အခန်း (၂)
Vol. 1 Ch. 2
“ပြောစရာကျန်သေးလား။ မကျန်တော့ရင် ငါသွားနှင့်တော့မယ်”
လင်းဖေးဟန်က အေးစက်တဲ့ မျက်နှာထားဖြင့် ပြောလိုက်သည်။
လင်းဖေးဟန်ရဲ့ အေးဆေးဖြစ်နေတဲ့ပုံစံကိုမြင်တော့ လုရွှယ်ယင်ရဲ့ အနီရောင် နှုတ်ခမ်းလေးများ ဟလျက်သားဖြစ်သွားသည်။ ဘာပြောရမလဲတော့ သူမသိ။ လင်းဖေးဟန် ဆေးမှားသောက်လာတာလား။ သူတောင်းဆိုတာကို ချက်ချင်းသဘောတူရုံတင်မဟုတ် ပြောပြီးတာနဲ့ တန်းထသွားတော့တာပဲ။ နဂိုက လင်းဖေးဟန်သာဆိုရင် လုရွှယ်ယင် တွေးထားတဲ့အတိုင်း ဖြစ်မှာပဲ။ ပိုတွယ်ကပ်နေရုံမက နှာဘူးလို နှောင့်ယှက်နေဦးမှာ။ ခုတော့ အဲ့ဒီလို ဖြစ်လာတော့မှာမဟုတ်ပေ။
လုရွှယ်ယင်စိတ်ထဲ ထူးဆန်းသလို ခံစားရသည်။
သို့သော် ပြဿနာကို ချောမွေ့စွာ ဖြေရှင်းလိုက်နိုင်သောကြောင့် စိတ်အေးသွားသည်။
“ချောချောမွေ့မွေ့ ဖြစ်သွားတာ ကောင်းတာပါပဲ”
လုရွှယ်ယင် စိတ်ထဲတွေးပြီး လှည့်ထွက်သွားသည်။
ရုတ်တရက် လင်းဖေးဟန်က သူ့ကို လှမ်းတားလိုက်သည်။
“ဟေ့ နေဦး”
“ဟမ်”
လုရွှယ်ယင် ပြန်လှည့်ကြည့်လိုက်သည်။ သူမမျက်နှာမှာ မရေမရာခြင်းများဖြင့် ပြည့်နှက်နေခဲ့၏။ ကျိန်းသေတာပေါ့။ ဒီကိစ္စကမရိုးဘူး။ လင်းဖေးဟန်က ပြဿနာရှာနေတာပဲ။
လုရွှယ်ယင် မှုန်ကုပ်ကုပ်ဖြင့် မေးလိုက်သည်။
“ဘာလိုချင်သေးတာလဲ”
“ကဲ…မိန်းကလေးလုရေ၊ ကျေးဇူးပြုပြီး ထွက်မသွားခင် ငွေရှင်းသွားပါဦး”
လင်းဖေးဟန် စကားအဆုံးမှာ လုရွှယ်ယင် ကြောင်အမ်းသွားသည်။ လင်းဖေးဟန် ဒီလိုမျိုးပြောလိမ့်မယ်လို့ သူ မတွေးထားမိခြင်းဖြစ်သည်။
“ငါက ငွေရှင်းရမယ် ဟုတ်လား”
လုရွှယ်ယင် ထပြောလိုက်သည်။ ထိုသို့ပြောလိုက်မိသည်ကို ချက်ချင်းပင် သူ နောင်တရသွားသည်။
ဒါပေါ့။ သူက ကပ်စေးမကုပ်ပါဘူး။ ဒါပေမဲ့ အတိတ်မှာ သူဘာပဲလုပ်ခဲ့ပါစေ လင်းဖေးဟန်က သူ့အတွက် အပြေးအလွှား ငွေရှင်းပေးတယ်လေ။ သူက အဲ့ဒါကို ကျင့်သားရနေပြီ။ လင်းဖေးဟန်က အခု ဒီလိုမျိုးကြီး ထပြောတော့ သူခဏလောက် လက်မခံနိုင်ဘူး ဖြစ်သွားတယ်။
“မိန်းကလေးလု ၀ယ်ကျွေးမယ်ပြောပြီး ချိန်းတာမလို့ ငါ ဖုန်းရော ပိုက်ဆံရော ယူမလာခဲ့ဘူး။ ဒါပေါ့။ မပေးချင်ရင်လည်း မိန်းကလေးဖုန်းကိုငှားပြီး ငါ့ရဲ့အတွင်းရေးမှူးကို ပိုက်ဆံပို့ပေးဖို့ ပြောရမှာပဲ”
