← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

“ဒါဆိုရင် ဒီအခြေအနေကို ဦးလေးနဲ့အဒေါ်ကို နင်ရှင်းပြနိုင်လား”

လုရွှယ်ယင် စိတ်အေးအေးထားပြီး သတိထားပြောလိုက်သည်။

လင်းဖေးဟန် သူမကို လှည့်စားမှာ သူမ စိုးမိသည်။ ထို့ကြောင့် စကားပြောရာတွင် အလွန်ပင် သတိထားခဲ့လေ၏။

“ကောင်းပြီ ငါ့ကို ဖုန်း ခဏ ငှားပေး။ ငါ့မိဘတွေကို အခုပဲ ဆက်လိုက်မယ်”

လင်းဖေးဟန် မျက်နှာသေဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရမှ ချမ်းသာရာရသွားသကဲ့သို့ လုရွှယ်ယင် သက်ပြင်းကို ညင်သာစွာ ချနိုင်တော့သည်။

အမှန်တကယ်ပဲ။ အကုန်လုံးက အမှန်တကယ်ကြီး ဖြစ်နေတာပဲ။

အဲ့ဒီနောက်မှ လင်းဖေးဟန်ရဲ့ ရုပ်ရည်သွင်ပြင်ကို လုရွှယ်ယင် သတိထားမိလိုက်သည်။

ဒီနေ့ လင်းဖေးဟန်က အရင်လောက် စက်ဆုပ်ဖို့ သိပ်မကောင်းတော့သလိုပဲ။ ဆန့်ကျင်ဘက်အနေနဲ့ အတော်လေးတောင် ခန့်ညားနေသလိုပင်။

“ကျေးဇူးပဲ”

လုရွှယ်ယင်၏ လေသံမှာ အရင်ကလောက် မအေးစက်တော့ပေ။

ဖုန်း၀င်သွားသည်။

“အမေ သားပါ”

“ရှောင်ဟန်၊ အမေကြားတာ သားဒီနေ့ ရှောင်ယင်နဲ့ သွားတွေ့တယ်ဆို။ သားတို့ဆက်ဆံရေးက ဘယ်လိုလုပ်ပြီး တိုးတက်သွားတာလဲ”

လင်းဖေးဟန်၏ မိခင်ဖြစ်သူမှာ စိတ်လှုပ်ရှားလျက်ရှိသည်။ ကြည့်ရတာ သူ့သား စွံတော့မဲ့ပုံပဲ။

“လုရွှယ်ယင်နဲ့ စေ့စပ်ထားတာကို သားဖျက်သိမ်းချင်တယ် အမေ”

“ရှောင်ယင်ရဲ့ မိသားစုနဲ့ အမေ ဆွေးနွေးပြီးပြီ။ သားတို့ ဆက်ဆံရေးကောင်းရင် ဒီနှစ် မင်္ဂလာပွဲလုပ်မယ်ဆိုပြီး။ ဘာရယ်။ သားက စေ့စပ်ထားတာကို ဖျက်သိမ်းချင်တယ်တဲ့လား”

ထိုစကားက လင်းဖေးဟန်ရဲ့အမေကို ရှော့ခ်ရသွားစေသည်။

လုရွှယ်ယင်ကို သူ့သား မည်မျှ သဘောကျကြောင်း ဖေးဟန်၏အ‌မေ သိသည်။ အခု သူ့သားက စေ့စပ်ထားတာကို ဖျက်သိမ်းချင်သည်ဟု ဆို၏။ တစ်ခုခု လွဲနေတာပဲ ဖြစ်ရမည်။

“သားတို့ ရန်ဖြစ်ထားတာလား ရှောင်ဟန်။ ကောင်မလေးတွေ စိတ်ဆိုးစိတ်ကောက်တာ ပုံမှန်ပါပဲ။ ဘယ်ဟာကို ပြေလည်အောင် မဆွေးနွေးနိုင်တာလဲ။ စိတ်လိုက်မာန်ပါနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းမယ် မလုပ်လိုက်နဲ့။ သား နောင်တရရင် နောက်ကျသွားလိမ့်မယ်နော်”

“စိတ်လိုက်မာန်ပါ မဟုတ်ဘူး အမေ။ သား ဆုံးဖြတ်ပြီးပြီ။ ဒီလောက်ပဲ။ ပြန်လာမှ ပြောကြတာပေါ့”

လင်းဖေးဟန် ဆက်ပြောရမှာ ငြီးငွေ့လာသောကြောင့် ဖုန်းတန်းချလိုက်သည်။

“ရပြီလား”

