဥ်ကတည်းကပင် ကိုယ်ခံပညာတွင် ထူးချွန်ပြီး တန်မိသားစု၏ တိုက်ရိုက်တပည့်များထဲတွင် အဂ္ဂိရတ်လမ်းစဥ်ကို မလိုက်စားသည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။
သို့သော် တန်ဟောင်ချမ်သည် ကိုယ်ခံပညာဘက်တွင် ပါရမီတကယ်ကို ကောင်း၏။
သူက အသက် ၁၈ နှစ်၊ ၁၉ နှစ်အရွယ်သာ ရှိသေးသော်လည်း မူလဘူတ နယ်ပယ်အဆင့်၆ သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ပါရမီရှင်များ ပြည့်နှက်နေသည့် ယန်ဟွမ်ကျောင်းတော်မှာပင် တန်ဟောင်ချမ်ကို ထူးချွန်သူအဖြစ် သတ်မှတ်နိုင်၏။
"သခင်လေးတန်က ယန်ဟွမ် ကျောင်းတော်မှာ လေ့ကျင့်နေတာ မအားလပ်ဘူးလို့ကြားတယ်.. ဘယ်လိုဖြစ်ပြီး ကျွန်တော့်ဆီ ရောက်လာတာလဲ"
တန်ဟောင်ချမ်က ပြဿနာ လာရှာမှန်း သိသော်လည်း ရှားရွှယ်သည် ယဉ်ယဥ်ကျေးကျေးသာ ဆက်ဆံခဲ့၏။
"ဘာမှ လုပ်စရာမရှိလို့ ဒီအတိုင်း လာခဲ့တာပါ.. ပြီးတော့ ကိစ္စတစ်ခုကို ဖြေရှင်းဖို့ပါ"
တန်ဟောင်ချမ်က ခြောက်ကပ်စွာ ပြုံးလိုက်သည်။
ထို့နောက် သူက ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် ကျန်းချန်ဆီ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
"ကောင်လေး.. မင်းနေရာကို ငါယူချင်တယ်.. အဆင်ပြေတယ်မလား"
တန်ဟောင်ချမ်က ကျန်းချန်ဆီ တည့်တည့်မတ်မတ် လျှောက်သွားလိုက်ပြီး ကျန်းချန်ကို အေးစက်စွာ ငုံ့ကြည့်၍ ပြောလိုက်သည်။
တန်ဟောင်ချမ်သည် တန်မိသားစုတွင် တန်ရှို့မင်နှင့် ဆက်ဆံရေး အလွန်ကောင်းသူ ဖြစ်သည်။
တတိယမင်းသား၏ အိမ်တော် အပြင်ဘက်တွင် တန်ရှို့မင် အနိုင်ကျင့်ခံရသည်ကို သိလျှင် သူ အလွန်အမင်း ဒေါသထွက်ခဲ့ရသည်။
တန်မိသားစု၏ ပါရမီရှင်တစ်ယောက်ကို အပြင်လူတစ်ယောက်က အလွယ်တကူ အနိုင်ကျင့်သွားသည်ကို သူက မည်ကဲ့သို့ သည်းခံနိုင်ပါအံ့နည်း။
ထို့ကြောင့် တန်ဟောင်ချမ်က တတိယမင်းသား၏ အိမ်တော်သို့ ကိုယ်တိုင်လာပြီး တန်ရှို့မင်အတွက် နေရာပြန်ရှာချင်ခဲ့၏။
ဆိုရလျှင် သူက ကျန်းချန်ကို ဒုက္ခပေးရန် တမင်တကာရောက်လာခြင်းဟုပင် ပြောနိုင်သည်။
သူက ကျန်းချန်ကို တစ်ခါမှ မတွေ့ဖူးသော်လည်း ကျန်းချန်ကမည်သူမည်ဝါမှန်း ခန့်မှန်းနိုင်ခဲ့၏။
တတိယမင်းသား ရှားရွှယ်သည် ကျန်းချန်အတွက် တန်ရှို့မင်ကို စော်ကားနိုင်သောကြောင့် ရှားရွှယ်သည် ထိုလူကို အလွန်ပင် တန်ဖိုးထားသည်မှာ သက်သေပြဖို့ လုံလောက်နေပြီ ဖြစ်သည်။
