← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

“ပြီးသွားပြီ”

နှစ်ယောက်သားက ထပြီးငြင်းခုံချင်ပေမဲ့ လင်းဖေးဟန်က သူတို့ကို အခွင့်အရေးပေးဘဲ သေဒဏ်ချမှတ်လိုက်၏။

ရုတ်တရက် နှစ်ယောက်လုံး ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး စတင်‌အသနားခံတော့သည်။

“ဥက္ကဌ…ကျွန်တော်တို့တွေ မှားသွားပါတယ်။ ကျေးဇူးပြုပြီး နောက်ထပ်အခွင့်အရေး ထပ်ပေးနိုင်မလား”

“ခင်ဗျားတို့က ဆက်နွှယ်နေကြတုန်းမလား။ စိတ်မပူပါနဲ့။ ခင်ဗျားတို့တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးလို့ရဖို့အတွက် တစ်ခန်းတည်း အတူကျအောင် စီစဉ်ပေးပါ့မယ်”

လင်းဖေးဟန် လုံခြုံရေးကို ခေါ်လိုက်သည်။

“မြို့တော်ဗျူရိုကို အကြောင်းကြားပြီး သူတို့ကို လာဖမ်းခိုင်းလိုက်”

ထိုစကားကို ကြားလိုက်ရသည်နှင့် ခုန်းမင်းရုံ သွေးတက်ပြီး မျက်လုံးများပြာဝေကာ သတိ‌လစ်သွားလေ၏။

ဟွမ်းဟိုင်ပင်းက ပိုဆိုး၏။ ‌ဘောင်းဘီထဲ သေးပါပေါက်ချမိလေတော့သည်။

ထိုနေရာတွင်ရှိနေသူများက ပိုမိုရှုပ်ထွေးကုန်သည်။ အသစ်ခန့်အပ်ထားတဲ့ဥက္ကဌက ပြဿနာရှာလို့ရတဲ့သူမဟုတ်ချေ။

အဲ့ဒီ သည်းခံနိုင်စရာမရှိတဲ့ လူနှစ်ယောက်ကို ကြည့်ရင်းနဲ့ လင်းဖေးဟန်ရဲ့ မျက်လုံးများထဲမှာ ရွံရှာမှုတွေနဲ့ ပြည့်နှက်လာသည်။

“ခင်ဗျားကို အခွင့်အရေးပေးခဲ့ပေမဲ့ ခင်ဗျားက အသုံးမှမကျတာ။ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ဦး။ လင်းအုပ်စုအတွက် တကယ်အရှက်ရဖို့ကောင်းတယ်”

သူ့မှာ အကြင်နာတရား တစ်စိုးတစ်စိမှမရှိ။ သူသာ စိတ်ထားပျော့ညံ့ခဲ့ရင် အဆုံးမှာ ထိခိုက်မှာက သူပင်ဖြစ်သည်။

မြို့တော်ဗျူရိုကလူတွေက မြန်မြန်ရောက်လာပြီး ထိုလူနှစ်ယောက်ကို ခေါ်သွားတော့လေ၏။

ကသောင်းကနင်းတွေ ပြီးဆုံးသွားခဲ့ချိန်မှာတော့ ကျန်ရှိတဲ့ ထိပ်တန်းအမှုဆောင်တွေက သက်ပြင်းချလိုက်ကြတော့သည်။ သူတို့ရဲ့မျက်နှာပေါ်မှာ နောင်တရခြင်း အရိပ်အယောင်များသမ်းလျက်ရှိ၏။

ဥက္ကဌသစ်က ဆုံးဖြတ်ချက်ပြတ်သားပြီး ရက်စက်လှသည်။ စစချင်းက သူတို့ လင်းဖေးဟန်ကို သတိပေးချင်ခဲ့ကြပေမဲ့ လင်းဖေးဟန် ခြောက်လှန့်တာကို တိုက်ရိုက်ကြီးခံလိုက်ရမယ်လို့ သူတို့မထင်ထားခြင်းပင်ဖြစ်သည်။

အရေးအကြီးဆုံးကတော့ လင်းဖေးဟန်လက်ထဲ ဘယ်လိုလုပ် ဝှက်ဖဲတွေအများကြီးရှိနေရတာလဲဆိုတာ သူတို့မသိခြင်းပင်။ လင်းဖေးဟန်က သူတို့ရဲ့ ပြစ်မှုတွေကို စုံစမ်းနေလားဆိုတာလည်း သူတို့မသိကြပေ။ မြို့တော်ဗျူရိုကလူ‌တွေ ထပ်ရောက်လာမှာကို သူတို့ကြောက်ကြသည်။