လုရွှယ်ယင်ကို သူ ခပ်တည်တည်ပဲ မေးလိုက်သည်။

“ကျေးဇူးနော်။ တကယ် ကျေးဇူးပဲ”

လုရွှယ်ယင် စိတ်ရင်းဖြင့် ပြောလိုက်၏။

“ရပါတယ်။ လက်ထပ်တယ်ဆိုတာ နှစ်ဦးနှစ်ဖက် ကိစ္စလေ။ တစ်ဖက်ကသဘောကျပြီး တစ်ဖက်ကသဘောမကျဘူးဆိုရင် အဲ့ဒီနှစ်ယောက်လုံး ဘယ်လိုပျော်ရွှင်နိုင်မှာလဲ”

လင်းဖေးဟန် ပေါ့ပေါ့ပါးပါးလေသံနဲ့ ပြောလိုက်သည်။

လုရွှယ်ယင် ခေါင်းငြိမ့်လိုက်၏။ သူမ၏ မျက်လုံးများမှာ တောက်ပလျက်။ လုဖေးဟန်ရဲ့ အတွေးက ထူးထူးဆန်းဆန်း သူမရဲ့ အတွေးနဲ့ ထပ်တူကျနေတာပဲ။

သူ့မိသားစုရဲ့ စိတ်နေသဘောထားကြောင့်သာ ဒီကိစ္စကို သူအစကတည်းက ဆန့်ကျင်နေခဲ့တာ။

“ဟုတ်ပြီ ငါသွားတော့မယ်”

လင်းဖေးဟန် ပြောပြီးတာနဲ့ ချက်ချင်း ကားမောင်းထွက်သွားသည်။ ခဏတောင် မစောင့်။

ထွက်သွားတဲ့ လင်းဖေးဟန်ကိုကြည့်ပြီး လုရွှယ်ယင်ရဲ့ မျက်လုံးများထဲ၌ သံသယတစ်ပိုင်းတစ်စ ဖြတ်သွားသည်။

လင်းဖေးဟန် ဒီနေ့ ဘာဖြစ်နေတာလဲ။ ဘယ်လိုဖြစ်ပြီး တခြားတစ်ယောက်လို ပြောင်းလဲသွားတာလဲ။ သူ တကယ်ပဲ သဘောပေါက်သွားတာလား။

လုရွှယ်ယင် သူမရဲ့ ကားဆီပြန်ပြီး အတော်ကြာ စဉ်းစားကြည့်မိသည်။ သို့သော် အဖြေမရှာနိုင်သဖြင့် ဖုန်းဆက်လိုက်၏။

လျှို့ရှင်းယာ ကုမ္ပဏီတွင် အချိန်ပိုဆင်းနေချိန်ဖြစ်သည်။ သူမ၏ ဖုန်းမျက်နှာပြင်တွင် ပေါ်လာသော ဖုန်းနံပါတ်ကြည့်ပြီး တုန်လှုပ်သွား၏။

သူမ၏ ဘေးဘီဝဲညာကို အမြန်ကြည့်လိုက်ပြီး ဘယ်သူမှသတိမထားမိသည်ကို သိသည်နှင့် ဖုန်းယူပြီး သန့်စင်ခန်းသို့ ပြေး၀င်သွားခဲ့သည်။

“လု မိန်းကလေး”

လျှို့ရှင်းယာကို ကြည့်ရတာ မူမမှန်ပဲ အသံတိုးတိုးဖြင့် ပြောလေ၏။

“လင်းဖေးဟန် ဘာတွေ လှုပ်ရှားသေးလဲ”

“မလှုပ်ရှားပါဘူး။ ဒါပေမဲ့…”

ဆက်ပြောရမလား မပြောရဘူးလား ဝေခွဲမရသောကြောင့် လျှို့ရှင်းယာ စကားကို ဆွဲပြောလိုက်ခြင်းဖြစ်သည်။

တုံ့ဆိုင်းနေသံကို ကြားရတော့ လုရွှယ်ယင် စိုးရိမ်လာ၏။ ဟုတ်နေတာပဲ။ လင်းဖေးဟန်က အကွက်တွေ ရွှေ့နေတာ။

“ဒါပေမဲ့ ဘာလဲ။ အမြန်ပြောလေ”

“မိန်းကလေးလုကို စောင့်ကြည့်နေတဲ့လူတွေကို ဥက္ကဌလင်းက ဖြုတ်လိုက်ပါပြီ”

“ဘယ်လို”

လုရွှယ်ယင် အံ့အားသင့်ပြီး အချိန်အတော်ကြာ ဂနာမငြိမ်ဖြစ်သွားခဲ့သည်။

အကုန် အမှန်ဖြစ်နေခဲ့တာပဲ။ လင်းဖေးဟန်က သူမနဲ့ စေ့စပ်ထားတာကို တကယ်ဖျက်သိမ်းချင်ခဲ့တာပဲကို။

