အခန်း (၇)
Vol. 1 Ch. 7
ဥက္ကဌကို အပြစ်ပြုမိရင် အလုပ်ထုတ်ခံရတယ်ဆိုတာက မဆိုးသေးဘူးပြောရမယ်။ တစ်ခုခုဖြစ်လို့ကတော့ ဉာဏ်မရှိတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရမည်။
လင်းဖေးဟန်ရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အချိန်မှာ စီမံကိန်းမန်နေဂျာမှာ နှလုံးခုန်သံပင် ရပ်တန့်သွားခဲ့၏။
ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်တော့ လူတိုင်းက သူ့ကို မင်းကံကောင်းပါဇီ ဆိုတဲ့အကြည့်နဲ့ ကြည့်နေကြတာကို သူတွေ့လိုက်ရသည်။ ထိုအရာက သူ့ကို ပို၍ပင် စိုးရိမ်ပူပန်သွားစေ၏။
“ကျွန်…ကျွန်တော့်နာမည်က ချန်ကောဟောင်ပါ…”
“မနက်ဖြန်ကစပြီး မင်းက မန်နေဂျာချုပ်ပဲ”
ချန်ကောဟောင်နဲ့ပတ်သက်ပြီး လင်းဖေးဟန် ကောင်းမွန်သောအမြင်ရှိသည်။ သူက လင်းအုပ်စုရဲ့ အကျိုးအမြတ်ကို တွေးတောပေးပြီး အမှန်တရားကို ပြောရဲ၏။ ဤသို့ ဖြောင့်မတ်ပြီး နာခံတတ်သောသူကို သူ့လက်အောက်ထားရှိရမည်။
ချန်ကောဟောင်အပါအ၀င် ထိုနေရာတွင် ရှိနေသူတိုင်း အံ့ဩမှင်သက်သွားကြသည်။
ဘာလို့ ဒီဥက္ကဌအသစ်က စည်းမျဉ်းတွေအတိုင်း မလုပ်ရတာလဲ။
ချန်ကောဟောင်က ခဏမျှ ငြိမ်နေပြီးနောက် သူ့မျက်နှာမှာ စိတ်လှုပ်ရှားပျော်ရွှင်မှုဖြင့် ပြည့်နှက်သွား၏။
သူဦးညွှတ်လိုက်ပြီးနောက်_
“ကျေးဇူးတင်ပါတယ် ဥက္ကဌ။ ဥက္ကဌနဲ့ လင်းအုပ်စုကို ကျိန်းသေ ပြန်ကျေးဇူးဆပ်ပါ့မယ်။ ကျွန်တော့်ကိုယုံကြည်ပေးလို့ ဥက္ကဌ စိတ်မပျက်စေရပါဘူး”
လင်းဖေးဟန်က ပြုံးလိုက်၏။ ထို့နောက် လက်ခါပြကာ အစည်းအဝေး ပြီးသွားပြီဖြစ်ကြောင်းကို အချက်ပြလိုက်သည်။
တစ်ဦးပြီးတစ်ဦး ထွက်သွားကြ၏။ လင်းဖေးဟန်၏စိတ်ထဲ အချက်ပေးချက်ပေါ်လာသည်။
“တင်း! စနစ်သတိပေးချက်: အသုံးပြုသူက လင်းအုပ်စုကို လက်လွှဲယူပြီး ဇာတ်ကြောင်းကိုပြောင်းလဲလိုက်တဲ့အတွက် ၁၀ ပွိုင့်ရရှိပါတယ်”
လင်းဖေးဟန် ဘာမှမတုံ့ပြန်ရသေးခင် ဖုန်းမြည်လာ၏။ ဖခင်ဖြစ်သူလင်းကော်ဟွား ခေါ်ဆိုခြင်းဖြစ်သည်။
အစည်းအဝေးပြီးပြီးချင်း လင်းကော်ဟွား ဘာလို့ ဖုန်းဆက်လိုက်ရတာလဲဆိုတာ လင်းဖေးဟန်သိသည်။
အဲ့ဒီလူကြီးတွေက အပေါ်ယံမှာတော့ သူ့ကိုနာခံသယောင်ရှိပေမဲ့ စိတ်ထဲမှာတော့ သူ့ကို မကျေနပ်ကြပေ။ ထို့ကြောင့် လင်းကော်ဟွားကို လှမ်းတိုင်လိုက်ကြခြင်းဖြစ်၏။