လင်းဖေးဟန် ပုခုံးတွန့်လိုက်သည်။ လုရွှယ်ယင်ကိုကြည့်ပြီး သူဘာတွေးလဲဆိုတာ ခန့်မှန်းနိုင်သည်။ အရင်က လင်းဖေးဟန် သူ့ကို အတည်ကြီး တွယ်ကပ်ခဲ့တာကိုပဲ သက်ပြင်းချနိုင်တော့သည်။
“ကောင်းပြီ ငါရှင်းလိုက်မယ်”
ငွေရှင်းပြီးနောက် လင်းဖေးဟန်က လုရွှယ်ယင်ကို တစ်ချက်တောင်မကြည့်ဘဲ ကားပေါ်တန်းတက်သွားသည်။ လင်းဖေးဟန် သူ့ကို ကြည့်တောင်မကြည့်တာကို မြင်ရတော့ လုရွှယ်ယင် သိပ်မပျော်။ လင်းဖေးဟန်ရဲ့ ရုတ်တရက် ဂရုမစိုက်တာကို ကြုံလိုက်ရတော့ လုရွှယ်ယင် အနည်းငယ် မသက်မသာဖြစ်မိသည်။
လုရွှယ်ယင် ကားဖြင့် ထွက်ခွာရန် ပြင်ဆင်နေတဲ့ လင်းဖေးဟန်ကို ကြည့်လိုက်ပြီး အကြံတစ်ခု ရလိုက်သည်။ လင်းဖေးဟန်က ဒီနေ့ ထူးဆန်းနေသည်။ ကော်ဖီက ယွမ်ဂဏန်း ကျသင့်တာကိုပင် သူထည့်တွက်ခဲ့သည်။
လင်းဖေးဟန်က တကယ်ပဲ ယွမ်ရာဂဏန်းကို လိုအပ်နေတာလား။ သူမလိုအပ်ပါဘူး။ ကျိန်းသေတယ်။ ဒါဆိုဘာလို့ လင်းဖေးဟန်က သူနဲ့ထိပ်တိုက်တွေ့တဲ့အပြင် ဂရုပါမစိုက်ရတာလဲ။ သူအာရုံစိုက်တာခံရအောင် နည်းလမ်းပြောင်းချင်တာလား။ ဟုတ်တယ်။ အဲ့လိုပဲဖြစ်ရမယ်။ ကလေးဆန်လိုက်တာ။
လုရွှယ်ယင်က ထွက်သွားမဲ့ဆဲဆဲ လင်းဖေးဟန်ကို တားလိုက်သည်။
“ဒီလိုပုံစံမျိုးနဲ့ ငါအာရုံစိုက်တာကို ခံချင်တာလား။ လင်းဖေးဟန်။ နင်အတော် ကလေးဆန်တာပဲ”
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းဖေးဟန် ရှုပ်ထွေးသွားသည်။
မတွယ်ကပ်တော့တာက အာရုံစိုက်ခံချင်တာပေါ့လေ။
လုမိသားစုရဲ့ အကြီးဆုံးသမီးက သူ့ကိုယ်သူ အထင်ကြီးတယ်ပဲ ပြောရမလား။ လင်းဖေးဟန်ရဲ့ မိန်းမတစ်ယောက်အနားမှာ တွယ်ကပ်ခဲ့တဲ့ အရည်အချင်းက ကောင်းလွန်းခဲ့တယ်ပဲ ပြောရမလား။
လင်းဖေးဟန် မဲ့ပြုံးပြုံးပြီး အေးစက်စွာ ပြောလိုက်သည်။
“မိန်းကလေးလု အထင်လွဲနေပြီထင်တယ်။ ဒီနေ့က မင်းခေါ်လိုက်လို့ ငါလာတာလေ”
“ပုံမှန်အတိုင်းပြောရရင် ချိန်းဆိုတဲ့သူက ငွေရှင်းသင့်တာ မဟုတ်လား။ မင်းအာရုံစိုက်ခံရအောင် ဘာကထိုက်တန်လဲ ငါမသိပါဘူး။ ငွေရှင်းလိုက်ရလို့ နစ်နာတယ်ထင်ရင် ပြန်ရောက်ရင် ငွေပြန်လွှဲပေးလိုက်ပါ့မယ်။ ဘာဖြစ်ဖြစ် ဒီငွေလောက်က ငါ့မှာ မရှိတာမှ မဟုတ်တာပဲ”
“ဘာက မိန်းကလေးလုကို စိတ်ဆိုးသွားစေတာလဲ ငါ တကယ်မသိဘူး။ ငါမင်းဆီ ယွမ်ရာအနည်းငယ် အကြွေးတင်သွားတယ်ဆိုရင်တောင် ဒီလောက် မတင်းမာသင့်ဘူးလေ”