၎င်းအခိုက်အတန့်တွင် ထိုသူတို့သည် တစ်ရက်ကိုတစ်နှစ်လိုခံစားရပြီး ချွေးများ ပြင်းထန်စွာ ထွက်လျက်ရှိကြ၏။

ထိုလူအုပ်ကိုကြည့်ပြီး လင်း‌ဖေးဟန် ညင်ညင်သာသာ ပြုံးပြလိုက်သည်။

ထို့နောက် အေးဆေးဆေးဆေးပြောလိုက်၏။

“အားလုံးပဲ စိတ်မပူကြပါနဲ့။ ငါးခုံးမအနည်းငယ်ကလွဲရင် ဒီကလူတိုင်းက လင်းအုပ်စုအတွက် တွေးပေးမယ်လို့ ကျွန်တော် ယုံကြည်တယ်။ ခင်ဗျားတို့ရောဘယ်လိုထင်လဲ”

လင်းဖေးဟန်ရဲ့ လေသံက တည်ငြိမ်နေပေမဲ့ အဲ့ဒီမှာရှိနေတဲ့သူတွေအတွက်တော့ အဲ့ဒါကအရေးမဟုတ်။

လူသတ်လိုစိတ်ပြည့်နေတဲ့ သူ့ရဲ့လေသံကသာ လူတိုင်းကို နှလုံးခုန်နှုန်း မြှင့်တက်စေခဲ့သောအရာဖြစ်သည်။

“သခင်လေး လင်း။ မ…မဟုတ်ဘူး။ ဥက္ကဌလင်း ပြောတာမှန်တယ်။ အဲ့ဒီလူတွေက ကန်းနေကြတာပဲ။ ဥက္ကဌကြီးက သဘောထားပြည့်၀ပါတယ်။ ဒါပေမဲ့ အဲ့ဒါကို သူတို့တွေက အခွင့်ကောင်းယူခဲ့ကြတာပါ။ ခုကစပြီး ဒီလူအိုကြီးလီ ဥက္ကဌရဲ့ စစ်သည်တော်အဖြစ် အသုံးတော်ခံပါ့မယ်။ ဥက္ကဌကို မထောက်ခံတဲ့သူရှိရင် ဒီလူအိုကြီးနဲ့ အရင်ရင်ဆိုင်ရပါလိမ့်မယ်”

ဝါးရိုးလို ပိန်ပါးလှတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်က သူ့မျက်လုံးတွေကို မှေးပြီး လင်းဖေးဟန်ကို သစ္စာရှိကြောင်း ဖော်ပြလိုက်၏။

လင်းဖေးဟန်က အဲ့ဒါကိုမြင်လိုက်ရ‌တော့ စိတ်ထဲကျေနပ်သွားသည်။

သူ့အရင်ဘ၀က ခေါင်းဆောင်က ဒီလိုလူမျိုးတွေကို သဘောကျတာ မဆန်းပါဘူး။ ဘောမခံရတာ အတော်လေး နေလို့ကောင်းတာပဲ။

တစ်စုံတစ်ယောက်က သူရဲ့အမြင်ကို ဖော်ပြလိုက်ချိန်မှာ လူတိုင်းက အပြိုင်အဆိုင် ဖော်လန်ဖားလုပ်ကြတော့သည်။

“ဥက္ကဌလင်း ဒီမှာရှိနေမှတော့ လင်းအုပ်စုရဲ့ အနာဂတ်က အရင်ဥက္ကဌ လက်ထက်ကထက်တော့ ပိုမနိမ့်ကျနိုင်ပါဘူး။ အဲ့ဒီထက်တောင် ပိုမြင့်မားသွားနိုင်တယ်လို့ ပြောလို့ရတယ်”

“လင်းဥက္ကဌရှိနေတာက လင်းအုပ်စုနဲ့ ဒီက၀န်ထမ်းတွေအတွက် ကောင်းချီး မင်္ဂလာတစ်ခုပါပဲ”

လင်းဖေးဟန် တိတ်တိတ်လေး ခေါင်းငြိမ့်လိုက်၏။

လက်ရှိသူ့ရဲ့ အနေအထားက သူလိုချင်တဲ့အတိုင်းဖြစ်လာသည်။ လင်းကော်ဟွားထက်ပင် ပိုမိုသာလွန်သည်ဟုဆိုရင်တောင် အပိုလုပ်ရာမကျပါ။