“အဖေ”
လင်းဖေးဟန် ဖုန်းကိုတန်းကိုင်လိုက်သည်။
“အဖေဘာလို့ဖုန်းခေါ်တာလဲသိလား”
လင်းကော်ဟွားရဲ့ လေသံက တည်ငြိမ်နေသည်။ မည်သည့်ခံစားချက်မျိုးမှ ရောထွေးမနေချေ။ သို့သော် လင်းဖေးဟန် ဖိအားကို ခံစားလိုက်ရ၏။
ဒါပေါ့လေ။ သူက အဖေပဲကို။ အရှိန်အဝါလေးတော့ ပြရဦးမှာပေါ့။
လင်းဖေးဟန် စိတ်ထဲတွေးပြီး ပြန်ဖြေလိုက်သည်။
“မသိဘူးလေ အဖေ။ ဘာကိစ္စရှိလို့လဲ”
လင်းကော်ဟွား အံ့အားသင့်သွား၏။ သူ့သားရဲ့ စရိုက်အရ အခုလောက်ဆို သူ့ကို အကြောင်းစုံပြောပြပြီး အကျိုးနဲ့အပြစ်ကို ဝေခွဲစိတ်ဖြာပြနေလောက်ပြီဖြစ်သည်။
ဒီတစ်ကြိမ်မှာတော့ သူ့သားက တုံးအချင်ယောင်ဆောင်နေ၏။
သူ့သား တကယ်ပဲ အရွယ်ရောက်လာပြီဆိုတာကို လင်းကော်ဟွား သဘောပေါက်သွားသည်။
အတိတ်က လင်းဖေးဟန်က အလွန်တစ်ဇွတ်ထိုးဆန်ပြီး သူ့ကိုယ်သူ ထိန်းချုပ်ရကောင်းမှန်းမသိချေ။ လူအများကြီးကိုလည်း အပြစ်ပြုမိခဲ့၏။
ဒါပေမဲ့ လင်းကော်ဟွား စိတ်မပူပါ။ သူက လင်းအုပ်စုရဲ့ ဥက္ကဌဖြစ်ပြီး ကျန်းပိုင်မြို့ရဲ့ အထင်ကရပုဂ္ဂိုလ်တွေထဲကတစ်ယောက်ပဲကို။ လင်းဖေးဟန်က တစ်ယောက်ယောက်ကို ပစ်မှားမိလည်း သူ့စကားတစ်ခွန်းနဲ့ ပြီးနေတာပဲလေ။
တချို့လူတွေဆိုရင် “လင်းအုပ်စု” ဆိုတဲ့ စကားကို ကြားလိုက်ရုံနဲ့ တုန်လှုပ်သွားကြသည်။
ခုဆို သူ့သားက သူ့ကိုယ်သူ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာနဲ့ အရေးကြီးတာတွေကို ဘယ်လိုရှောင်ရှားရမလဲဆိုတာ သိနေပြီဖြစ်၏။ သူ့သားလက်ထဲ လင်းအုပ်စုကို ထည့်ပေးရမှာ လင်းကော်ဟွား စိတ်ချသွားသည်။
လင်းကော်ဟွား ပြုံးပြီးပြောလိုက်သည်။
“ကလိမ်ကကျစ်ကောင်လေး။ ဒီနေ့ဘာဖြစ်သွားလဲဆိုတာ အဖေသိပြီးပြီ။ မင်းကို အခုခေါ်လိုက်တာက ဆူဖို့မဟုတ်ဘူး။ ချီးကျူးဖို့ပဲ”
“မင်းလုပ်တာကောင်းတယ်။ မင်းမှာ ကိုယ်ပိုင်အတွေးတွေရှိပုံပဲ။ အဖေ၀င်မရှုပ်ပါဘူး။ လင်းအုပ်စုကို မင်းကြိုက်သလိုသာစီမံလိုက်”
“မင်းအမေနဲ့ငါ နိုင်ငံခြားထွက်ဖို့ရှိသေးတယ်လို့ ပြောမလို့။ လင်းအုပ်စုက မင်းလက်ထဲမှာပဲ”
“ငါ့ရဲ့ကိုယ်ရံတော် အားသောင်ကို မင်းအတွက် ထားခဲ့မယ်။ မင်းကိစ္စတွေလုပ်တာ မချောမွေ့သေးဘူး။ တချို့လူအိုကြီးတွေက မကောင်းတဲ့အကြံအစည်တွေ မလွဲမရှောင်သာရှိလာနိုင်တယ်။ အားသောင်မင်းကို ကာကွယ်ပေးလိမ့်မယ်”