လုရွှယ်ယင် ပျော်သွားပေမဲ့ အနည်းငယ်လည်း စိတ်ပျက်သွားတယ်။

လူတစ်ယောက်က နေ့တိုင်း မင်းကောက်ဖို့ ပိုက်ဆံကြဲတယ်ဆိုပါစို့။ မင်းက အဲ့ဒါနဲ့ ကျင့်သားရသွားပြီ။ တစ်နေ့မှာ အဲ့ဒီလူက ရုတ်တရက်ကြီး ပေါ်မလာတော့ရင် မင်းစိတ်ထဲ နည်းနည်းတော့ လစ်လပ်သွားသလိုဖြစ်မှာပဲ။

နားထောင်နေသေးလား မမလေးလု”

ဖုန်းတစ်ဖက်က အချိန်အတော်ကြာ ပြန်တုံ့ပြန်မလာတာကြောင့် လျှို့ရှင်းယာ မေးလိုက်ခြင်းဖြစ်၏။

“အင်း ဘာမှမဖြစ်ဘူး။ လင်းဖေးဟန် ထူးထူးဆန်းဆန်း ထပ်လုပ်လာခဲ့ရင် ငါ့ကို မြန်မြန်ဆက်သွယ်ဖို့ မမေ့နဲ့”

“ဟုတ် ဟုတ်”

လျှို့ရှင်းယာ ထူးဆန်းတဲ့ အမူအယာနဲ့ ဖုန်းချလိုက်သည်။

လုရွှယ်ယင် ဖုန်းပြောပြီးနောက် စိတ်လှုပ်ရှားခြင်း၊ ‌တုန်လှုပ်ခြင်း၊ စိတ်သက်သာခြင်းများဖြင့် သက်ပြင်းချလိုက်၏။

သူမ ထင်မှတ်ထားသလောက် လင်းဖေးဟန်က စိတ်ရှုပ်စရာမကောင်းတာကို လုရွှယ်ယင် ၀မ်းသာမိသည်။

“တင်း! စနစ်သတိပေးချက်။ လုရွှယ်ယင်းရဲ့ အသုံးပြုသူအပေါ် အမြင်ကို ပြောင်းလဲပြီး ၁၀ ပွိုင့် ရယူပါ”

လင်းဖေးဟန် ကားမောင်းရင်း စနစ်ရဲ့အသံကို ကြားလိုက်ရသည်။

“ပွိုင့်။ အဲ့ဒါက ဘာလုပ်ရတာလဲ”

“အသုံးပြုသူက လုရွှယ်ယင်ရဲ့ သူ့အပေါ်အမြင်ကို ပြောင်းလဲလိုက်တဲ့အတွက် ၁၀ ပွိုင့် ရပါတယ်”

“ပွိုင့်တွေက အသုံးပြုသူရဲ့ ကိုယ်ပိုင် ဂုဏ်သတ္တိတွေကို တိုးပွားစေပြီး အစွမ်းတွေကို အဆင့်မြှင့်တင်ပေးတယ်”

စနစ်က လင်းဖေးဟန်ကို သေချာ ရှင်းပြလိုက်သည်။

“အသုံးပြုသူ ကိုယ့်အခြေအနေကိုယ် ပိုမိုနားလည်နိုင်အောင် စနစ်က ဂုဏ်သတ္တိဇယားကို ပြသလိုက်ရပါသည်”

လင်းဖေးဟန်စိတ်ထဲ ဇယားတစ်ခု ပေါ်လာ၏။

အသုံးပြုသူ: လင်းဖေးဟန်

ပွိုင့်: ၁၀

ပိုင်ဆိုင်မှု: ၄ ဘီလီယံ

ခွန်အား: ၁၃၀

လျင်မြန်မှု: ၁၁၀

တုံ့ပြန်မှု: ၁၂၀

ဆွဲဆောင်မှု: ၁၂၀(သာမန်လူများတွင် ၁၀၀ သာရှိသည်)

အစွမ်းများ: တိုက်ခိုက်ခြင်း-အဆင့်မြင့်၊ ကားမောင်း-အလယ်အလတ်၊ လက်ရေးလှ-အခြေခံ၊ အင်္ဂလိပ်စာ-အခြေခံ

