← Chapters

အခန်း (၁၁)

Vol. 1 Ch. 11

အခန်း (၁၁)

Vol. 1 Ch. 11

လုရှော့ချွန်းနဲ့ လူကြီးများက ဘာတစ်ခွန်းမှ မပြောခဲ့ကြချေ။ လုသခင်ကြီးအစား သူတို့ ဆုံးဖြတ်ပေးကြမည်မဟုတ်ပါ။ လုသခင်ကြီးက အိုနေပြီဆိုသော်လည်း သူငယ်တော့မပြန်သေးပါ။ သူ့တွင် ကိုယ်ပိုင် အတွေးအမြင်များရှိသည်။ သူတို့တွေ လုသခင်ကြီးရဲ့ ဆုံးဖြတ်ချက်ကို ၀င်ရောက်စွက်ဖက်မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပဲ လင်းဖေးဟန်က လုမိသားစုမှာ မဆင်မခြင် ထပ်မလုပ်ရဲ‌လောက်ဘူးဆိုပြီး သူတို့တွေ ယုံကြည်နေကြ၏။

“အဲ့လိုမလုပ်နဲ့လေ ရှောင်ယင်။ ရှောင်ဟန် ပြီးအောင်ပြောပါစေ”

“တကယ်က အဘိုးရဲ့ရောဂါက သေးသေးလေးပါ။ ကျွန်တော့်ကိုသာ ယုံကြည်တယ်ဆိုရင် အဘိုးဒီနေ့ပဲ အိပ်ယာထဲက ထနိုင်ရမယ်ဆိုတာ အာမခံတယ်”

“ဟဟ”

လုသခင်ကြီးက ရယ်လိုက်မိ၏။ ဒီစကားတွေကို သူအရင်က ခဏခဏကြားဖူးပေမဲ့ အခုထိ ဒီလိုကဒီလိုပဲမဟုတ်လား။

လူငယ်တွေ ဒီလိုစိတ်မျိူးရှိတာ ကောင်းပါတယ်လေ။ လင်းဖေးဟန်က တစ်နေရာရာမှာ ဆေးပညာကို လေ့လာခဲ့ပြီး အခုလို ဂုဏ်၀င့်ထောင်လွှားလာတာပဲဖြင့်ရမယ်။

လုမိသားစုက ဆရာ၀န်တွေက သာမန်မို့လို့လား။ လင်းဖေးဟန်ကရော ဘယ်လောက်ကြာကြာ လေ့လာထားလို့လဲ။ အဲ့ဒီဆရာ၀န်တွေနဲ့ သူက ယှဉ်နိုင်မှာတဲ့လား။

လုသခင်ကြီးက အမှန်တရားကို သဘောပေါက်၏။ ဒါပေမဲ့ သူ ထုတ်မပြောနိုင်ပါ။ ဘာဖြစ်ဖြစ် ဒီကလေးက ကြင်နာတတ်ပြီး သူ့ရောဂါကို ကုသပေးချင်နေတာမဟုတ်လား။ ဒီကလေးရဲ့ စိတ်အားထက်သန်မှုကို သူ ရိုက်ချိုးလို့မဖြစ်ဘူးလေ။

လုသခင်ကြီးက သူ့ကို မယုံကြည်ဘူးဆိုတာ လင်းဖေးဟန် သိသည်။

ထို့နောက် သူပြောလိုက်၏။

“အဘိုး၊ ကျွန်တော် တကယ်နောက်နေတာမဟုတ်ပါဘူး။ ကျွန်တော် ပြောသွားတာတွေက အမှန်တရားတွေပါ။ လုမိသားစုက သံသယ၀င်တာကို ကျွန်တော် မကြောက်ပါဘူး။ အရေးကြီးတာက အဘိုး စမ်းကြည့်ရဲလားဆိုတာပါပဲ”

“သူ့ကို မယုံနဲ့ အဘိုး။ သမီး သူ့ လုပ်နိုင်စွမ်းကို အသိဆုံးပဲ”