“မင်း မဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုခု ရှိလာခဲ့မယ်ဆိုရင် အဖေ့ကိုသာခေါ်လိုက်။ စိတ်မပူနဲ့။ အဖေအကုန်ဖြေရှင်းပေးမယ်”
လင်းကော်ဟွား ဖုန်းပြောရင်းနဲ့ လင်းဖေးဟန်ကို အမှာစကား ချွေနေလေ၏။
လင်းဖေးဟန်ကလည်း ခေါင်းလေးတငြိမ့်ငြိမ့်နှင့်။ သူစိတ်မဆိုးရုံတင်မကဘူး။ ရင်ထဲကပါ လှိုက်လှိုက်လဲလဲ နွေးထွေးမှုကို ခံစားလိုက်ရသည်။
လင်းကော်ဟွား မှာကြားနေသည်မှာ တစ်နာရီမျှကြာသွား၏။ လင်းဖေးဟန်က ကုမ္ပဏီကိစ္စအ၀၀ကို သူဖြေရှင်းလိုက်မည်ဟု အထပ်ထပ် ကတိပေးလေသည်။ လင်းကော်ဟွား စိတ်ကျေနပ်စွာနှင့် ဖုန်းချလိုက်သည်။
လင်းဖေးဟန် အချိန်ကိုကြည့်လိုက်တော့ ညနေ ၆ နာရီခွဲရှိနေပြီ။
အချိန်မရှိတော့ဘူးဆိုတာ လင်းဖေးဟန်သိလိုက်သည်။
လင်းအုပ်စုကို စီမံခန့်ခွဲပြီး လုရွှယ်ယင်ရဲ့စိတ်ကိုလည်း အရယူရဦးမည်။ လုရွှယ်ယင် ဇာတ်လိုက်နောက်ပါသွားမှာ သူမလိုလားချေ။ သူတစ်ချိန်လုံး ဇာတ်လိုက်ကို သတိထားနေမှဖြစ်မည်။
လင်းဖေးဟန် ဖိအားကို ခံစားလိုက်ရသည်။
လင်းဖေးဟန် ခေါင်းခါကာ အတွေးများကိုမောင်းထုတ်လိုက်၏။ ထို့နောက် ဖုန်းကိုကောက်ကိုင်လိုက်ပြီး အားသောင်ကို လှမ်းဆက်လိုက်သည်။
“ဘာမှာကြားစရာရှိလို့လဲ သခင်လေး”
“အားသောင် ငါ့ကိုကုမ္ပဏီမှာလာခေါ်လိုက်။ ဟေးဟိုင်မြို့ကို သွားကြရအောင်”
“ဟုတ်ကဲ့ သခင်လေး”
သူ့သခင်လေးက ဒီလောက်နောက်ကျမှ ဟေးဟိုင်မြို့ကို ဘာသွားလုပ်တာလဲဆိုတာ အားသောင်သိချင်ပေမဲ့ မေးခွန်းမထုတ်ခဲ့ပေ။ သူ့နေရာသူ ကောင်းကောင်းသိသည်။ လင်းသားစုကို သူအကြွင်းမဲ့နာခံရုံကလွဲပြီး ရွေးချယ်စရာမရှိချေ။
အားသောင်က မိဘမဲ့တစ်ဦးဖြစ်၏။ လင်းကော်ဟွားက သူ့ကို ကလေးဘ၀ကတည်းက ခေါ်ယူထားခဲ့ခြင်းဖြစ်သည်။ သူက ကိုယ်ခံပညာမျိုးစုံကို ဆည်းပူးခဲ့ပြီး စစ်တပ်ထဲမှာတောင် အချိန်အတော်ကြာ တာ၀န်ထမ်းဆောင်ခဲ့ဖူး၏။
လင်းကော်ဟွားက အားသောင်ကို သဘောကျပြီး အားသောင်ကလည်း လင်းမိသားစုကို ၁၀၀ ရာခိုင်နှုန်း သစ္စာရှိသည်ဟုဆိုနိုင်သည်။
“ဟေးဟိုင်မြို့က နောက်လာမဲ့ ဇာတ်ကြောင်းမှာ ဇာတ်လိုက်သွားရောက်မဲ့နေရာဖြစ်တယ်။ အသုံးပြုသူက ဘာအကြောင်းကြောင့် ဟေးဟိုင်မြို့ကို သွားချင်ရတာလဲ”