ထိုအခိုက်အတန့်တွင် လုရွှယ်ယင်သည် သူ စပရိန်တစ်ခုကို ထိုးလိုက်မိပြီဆိုတာ ခံစားလိုက်ရသည်။ တစ်ဖက်လူကို ထိခိုက်စေရုံသာမက သူမကိုပါ တန်ပြန်ထိခိုက်စေခဲ့သည်။ ထိုအချက်က လုရွှယ်ယင်ကို ပိုပြီးမွန်းကြပ်စေခဲ့သည်။
လင်းဖေးဟန် ပြောတာမှန်သည်။ မျက်နှာသေကြီးဖြင့် တစ်ချိန်လုံးရှိနေခဲ့တာ သူ(မ)ပင်ဖြစ်သည်။
သို့သော် လုရွှယ်ယင် သိပ်ပြီး မကျေနပ်ပေ။ လင်းဖေးဟန်က သူမနောက်လိုက်ရန် လူများ စေလွှတ်ထားခဲ့ခြင်းကြောင့်သာမဟုတ်ရင် သူဒီလိုမျိုး ဘယ်ပြုမူနေပါ့မလဲ။
လုရွှယ်ယင် ပြန်လည်ချေပလိုသည်။ သို့သော် သူမတတ်နိုင်။ အချိန်အတော်ကြာ အောင့်အီးပြီးနောက် သူ အံကြိတ်ပြီးပြောလိုက်သည်။
“ကောင်းပြီလေ ဥက္ကဌလင်း၊ နင့်ရဲ့ ၀န်ထမ်းတွေအပေါ် အသုံးပြုတဲ့ လှည့်ကွက်တွေ ငါ့အပေါ် လာမသုံးနဲ့။ ငါနင်နဲ့ မငြင်းချင်ဘူး။ ဆက်မပြောတော့ဘူး။ ဒါပေမဲ့ ဒီတစ်သက် နင့်ကို ကြိုက်လာမှာ မဟုတ်တာကိုတော့ ရှင်းရှင်းကြီး ပြောနိုင်တယ်”
“တင်း! စနစ် အသိပေးချက်။ အမျိုးသမီး အဓိကဇာတ်ကောင်ရဲ့ သင့်အပေါ် ခံစားချက်များ အတော်လေး ဆိုးဆိုးရွားရွား ဖြစ်သွားသည်။ အောက်ပါ ရွေးချယ်မှုများထဲမှတစ်ခုကို ပြုလုပ်ပါ”
“ရွေးချယ်မှု a: အမြီးနှံ့နေသော ခွေးလေးတစ်ကောင်ကဲ့သို့ ပြုမူပါ။ ကပ်ဖားလျက်ဖား အရည်အချင်းများဖြင့် ဇာတ်လိုက်မကို တောင်းပန်ပါ။
ဆု: အဆင့်မြင့် ဆေးပညာအရည်အချင်း”
“ရွေးချယ်မှု b: စေ့စပ်မှုကို တိုက်ရိုက်ဖျက်သိမ်းပါ။ မိန်းမတစ်ယောက်ကို အောက်ကျမခံတော့ပါနဲ့။
ဆု: ပညာရှင်အဆင့် တိုက်ခိုက်ရေးနည်းလမ်း”
ရွေးချယ်မှုနှစ်ခုကိုကြည့်ပြီး လင်းဖေးဟန် အနည်းငယ် တွေဝေသွားသည်။ သို့သော် မကြာမီပင် ရွေးချယ်မှုကို ပြုလုပ်လိုက်သည်။
စေ့စပ်မှုကို တိုက်ရိုက်ဖျက်သိမ်း။
ဇာတ်လိုက်ကောင် ယဲ့ဖန်းရဲ့ အရည်အချင်းမှာ တစ်ကမ္ဘာလုံးရှိ လူသတ်သမားများထဲတွင် ထိပ်တန်း ၁၀ ဦး အတွင်းသို့၀င်သည်။ ဇာတ်လိုက်နှင့် ရင်ဆိုင်ရသော ဗီလိန်တစ်ဦးအနေဖြင့် သူ့လုံခြုံရေးမှာ ဦးစားပေးပင်ဖြစ်သည်။ အဆင့်မြင့်ဆေးပညာအရည်အချင်းမှာ သဘောကျဖွယ်ရှိသော်လည်း လင်းဖေးဟန်မှာ ဘာလုပ်ရမလဲ တွေးထားနှင့်ပြီးဖြစ်သည်။
ထပ်ပြောရရင် ဟိုလျက်ဒီလျက် ခွေးတစ်ကောင်လိုလည်း သူမဖြစ်ချင်ပေ။ သူ့အနေအထားနှင့် လုရွှယ်ယင်ကို နေ့တိုင်း အဘယ်ကြောင့် ငေးကြည့်နေရမည်နည်း။ သူလက်သာခါလိုက်ရုံနှင့် ထောင်ချီသော မိန်းမလှလေးများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပေမည်။