လုရွှယ်ယင် ထပ်ပြောလိုက်၏။

လူတိုင်းက လုသခင်ကြီးကို ကြည့်နေပြီး သူဆုံးဖြတ်တာကို စောင့်နေကြသည်။

ခဏအကြာမှာတော့_

“ထားပါ။ ရှောင်ဟန်မှာ ကုသပေးဖို့ ယုံကြည်ချက်ရှိတယ်ဆိုရင် လုပ်ကြည့်လိုက်ပါ။ ဟုတ်ပြီလား။ ဒီနှစ်တွေအတွင်း ငါ ဆရာ၀န်တွေ အများကြီးကို ကြုံဖူးပြီးပြီ။ ထောင်ဂဏန်းမရှိဘူးဆိုရင်တောင် ရာဂဏန်းတော့ရှိတယ်။ မင်းတစ်ယောက်နဲ့တော့ ဘာမှ မထူးသွားပါဘူး”

“အဘိုး…”

“ထပ်ပြောစရာ မလိုတော့ဘူး။ ငါရဲ့ အိုမင်းနေတဲ့ ခန္ဓာကိုယ်က ရှင်နေလည်း လေထုဖြုန်းတီးရာကျပြီး သေရင်လည်း မြေနေရာယူတယ်။ ငါက တန်ဖိုးမရှိဘူး။ ဘယ်သူမှ ငါ့အသက်ကို မလိုချင်ကြဘူး။ ရှောင်ဟန်က ငါ့ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူးလို့ ငါယုံတယ်”

လုရှော့ချွန်းနဲ့ သူ့ဇနီးက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဘာမှမပြောဘဲ ခေါင်းငြိမ့်လိုက်ကြ၏။

ဒီကိစ္စနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်က လုသခင်ကြီးနဲ့ပဲဆိုင်တဲ့အတွက် သူတို့ ဘာမှပြောလို့မရပါ။

အမှန်အတိုင်းပြောရရင် လင်းဖေးဟန်က သူမရဲ့အဘိုးကို တကယ်ပဲ ကုသပေး‌နိုင်လောက်တယ်ဆိုတာ လုရွှယ်ယင် စိတ်ထဲကနေသိနေသည်။

ဒါပေမဲ့ လင်းဖေးဟန်ကို သူမ အမြဲလိုလို အမြင်မကြည်ခဲ့ပေ။

လုရွှယ်ယင်ရဲ့ မျက်လုံးထဲမှာ လင်းဖေးဟန်က သူ့အဖေပိုက်ဆံကို ဖြုန်းတာကလွဲပြီး ဘာအရည်အချင်းမှမရှိတဲ့ သူဌေးသား လူပေါ်ကြော့ပဲဖြစ်၏။

လင်းဖေးဟန်က သူမရဲ့အဘိုးကို ကုသပေးနိုင်တယ်လို့ ကြားလိုက်ရတော့ လင်းဖေးဟန်အပေါ် သူမရဲ့ မလိုမုန်းထားမှုတွေက သူမရဲ့ ဆင်ခြင်နိုင်စွမ်းကို လွှမ်းမိုးသွားခဲ့တယ်။

လောလောဆယ် လုရွှယ်ယင် တစ်ခုပဲစဉ်းစားမိသည်။

အဲ့ဒါက လင်းဖေးဟန်ဟာ လူတွေအာရုံစိုက်တာခံချင်လို့ ဒီကိုရောက်‌နေတာပဲဆိုတာသာဖြစ်၏။

“အဘိုးသဘောတူလိုက်ပြီဆိုတော့ ကျွန်တော်အရင်ဆုံး အဘိုးရဲ့သွေးခုန်နှုန်းကို စမ်းသပ်ကြည့်မယ်နော်”

“ရှောင်ဟန်က သွေးခုန်နှုန်းစမ်းတာကို သင်ခဲ့မယ်လို့ မမျှော်လင့်ထားဘူး။ ဟဟ။ ကောင်းပြီလေ”

လင်းဖေးဟန်က လုသခင်ကြီးရဲ့ လက်ကောက်၀တ်ကို လှမ်းဆွဲယူလိုက်ပြီး သွေးခုန်နှုန်း စမ်းကြည့်လိုက်သည်။

