← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

လုရှော့ချွန်းက ပေါ်ပေါ်တင်တင်ပဲ သူ့ကိုထွက်သွားဖို့ပြောတာဖြစ်သည်။

သူသာဆက်နေမည်ဆိုလျှင် အရှက်မဲ့ရာကျမည်။

သို့သော် လင်းဖေးဟန်က အမှန်တကယ် အရှက်မရှိပေ။ သူက ဗီလိန်လေ။

အမှန်တကယ်က လင်းဖေးဟန် လုမိသားစုကိုလာတာ ရည်ရွယ်ချက်နှစ်ခုရှိသည်။

ပထမတစ်ခုမှာ သူနဲ့ လုရွှယ်ယင်ကြားက ကိစ္စကို ရှင်းလင်းအောင်လုပ်ရန်ဖြစ်၏။

ဒုတိယတစ်ခုမှာ လုသခင်ကြီးကို လူတွေ့ကုသပေးရန်ပင်ဖြစ်သည်။

မူလက လုသခင်ကြီးမှာ နောက်သုံးရက်နေမှ ရောဂါပြန်ထမည်ဟု မျှော်မှန်းထားသည်။ လုသခင်ကြီး ရောဂါစောစောထလာခြင်းက လင်းဖေးဟန် ဇာတ်ကြောင်းကို ပြောင်းလဲလိုက်ခြင်းကြောင်း ဟုတ်မဟုတ်ကို သူမသိပါ။

မူလဇာတ်ကြောင်းအရဆိုလျှင် ဇာတ်လိုက်ယဲ့ဖန်းက လုမိသားစုမှာ အရင်ဆုံး ပေါ်လာခဲ့ခြင်းဖြစ်၏။

ယဲ့ဖန်းရဲ့ဆရာနဲ့ လုသခင်ကြီးက မိတ်ဆွေများဖြစ်ကြသည်။ ထို့ကြောင့် ယဲ့ဖန်းက တောင်အောင်ဆင်းလာပြီး အရင်ဆုံး ပြုလုပ်သည့်အရာက ကျန်းပိုင်မြို့ကိုလာပြီး လုသခင်ကြီးကို ရှာခြင်းဖြစ်၏။

လုသခင်ကြီးမှာ ဖျားနာပြီး အိပ်ရာထဲ တစ်ချိန်လုံး ‌လဲနေခဲ့သည်။ ထိုအချက်က ယဲ့ဖန်းကို အခွင့်သာစေခဲ့၏။ လုသခင်ကြီးကို သူကုပေးရုံသာမက လုမိသားစုရဲ့ ချီးကျူးသဘောကျမှုကိုပါ ခံခဲ့ရသည်။

လုရွှယ်ယင်က သူမအဘိုးဖြစ်သူနှင့် အလွန်ရင်းနှီးချစ်ခင်သော ဆက်ဆံရေးရှိ၏။ ထိုတစ်ကြိမ်တွင် လုရွှယ်ယင်က ယဲ့ဖန်းကို ကျေးဇူးတင်မိသွားခဲ့သည်။ ယဲ့ဖန်းကလည်း လုရွှယ်ယင်နဲ့ နီးစပ်ခွင့်ရတဲ့အတွက် ဂုဏ်ယူသည်။ သူ့ကိုသဘောကျကြတာကို အခွင့်ကောင်းယူပြီး လှည့်ကွက်လေးများ သုံးခဲ့ခြင်းဖြစ်၏။

အမှန်အတိုင်းပြောရရင် လှည့်ကွက်လေးလို့တော့ပြောလို့မရပေ။ စာရေးဆရာက ဇာတ်လိုက်ကို လွှမ်းမိုးနိုင်တဲ့ ဖိုးဖြူစင်အရှိန်အဝါ ပေးထားခြင်းဖြစ်၏။ နောက်ဆုံးမှာ လုရွှယ်ယင်က သူ့ကို ကြွေဆင်းသွားတော့သည်။

စစချင်းက စေ့စပ်ပွဲ ဖျက်သိမ်းမဲ့အကြောင်းကို ပြောရင်းနဲ့ 1 ဘီလီယံတန် စာချုပ်အကြောင်း ထုတ်ပြောဖို့ လင်းဖေးဟန် တွေးထားခဲ့သည်။ ပြီးရင် လုသခင်ကြီးကို စကားအကောင်းတွေပြောမည်။ ဆက်ပြီး ရောဂါကုသတဲ့အကြောင်းပြောမည်။ အဲ့ဒီလိုဆိုရင် ကတိုက်ကရိုက်ဆန်တော့မည်မဟုတ်ပါ။ လုသခင်ကြီးလည်း သဘောတူလိမ့်မည်။