“တင်း! အသုံးပြုသူက ရွေးချယ်မှုကို ပြုလုပ်ပြီး ပညာရှင်အဆင့် တိုက်ခိုက်ရေးပညာကို ရရှိသွားပါပြီ”
“ကောင်းပြီလေ ဒီလိုဆိုမှတော့ ငါတို့တွေ ဆက်ဆွဲထားစရာမလိုတော့ဘူး။ စေ့စပ်မှုကို ဖျက်သိမ်းလိုက်ရအောင်”
“ဟမ်”
“မဟုတ်သေးဘူး နင် ဘာပြောလိုက်တာလဲ”
လုရွှယ်ယင် ကြောင်သွားသည်။
“စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ရအောင်လို့ ပြောလိုက်တာလေ”
လင်းဖေးဟန်က ခပ်မာမာ ထပ်ပြောလိုက်သည်။
လုရွှယ်ယင် လင်းဖေးဟန်ကို သေချာကြည့်လိုက်သည်။ သူ၏ အေးစက်စက် မျက်လုံးများကို တွေ့လိုက်ရမှ နောက်တာမဟုတ်မှန်း သဘောပေါက်သွားသည်။ လုရွှယ်ယင် စိတ်ထဲ အနည်းငယ် ရှုပ်ထွေးနေသည်။ လင်းဖေးဟန်ကိုယ်တွင် မကောင်းဆိုးဝါးများ ဝင်ပူးနေတာလားဟု သူမတွေးမိလာ၏။
လင်းဖေးဟန်က သူ့ကိုတစ်ချိန်လုံး နှောင့်ယှက်နေခဲ့တာပဲ။ သူ့ကို လက်ထပ်ချင်ခဲ့လို့ မဟုတ်လား။ အဲ့ဒါ သူအမြဲ လိုချင်ခဲ့တဲ့အရာ မဟုတ်လား။
အတိတ်မှာ လင်းဖေးဟန်က သူ့ကိုမြင်ရင် မနေနိုင်ပေ။ သူ့ကို နည်းမျိုးစုံနဲ့ တွယ်ကပ်နှောင့်ယှက်သည်။ သူစိတ်ကျေနပ်အောင်လုပ်သည်။
ဒီနေ့ လင်းဖေးဟန် ဘာဖြစ်နေတာလဲ။ သူ့အပေါ် အေးစက်ရုံတင်မက စေ့စပ်ထားတာ ဖျက်သိမ်းဖို့ပါ အဆိုပြုလာခဲ့သည်။
“လာနောက်နေတာလား”
လုရွှယ်ယင် မယုံကြည်နိုင်သေး။
လင်းဖေးဟန် တည်တည်တံ့တံ့ဖြင့် ပြောလိုက်သည်။
“ငါအတည်ပြောနေတာ။ အရင်က မင်းရဲ့ခံစားချက်ကို ငါ ထည့်မတွေးမိခဲ့ဘူး။ ခုသေချာစဉ်းစားကြည့်မှ သဲတွေကို မဖမ်းဆုပ်ထားနိုင်ဘူးဆိုရင် တတ်နိုင်သမျှ စောစောစီးစီး လွှတ်ချလိုက်တာ အကောင်းဆုံးပဲ”
ထိုစကားကိုကြားပြီးနောက် လုရွှယ်ယင် အတော်လေး အံ့အားသင့်သွားသည်။
စေ့စပ်မှုကို ဖျက်သိမ်းတာက သူ့ရဲ့ အိပ်မက်ပင်ဖြစ်သည်။ သို့သော် မိသားစုရဲ့ ဖိအားကို ရင်ဆိုင်ရခြင်းက သူ့ကို ထူးထူးဆန်းဆန်း တင်းခံနေစေခဲ့သည်။
ဒါကဘာခေတ်လဲ။ ဘယ်လို မဟာမိတ်ဖွဲ့ ထိမ်းမြားမှုမျိုးက လိုသေးတာလဲ။ ဒါ့အပြင် အရှက်မရှိတဲ့ လင်းဖေးဟန်ကို တွေ့လိုက်ရတော့ သူမ အင်မတန် စက်ဆုပ်မိသည်။ ဒီလိုပျော်ရွှင်မှုမျိုး ရုတ်တရက်ရောက်ရှိလာဖို့ လုရွှယ်ယင် အိပ်မက်ပင်မမက်ဖူးပေ။ ထို့ကြောင့် လက်တွေ့ကို လက်ခံရန် ခက်ခဲနေခဲ့သည်။