စနစ်က လူသားဆန်လှသည်။ စကားပြောရာတွင်ပင် သံသယ၀င်ကြောင်း သိသာနေ၏။
လင်းဖေးဟန် ပြုံးယောင်သမ်းကာ ပြောလိုက်သည်။ “မူလဇာတ်ကြောင်းမှာ ယဲ့ဖန်းက ဟေးဟိုင်မြို့ကိုလာပြီး ထူးဆန်းတဲ့တွေ့ဆုံမှုတစ်ခုကြောင့် အမည်မသိ ဆေးပညာကိုရရှိခဲ့တယ်။ အဲ့ဒါကြောင့် သူ ဆေးအတတ်မှာ အောင်မြင်လာခဲ့တယ်”
လင်းဖေးဟန်က ၀တ္ထုရဲ့ဇာတ်ကြောင်းကို သေချာကြီးမှတ်မိနေသည်။
၀တ္ထုထဲမှာ ယဲ့ဖန်းက ပညာဆည်းပူးပြီးနောက် တောင်အောက်ကိုဆင်းလာပြီး ကျန်းပိုင်မြို့မှာ ကျင်လည်ခဲ့၏။
ကျန်းပိုင်မြို့ကို သူပထမဆုံး ရောက်ရှိလာတုန်းက သူ့ဆေးပညာက ကောင်းမွန်လှသော်လည်း သူ့ဆရာဖြစ်သူထက် အနည်းငယ် နောက်ကောက်ကျနေသေးသည်။
အနည်းငယ်နောက်ကောက်ကျတယ်ဆိုတာ ဘာမှမဟုတ်ဘူးထင်ရပေမဲ့ တစ်ကမ္ဘာခြားတာနဲ့အတူတူပဲ။
နောက်ပိုင်းကျ ယဲ့ဖန်းဟေးဟိုင်မြို့ကို ခရီးထွက်သွားခဲ့၏။ အမှတ်မထင် ဂူတစ်လုံးကို တွေ့ပြီး အမည်မသိဆေးပညာကို ရှာဖွေတွေ့ရှိခဲ့သည်။
အဲ့ဒီစာအုပ်ကို ဘယ်သူရေးခဲ့တာလဲ မသိပေမဲ့ ယဲ့ဖန်းက ဆေးပညာမှာ ဆရာတစ်ဆူဖြစ်လာတာကတော့ အဲ့ဒီဆေးပညာစာအုပ်ကြောင့်ဖြစ်သည်။
လင်းဖေးဟန်ပြောတာကို နားထောင်ပြီးနောက် စနစ်က ထောက်ပြလိုက်သည်။
“အကြံကောင်းပဲ။ အသုံးပြုသူက ဟေးဟိုင်မြို့ကို အရင်သွားပြီး အမည်မသိဆေးပညာစာအုပ်ကို ရှာဖွေချင်တာလား”
လင်းဖေးဟန် ခေါင်းငြိမ့်ပြီး ပြုံးပြလိုက်သည်။
“မင်းမှန်တယ်။ ဗီလိန်ဆိုတာ ဒီလိုလုပ်သင့်တာ။ ဇာတ်လိုက်ရဲ့လမ်းကြောင်းကိုလျှောက်ပြီး သူသွားစရာလမ်းပျောက်အောင်လုပ်ရတာ”
လင်းဖေးဟန်က ဇာတ်ကွက်အကုန်သိသည်။ သူက နတ်ဘုရားလို အကုန်သိမြင်နေတယ်လို့ ဆိုလိုတာပင်။ ဒီအစီအစဉ်ကို သူအကြာကြီးရေးဆွဲနေခဲ့တာဖြစ်သည်။
“အဲ့ဒါဆို အသုံးပြုသူအောင်မြင်ဖို့ ဆုတောင်းပေးပါတယ်။ ကံကောင်းပါစေ”
စနစ်က အားပေးစကားပြောလိုက်၏။
မကြာခင်မှာပဲ အားသောင်က လင်းဖေးဟန်ကိုခေါ်ဖို့ရောက်လာသည်။
လမ်းတစ်လျှောက် လင်းဖေးဟန်နဲ့ အားသောင်တို့ တစ်လှည့်စီ ကားမောင်းခဲ့ကြသည်။ သန်းခေါင်ရောက်မှ ဟေးဟိုင်မြို့ကို ရောက်ရှိခဲ့ကြ၏။
နှစ်ယောက်သား တည်းခိုရန် ဟိုတယ်တစ်လုံးကို ရှာဖွေခဲ့ကြသည်။ မနက် ၆ နာရီတွင် လင်းဖေးဟန် သူ့မှတ်ဉာဏ်ထဲကအတိုင်း ယဲ့ဖန်းတွေ့ခဲ့တဲ့ဂူကို လိုက်ရှာတော့လေ၏။