“စနစ် သတိပေးချက်: ပွိုင့် ၁၀၀ ရတိုင်း ဂုဏ်သတ္တိ ၁ ပွိုင့် တက်လာမည်။ ထိုပွိုင့် ၁၀၀ ကို အစွမ်းဖြင့်လည်း လဲလှယ်နိုင်သည်။ အစွမ်းများကို အဆင့်မြှင့်တင်နိုင်ပြီး သက်ဆိုင်ရာ အစွမ်းကိုလိုက်ပြီး အဆင့်မြှင့်တင်ရန် လိုအပ်သောပွိုင့် ကွာခြားမှု ရှိလာနိုင်၏”

လင်းဖေးဟန် ဇယားကိုကြည့်ပြီး စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

နောက်ဆုံးကျ သူက စစ်မှန်တဲ့ ဒုတိယမျိုးဆက် လူချမ်းသာပဲလေ။ ဂုဏ်သတ္တိတစ်ခုစီက နိမ့်ပါးလွန်းနေရင် ဘယ်ကြောင်းကျိုးဆီလျော်ပါ့မလဲ။

လင်းဖေးဟန် အနည်းငယ် စပ်စုမိတယ်။ ဒီကမ္ဘာရဲ့ ဇာတ်လိုက်ကျော်ကရော ဘယ်လို အနေအထားမျိုး ဖြစ်နေမလဲ။

“စနစ်ရေ။ ဇာတ်လိုက် ယဲ့ဖန်းရဲ့ ဂုဏ်အင်တွေကရော”

စနစ်က ရှင်းပြသည်။

“ဇာတ်လိုက်ယဲ့ဖန်းရဲ့ ကနဦး ဂုဏ်သတ္တိတွေက ၁၆၀ ကျော်တွေချည်းဖြစ်တယ်။ အဲ့ဒါတွေက စစချင်း ဂုဏ်သတ္တိတွေဖြစ်လို့ ဇာတ်ရှိန်တက်လာတာနဲ့အမျှ တိုးများလာမှာပဲ”

“ထပ်ပြောရရင် ဇာတ်လိုက်မှာ အဆင့်မြင့်အစွမ်းတွေ အများကြီး ပိုင်ဆိုင်ထားတယ်။ အသုံးပြုသူက ဒီအတိုင်းဆို အများကြီး နောက်ကောက်ကျနေသေးတယ်။ အဲ့ဒါကြောင့် ဆက်ကြိုးစားဖို့လိုပါသေးတယ်”

လင်းဖေးဟန် မနေနိုင်ဘဲ ထဆဲလိုက်မိတော့တယ်။

“ဒီကောင်တွေက နတ်ဘုရားကျနေတာပဲ။ ဒီလို မရင့်ကျက်တဲ့ ၀တ္ထုတွေရဲ့ စာရေးဆရာတွေက ကြွားချင်ရုံသက်သက်ပဲရှိတာ”

“ဟုတ်ပါတယ်။ ဇာတ်လိုက်ရဲ့ အညွှန်းကိန်းတွေက ပြည့်စုံလုနီးနီးပဲ။ သူ့ကို လမ်းလျှောက်နေတဲ့ တင့်ကားကြီးလို့ ပြောရင်တောင် အပိုလုပ်ရာမကျပါဘူး”

“လမ်းလျှောက်နေတဲ့ တင့်ကားကြီးတဲ့လား။ ဒါဆိုငါက သူတစ်စစီလုပ်တာ ခံရတော့မှာ မဟုတ်လား”

“ဒါကြောင့် အသုံးပြုသူအနေနဲ့ အတတ်နိုင်ဆုံး မကြာခင်မှာပဲ ပွိုင့်တွေအများကြီးစုပြီး ပိုသန်မာလာဖို့လိုတာပေါ့”

“ပွိုင့်အကြောင်းပြောရရင် အဓိကဇာတ်ကောင် လုရွှယ်ယင်နဲ့ စေ့စပ်ထားတာကို အသုံးပြုသူက ဘာကြောင့် ဖျက်သိမ်းချင်ရတာလဲ ကျွန်ုပ်သိချင်ပါတယ်။ လုရွှယ်ယင်က ၀တ္ထုထဲက ပထမဆုံး အမျိုးသမီး‌ဇာတ်ကောင်ဖြစ်ပြီး ပွိုင့်တွေအပြည့်ပဲဆိုတာ အသုံးပြုသူအနေနဲ့ သိထားရပါမယ်။ ဇာတ်လိုက်မကို အနိုင်ရသရွေ့ ရတနာဖြစ်လာမှာ မလွဲမသွေပဲ။ အသုံးပြုသူက လုရွှယ်ယင်နဲ့ စေ့စပ်ထားတာ ဖျက်သိမ်းလိုက်တာက အမှားကြီးမှားတာပါပဲ”

All Chapters