အထူးဧည့်သည်လေးယောက်ထဲတွင် သူ မရင်းနှီးသည့်သူက တစ်ယောက်သာ ရှိ၏။
ထို့ကြောင့် တန်ဟောင်ချမ်သည်ထိုလူငယ်ကတန်ရှို့မင်ကို ရိုက်နှက်ခဲ့သာ့် ကျန်းချန်မှန်း သေချာပေါက် မှန်းဆမိခဲ့သည်။
ကျန်းချန်က တန်ဟောင်ချမ်ကို မော့ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
"မင်းက ဒီနေရာမှာ တကယ်ထိုင်ချင်တာလား"
"မင်းက ငါမင်းကို နောက်နေတယ်လို့ ထင်နေတာလား"
တန်ဟောင်ချမ်က ခြောက်ကပ်ကပ် အမူအရာဖြင့် ခနဲ့လိုက်သည်။
"အပိုစကားတွေ မပြောနဲ့.. မင်းကိုယ်တိုင် ဖယ်ပေးမှာလား ဒါမှမဟုတ် ငါကိုယ်တိုင် ဖယ်ပေးရမလား"
"ဟက်.. ဒါက နေရာတစ်ခုလေးပါပဲ.. မင်းလိုချင်ရင် ငါစွန့်ကြဲလိုက်မယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးပြီး နေရာကနေ ချက်ချင်း ထရပ်လိုက်သည်။
"အံ့ဩစရာပဲ"
သူတို့ရှေ့မှ မယုံနိုင်စရာ မြင်ကွင်းက ခန်းမထဲရှိ လူအားလုံးကို မျက်လုံးများ ကျွတ်ကျလုနီးပါး တုန်လှုပ်စေခဲ့၏။
ကျန်းချန်က တန်ဟောင်ချမ်ကို အလွယ်တကူ ဖယ်ပေးလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။
ယန်ဖျင်တုန်းကဆိုလျှင် ကျန်းချန်သည် နေရာမဖယ်ပေးဘဲ ယန်ဖျင်ကို ရိုက်နှက်လိုက်၏။
သို့သော် တန်ဟောင်ချမ်နှင့် အတွေ့တွင်မူ သူ့နေရာကို စိတ်လိုလက်ရပင် ဖယ်ပေးနေခဲ့သည်။
တန်ဟောင်ချမ်က တန်မိသားစုဝင် တစ်ယောက် ဖြစ်၍ သူ၏ ဂုဏ်သတင်းနှင့် နောက်ခံသည် ယန်ဖျင်ထက်ပင် ပို၍ ကြောက်စရာကောင်း၏။
သို့သော် ဤကောင်လေးသည် တတိယမင်းသား၏ အိမ်တော် အပြင်ဘက်တွင် တန်မိသားစုမှ တန်ရှို့မင်ကိုမူ အထာမထားဘဲ ရိုက်နှက်ခဲ့သည် မဟုတ်လော။
သူတို့က အရမ်းမာနကြီးသည့် ကျန်းချန် တစ်ယောက်၊ တန်ဟောင်ရှေ့တွင် အဘယ်ကြောင့် ရုတ်တရက် အချိုးပြောင်းသွားလည်း ဆိုသည်ကို တွေးနေခဲ့ကြသည်။
ခန်းမထဲရှိ တခြားလူများကို မပြောနှင့်၊ ကျန်းချန်အကြောင်းကို ပိုသိထားသည့် မုန့်ချင်းရွှယ်ပင် သူမ၏ လှပသည့် မျက်ဝန်းထဲ၌ နားမလည်နိုင်သည့် အရိပ်အယောင်လေး တစ်ခု ဖြစ်ပေါ်နေခဲ့သည်။
သူမ၏ အထင်အမြင်တွင် ကျန်းချန်သည် အမြဲတစေ မောက်မာပြီး မာနထောင်လွှားတတ်၏။
မည်သို့သော ပြိုင်ဘက်နှင့် တွေ့ပါစေ၊ ကျန်းချန်ဘက်က ခေါင်းငုံ့ခဲ့သည်မှာ မရှိသလောက်ပင်။
ထို့ကြောင့် ဤတစ်ခေါက်တွင် ကျန်းချန်က တန်ဟောင်ချမ်ကို အလျှော့ပေးခဲ့သည်မှာ ကျိုးကြောင်းဆီလျော်မှု လုံးဝမရှိချေ။
အခန်း(၁၇၉) ပြီး၏