ဒါပေမဲ့ သူ ဒီနေ့ ဒီလိုမျိုး ကြုံတွေ့ရမယ်လို့ မထင်မှတ်ထားပါ။

ဒီအခွင့်အရေးကို အရယူပြီး သူ့ရဲ့ဆေးပညာကို လုသခင်ကြီးကို ပြသချင်မိသည်။

ဒီနည်းအားဖြင့် လုမိသားစုဆီကနေ သူကျေးဇူးတင်ခံရရုံသာမက ဇာတ်လိုက်ယဲ့ဖန်းထက်ပင် သာလွန်သွားလိမ့်မည်။ ယဲ့ဖန်းနှင့် လုရွှယ်ယင်ကြားက ဆက်ဆံရေးကို ဖြတ်တောက်ပြီးသား ဖြစ်သွားလိမ့်မည်။

ထိုအချိန်မှာ လင်းဖေးဟန် အမြန်ပြောလိုက်၏။

“ဦးလေးလု အထင်လွဲနေပါပြီ။ ကျွန်တော် ဒီကို ပြဿနာရှာဖို့ ရောက်လာတာမဟုတ်ပါဘူး။ တကယ်က ကျွန်တော်ပြောရင် ဦးလေးယုံမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ အဘိုးကို ကုသဖို့ နည်းလမ်းရှိတယ်ဆိုတာ ပြောချင်ပါသေးတယ်”

လင်းဖေးဟန် အနည်းငယ် ကူရာကယ်ရာတော့မဲ့သွားသည်။

ဒီအခြေအနေမှာ သူ ဒဲ့ထိုးပြောမှပဲရတော့မည်။

“နင်ကလား။ နင့်လုပ်နိုင်စွမ်းကို ငါမသိဘူးလို့ထင်နေတာလား။ နင်ကငါ့အဘိုးကို ကယ်နိုင်တယ်တဲ့လား။ လာနောက်မနေနဲ့။ နင်ဆေးပညာကိုသိတယ်ဆိုပြီး ငါ့ကိုလာမပြောနဲ့”

လုရွှယ်ယင် လှောင်ပြောင်လိုက်၏။

“ဒါက ဟာသမဟုတ်ဘူးနော် ရှောင်ဟန်။ မင်းပြောတာကို မင်းတာ၀န်ယူနိုင်ဖို့ မျှော်လင့်ပါတယ်”

လုရှော့ချွန်း သက်ပြင်းချလိုက်သည်။ လင်းဖေးဟန်စကားကို သူမယုံကြည်ပါ။

လုမိသားစုက လူကြီးတွေကို လင်းဖေးဟန်ကြည့်လိုက်၏။ အားလုံးရဲ့မျက်လုံးထဲမှာ သံသယအပြည့်ဖြင့်ပင်။

“ဟဟ။ အဖေတွေ့တယ်မလား။ လင်းဖေးဟန်က လူလိမ်ပဲ။ ဒီလိုလူမျိုးနဲ့ သမီးကို တကယ်ယူစေချင်တာလား”

ဒီအခြေအနေကို လင်းဖေးဟန် မျှော်လင့်ထားပြီးသားဖြစ်သည်။ ကျိန်းသေတာပေါ့။ သူအလျင်မလိုပါဘူး။ ဒါကိုဖြေရှင်းဖို့ သူ့မှာနည်းလမ်းရှိပြီးသား။

“ဦးလေးလုနဲ့ လူကြီးမင်းတို့။ ဒီလိုပါ။ ကျွန်တော်တို့က သုံးနှစ်ကလေးတွေ မဟုတ်တော့ဘူးလေ။ ကျွန်တော်သာ မသေချာဘူးဆိုရင် ဘယ်လိုလုပ်ပြောရဲပါ့မလဲ။ ကျွန်တော့်ရဲ့ နာမည်ကို သုံးပြီး အာမခံရဲပါ့မလား”