လူအများက လင်းကော်ဟွားကို လေးစားကြ၏။ သူက လင်းအုပ်စုရဲ့ ဥက္ကဌဖြစ်ပြီး သူရဲ့ ဆုံးဖြတ်ချက်တိုင်းက ကုမ္ပဏီက လူထောင်ချီရဲ့အနာဂတ်ကို ကိုယ်စားပြုနေသည်။ လင်းကော်ဟွားက ဆုံးဖြတ်ချက်အမှား တစ်ခါမှမချမှတ်ဖူးသဖြင့် လင်းအုပ်စုက ကြီးပွားသထက်ကြီးပွားလာခဲ့သည်။ ထို့ကြောင့်ပင် လင်းအုပ်စုရှိလူတိုင်းက လင်းကော်ဟွားကို အလွန်လေးစားကြ၏။

လင်းဖေးဟန်က သူ့ရဲ့ ရုတ်တရက်ဆန်လှသောနည်းဖြင့် ကုမ္ပဏီတွင် ခိုင်မာစွာ အမြစ်တွယ်နေသော အမှုဆောင်သုံးယောက်ကို မျက်စိရှေ့မှ ဖယ်ရှားလိုက်သည်။ ထိုအချက်က လူတိုင်းကို အံ့အားသင့်စေခဲ့၏။

အဲ့ဒီ အကြမ်းပတမ်းနည်းလမ်းက လူတွေကို အဲ့ဒီသုံးယောက်ပြီးရင် သူတို့အလှည့်ရောက်လာမှာ ကြောက်ရွံ့စေခဲ့သည်။

သူတို့က လင်းဖေးဟန်ကို လေးစားတာမဟုတ်။ ကြောက်ရွံ့ရိုသေကြခြင်းပင်ဖြစ်၏။

လင်းဖေးဟန်လည်း အဲ့ဒီအချက်ကိုသိသည်။ အဲ့ဒီလူတွေ သူ့ကို အချိန်ခဏအတွင်း လေးစားလာစေဖို့ဆိုတာ မဖြစ်နိုင်ပါ။ အခုရလဒ်က သူလိုချင်တာပဲဖြစ်သည်။

လူတိုင်း အသံမထွက်ရဲကြပေ။ လင်းဖေးဟန်ကို သတိထားကြည့်နေကြသည်။

လင်းဖေးဟန် ပြုံးပြီးပြောလိုက်သည်။

“ဘယ်သူမှမကန့်ကွက်ဘူးဆိုတော့ ကျွန်တော် တစ်ခုထပ်ကြေညာချင်ပါတယ်”

ထိုစကားကိုကြားလိုက်ရချိန်မှာ လူတိုင်း ပူပန်သွားကြ၏။

ဥက္ကဌက သတ်ဖြတ်လို့မ၀သေးဘူးလား။ လူနည်းနည်းထပ်ရှာပြီး ‌မိုးကောင်းကင်ကို ယစ်ပူဇော်တော့မလို့လား။

စိုးရိမ်နေတဲ့လူအုပ်ကြီးကိုကြည့်ပြီး လင်းဖေးဟန် ပြုံးပြုံးလေးပြောလိုက်သည်။

“မစိုးရိမ်ကြပါနဲ့။ ခင်ဗျားတို့အကုန် လူဟောင်းတွေချည်းပဲ။ ဥက္ကဌဟောင်းလက်ထက်မှာလည်း ကောင်းကောင်းလုပ်ကိုင်ခဲ့ကြတယ်။ ကုမ္ပဏီကိစ္စတချို့ပဲ မေးမှာပါ ကျွန်တော်က”

ထိုသို့ကြားလိုက်ရမှ လူတိုင်းသက်ပြင်းချနိုင်တော့၏။

လင်းဖေးဟန်က စီမံကိန်းမန်နေဂျာကို ကြည့်ပြီး လေးနက်သောလေသံဖြင့်မေးလိုက်သည်။

“ငါတို့မှာ လတ်တလော ၂ ဘီလီယံတန်တဲ့ စီမံကိန်းရထားတယ်မလား”

စီမံကိန်းမန်နေဂျာက ခဏတွေးပြီး ခေါင်းငြိမ့်ပြလိုက်၏။

“ဟုတ်ပါတယ်”