ထိုစကားက လုမိသားစုကလူတိုင်းကို အံ့အားသင့်သွားစေ၏။

အမှန်ပဲဖြစ်သည်။ လင်းဖေးဟန်ရဲ့ အနေအထားနဲ့ ဒီလိုစကားကို ပြောရဲတယ်ဆိုတာ ယုံကြည်ချက်ရှိလို့သာဖြစ်၏။ မဟုတ်လို့ကတော့ ပြဿနာတစ်ခုခုဖြစ်လာရင် လင်းမိသားစုတောင် အကျိုးဆက်ကို ခံယူနိုင်မှာမဟုတ်ဘူး။

ကျန်းချွန်းယန် ခဏတွေးလိုက်ပြီးနောက် လုရှော့ချွန်းကိုပြောလိုက်၏။

“ရှောင်ဟန်က တကယ်တတ်နိုင်တာ ဖြစ်ချင်ဖြစ်မှာပေါ့။ ဘယ်သူသိမှာလဲ”

“အဓိပ္ပာယ်မရှိတာ။ ဘယ်သူက ဒီလိုကိစ္စမျိုးကို စနောက်ရဲမှာလဲ”

လုရှော့ချွန်း သူ့ဇနီးကို ကြိမ်းမောင်းလိုက်သည်။

အမှန်အတိုင်းပြောရရင် သူ လင်းဖေးဟန်ရဲ့စကားကို ၇၀ ရာခိုင်နှုန်းလောက် ယုံကြည်နေပြီဖြစ်၏။ သို့သော် သူမလုပ်ရဲချေ။ တစ်ခုခုမှားသွားရင် မည်သူမျှ တာ၀န်ယူနိုင်မည်မဟုတ်ပေ။

လုရွှယ်ယင်က စကားမပြောဘဲ ဘေးမှာ လှောင်ပြုံးပြုံးနေသည်။ လင်းဖေးဟန် အရူးဖြစ်ပြီး အရှက်ရတာကို သူမြင်ချင်လှသည်။ ထိုသို့ဖြစ်လျှင် လုမိသားစုက လင်းဖေးဟန်အပေါ် အဆိုးမြင်သွားလိမ့်မည်။ လင်းဖေးဟန် စေ့စပ်ပွဲမဖျက်ဖို့ နောင်တရသွားတောင် မီမှာမဟုတ်တော့ချေ။

လူတိုင်းရဲ့စကားသံတွေကို လင်းဖေးဟန်ကြား၏။ အမှန်ဆို သူလည်း မျှော်လင့်ချက်မဲ့နေသည်။ သူပြောလိုက်ပေမဲ့ တစ်ယောက်မှ ယုံကြည်မပေးကြပေ။

လင်းဖေးဟန်တွေးလိုက်မိသည်။

သူလောနေတာဖြစ်မှာပါ။ မေ့ထားလိုက်ပြီး နောက် လုသခင်ကြီး မတောင့်ခံနိုင်တော့မှ ပြန်လာရင်ကောင်းမည်။

အဲ့ဒီအချိန်မှာ အခန်းတံခါးပွင့်သွားပြီး ဆရာ၀န်တွေအများကြီးက ‌ဖြည်းဖြည်းချင်း ထွက်လာကြသည်။

လူတိုင်းက လင်းဖေးဟန်ကို လျစ်လျူရှုပြီး ဆရာ၀န်နားဝိုင်းဖွဲ့ကာ အခြေအနေကို မေးမြန်းလိုက်ကြ၏။

“သခင်ကြီးလုရဲ့အခြေအနေက လောလောဆယ် တည်ငြိမ်သွားပေမဲ့ ပေါ့လျော့လို့တော့မဖြစ်ပါဘူး”

“ကောင်းပြီ အားလုံးပဲ ပင်ပန်းသွားကြပါပြီ”

လုရှော့ချွန်းက ဆရာ၀န်ကို ကျေးဇူးတင်လိုက်သည်။

“အားနာနေပါပြီ လုလူကြီးမင်း။ ဒါက ကျွန်တော်တို့ လုပ်သင့်တာပါ”

ဆရာ၀န်တွေ ထွက်သွားအပြီးမှာ လင်းဖေးဟန် လုရွှယ်ယင်နောက်လိုက်ပြီး အခန်းထဲ၀င်သွားသည်။

“အဘိုး”