စီမံကိန်း‌မန်နေဂျာက သေချာသိ၏။ အဲ့ဒီ ၂ ဘီလီယံတန် စီမံကိန်းက ငွေသိပ်မများပေမဲ့ ဒေသတွင်း အရာရှိတွေနဲ့ မြို့တော်ခေါင်းဆောင်တွေပါ ပါ၀င်ပတ်သက်နေသည်။ ဒီစီမံကိန်းသာ အောင်မြင်ရင် လင်းအုပ်စုက ပိုမိုမြင့်မားတဲ့နေရာကို ရောက်ရှိသွားမှာဖြစ်သည်။

အစက သူအဲ့ဒီစီမံကိန်းကို ရအောင် အချိန်ပိုဆင်းပြီး အသည်းအသန်ကြိုးစားခဲ့ရ၏။

“စာချုပ်တစ်ခုပြင်လိုက်။ ငါ လုမိသားစုကို ၁ ဘီလီယံတန် စီမံကိန်းတစ်ခု ကမ်းလှမ်းချင်တယ်”

“ဘယ်လို။ ဥက္ကဌ…ဒီကိစ္စက…”

ဟာသပဲ။ ‌အစောက လင်းဖေးဟန်က လူတိုင်းကို လန့်အောင်လုပ်ခဲ့လို့သာပေါ့။ မဟုတ်ရင် သူ လင်းဖေးဟန်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ကုမ္ပဏီကို ဘယ်လိုခန့်ခွဲရလဲဆိုတာရော သိလားဆိုပြီး မေးလိုက်မိမှာပင်ဖြစ်သည်။

စီမံကိန်းပြီးအောင် အသေအလဲကြိုးစားပြီးမှ တစ်၀က်ကို သူများကို ပေးလိုက်ရမှာတဲ့လား။

“ဥက္ကဌ၊ ဒီစီမံကိန်းက ၂ ဘီလီယံတန်ပေမဲ့ အစိုးရနဲ့ဆိုင်တယ်။ ရောသောပေါသောလုပ်လို့မရဘူး။ ဒီလိုသာလုပ်မယ်ဆိုရင် အစက ရင်းနှီးထားတဲ့ငွေတောင် ပြန်ရမှာမဟုတ်ဘူး”

စီမံကိန်းမန်နေဂျာက ဥက္ကဌထက်ပင် ပိုမိုစိုးရိမ်နေပုံပေါက်နေသည်ကိုတွေးပြီး လူ‌များက မဲ့ပြုံးပြုံးလိုက်ကြသည်။

စီမံကိန်းမန်နေဂျာဖြစ်ပြီး ဘယ်လိုလုပ် ရေလိုက်ငါးလိုက် မနေတတ်ရတာလဲ။

ဒီဘိုးဘေးလေးကို အရင်စိတ်လျော့ခိုင်းပြီးမှ နောက်ကိစ္စနောက်‌ပြောလို့မရဘူးလား။

အဲ့ဒါကို ဒီလိုအခြေအနေကြီးမှာ ပြောရသလား။

သူဒေါသထွက်သွားလို့ မင်းကို မြို့တော်ဗျူရိုကို ပို့လိုက်ကာမှ ငိုစရာနေရာမရှိဖြစ်နေမယ်။

လင်းဖေးဟန် လက်ခါပြလိုက်ပြီး အမေးအမြန်းမရှိပြောလိုက်၏။

“ငါပြောတဲ့အတိုင်းသာလုပ်လိုက်။ လောလောဆယ် မင်းမသိသေးပေမဲ့ နောက်ကျရင် ငါ့ရည်ရွယ်ချက်ကို မင်းသိလာလိမ့်မယ်”

သူသာ အခုနေ လုမိသားစုနဲ့ ပူးပေါင်းဖို့သာ မလုပ်ခဲ့ရင် နောက်ကျ ရွှယ်ယင်နဲ့ နီးစပ်ဖို့ ဘာအကြောင်းပြရမှာလဲ။

အကျိုးအမြတ်အကြောင်းပြောရရင် အဲ့ဒါက‌ နောက်နေတာသာဖြစ်သည်။ အမြတ်နည်းနည်းလေးက ဘာလုပ်ရမှာလဲ။ လုရွှယ်ယင်သာ ငါးစာကိုဟပ်ရင် လုအုပ်စုကို လွယ်လွယ်ရမှာပဲ။

“ဒါနဲ့ မင်းနာမည်က ဘာလဲ”

လင်းဖေးဟန် စီမံကိန်းမန်နေဂျာကို ကြည့်လိုက်သည်။

နောက်ဆုံးတော့ ရောက်လာပြီ။

All Chapters