လုရွှယ်ယင် သူမရဲ့အဘိုးကို တန်းဖက်လိုက်၏။

“ဟဟ စိတ်မပူပါနဲ့ရှောင်ယင်။ အဘိုးရဲ့ အိုမင်းနေတဲ့အရိုးတွေက ခိုင်မာပါတယ်။ နောက်သုံးလေးနှစ်လောက်တော့ အေးဆေးခံပါသေးတယ်”

“အဲ့လိုမပြောပါနဲ့အဖေ။ အဖေ အကြာကြီးနေရမှာပါ။ အဲ့ကျရင် ရှောင်ယင်လက်ထပ်တာကို ကြည့်သွားရဦးမှာ”

ကျန်းချွန်းယန်က နှစ်သိမ့်စကားပြောလိုက်၏။

“ငါ့ကို မနှစ်သိမ့်နဲ့ ချွန်းယန်။ ငါ့အခြေအနေငါသိပါတယ်”

“ဒီလူငယ်လေးက…”

လုသခင်ကြီးက အသက်ကြီးတော့ သတိမေ့လွယ်သည်။ လင်းဖေးဟန်က ပိုဆွဲဆောင်မှုရှိသွားတော့ သူမမှတ်‌မိတော့ချေ။

လင်းဖေးဟန် အမြန်ရှေ့ကိုသွားပြီး ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။

“ကျွန်တော်က ရှောင်ဟန်ပါ အဘိုး”

လုသခင်ကြီးက ရယ်ပြီးသူ့ခေါင်းကိုပွတ်လိုက်၏။

“လင်းမိသားစုကောင်လေးပဲ။ ဘယ်လိုလုပ် ဒီလောက်ချောလာတာလဲ။ ငါမျက်လုံးတွေက မှုန်နေပြီဆို‌တော့ မင်းကို မမှတ်မိဘူးဖြစ်သွားတယ်။ မင်းငါ့ဆီလာလည်တာတွေ့ရတာ ရှားတယ်”

လင်းဖေးဟန် ခန့်ညားတာကိုပြောကာမှ ဘယ်သူမှ အဲ့ဒါကို သတိမထားခဲ့မိပေ။

လုသခင်ကြီးပြောလိုက်မှပဲ လင်းဖေးဟန်က ပိုချောလာတာကို သူတို့ သိကြတော့သည်။

လုရွှယ်ယင်က လင်းဖေးဟန်ရဲ့မျက်နှာကို ကြည့်လိုက်ပြီး တစ်ခဏမျှ စိတ်လှုပ်ရှားသွား၏။

သူအလန့်တကြားနဲ့ လင်းဖေးဟန်ကိုကြည့်တာကို ရပ်လိုက်သည်။

ဘာလို့လင်းဖေးဟန်ကို ချောတယ်လို့ မထင်ခဲ့တာလဲဆိုပြီး စဉ်းစားနေမိလိုက်၏။

တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူ ဘာဖြစ်နေလဲမသိဘူးဆိုပြီး ဆူပူနေမိသည်။ သူအချစ်ရူးဖြစ်သွားတာပဲ။

“အဘိုး၊ အဘိုးရဲ့ကျန်းမာရေးကို စိတ်ပူစရာမလိုပါဘူး။ အဘိုးရဲ့ရောဂါကို ကုသလို့ရတယ်”

လင်းဖေးဟန် ရှည်ရှည်ဝေးဝေး မစဉ်းစားနိုင်တော့ပါ။ လုမိသားစုကလူတွေက သူ့ကို မယုံကြည်မှတော့ ကာယကံရှင်ဖြစ်တဲ့ လုသခင်ကြီးကိုသာ သူပြောဖို့ကျန်သည်။

သူ့မူလအစီအစဉ်က သခင်ကြီးလုကိုပြောရန်ဖြစ်၏။

“ဟဟ ငါ့ရောဂါအကြောင်း ငါအသိဆုံးပါ။ မင်းတို့အားလုံး ငါ့ကို နှစ်သိမ့်နေကြတာပဲ”

လင်ဖေးဟန် မြန်မြန်ပြောလိုက်သည်။

“ကျွန်တော်အမှန်ကို‌ပြောနေတာပါအဘိုး။ ကျွန်တော် အဘိုးရဲ့ရောဂါကို တကယ်ကုသပေးနိုင်ပါတယ်”

“ပေါက်ကရတွေပြောမနေနဲ့ လင်းဖေးဟန်”

ဒီတစ်ခါတော့ လုရွှယ်ယင် သည်းမခံနိုင်တော့ပါ။

All Chapters