လင်းဖေးဟန်ရဲ့ ဆေးပညာက သာလွန်အဆင့်ကို ရောက်ရှိနေပြီဖြစ်၏။ စနစ်ရဲ့ စံနှုန်းတွေအရ သူက ဇာတ်လိုက်ယဲ့ဖန်းနဲ့ တစ်တန်းတည်း ဖြစ်နေပြီဖြစ်သည်။

ပေကျင်းက နာမည်ကြီး ဆရာ၀န်တွေနဲ့ တစ်လောကလုံးက နတ်ဆေးဆရာတွေတောင် လင်းဖေးဟန်ရဲ့ ပြိုင်ဖက်မဟုတ်ပါ။

လင်းဖေးဟန်ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်မှုကိုကြည့်ပြီး လုရွှယ်ယင်က အနည်းငယ် အံ့အားသင့်သွား၏။

လင်းဖေးဟန်က တကယ်ပဲ ဆေးပညာတတ်တာလား။ သူက သူမရဲ့အဘိုးကို ကုပေးနိုင်သလား။

လင်းဖေးဟန်အကြောင်းပြောရရင် လင်းဖေးဟန် ဆေးပညာတတ်တယ်ဆိုတာ သူမ မကြားဖူးဘူး။

လင်းဖေးဟန်က သွေးခုန်နှုန်းကို စမ်းကြည့်ပြီး မျက်မှောင်ကျုံ့ကာ ညင်သာစွာပြောလိုက်သည်။ အဘိုး အသက်ရှူမ၀တာမျိုး ခံစားရလေ့ရှိလား။ အဲ့ဒါ နှလုံးမကောင်းတာရဲ့ လက္ခဏာပဲ။ မကုသဘူးဆိုရင် အဘိုးမှာ အချိန်သိပ်မကျန်လောက်တော့မှာစိုးတယ်”

လုသခင်ကြီးက အဲ့ဒီစကားကိုကြားပြီး မျက်လုံးပြူးသွားသည်။

လုမိသားစု၀င်တွေနဲ့ မိသားစုဆရာ၀န်အနည်းအကျဉ်းသာ သူ့ရဲ့ရောဂါကိုသိ၏။

ထိုလူတွေက သူ့ရဲ့ယုံကြည်ရသူတွေဖြစ်ပြီး နှုတ်လုံတာကြောင့် ဘယ်သူ့ကိုမှ မပြောပြခဲ့ကြဘူးဆိုတာ လုသခင်ကြီးက ကျိန်းသေသည်။

ဒါ့အပြင် သူမနေရတော့ဘူးဆိုတာ သူသိပေမဲ့ ဘယ်သူ့ကိုမှ မပြောပြခဲ့ခြင်းဖြစ်၏။

လင်းဖေးဟန်က သူ့ရဲ့ ရောဂါအခြေအနေတွေကို တိတိကျကျ ဖောပြလိုက်တာက သူ့ကို အံ့ဩသွားစေသည်။

လူတိုင်းက သေရမှာကို မကြောက်ဘူးလို့ ပြောကြတာပဲ။ ဒါပေမဲ့ သေခြင်းတရားရှေ့မှောက်မှာ ဘယ်သူက သေချင်မှာလဲ။ သူလည်း နှစ်အနည်းငယ် ပိုနေချင်တာပေါ့။

လင်းဖေးဟန်က ဆေးပညာကို အမှန်တကယ်သိသည်ဟု လုသခင်ကြီး ယုံကြည်လုနီးနီးဖြစ်၏။ သူ့ကို ကယ်တင်နိုင်ဖို့ အခွင့်အရေး ၇၀ ရာခိုင်နှုန်းလောက်ရှိသည်ဟုလည်း ယုံကြည်သည်။

သို့သော် သူ မတုန်မလှုပ်ခဲ့ပေ။ သူမမြင်ဖူးတာ ဘာရှိလို့လဲ။ သူ အလျင်အမြန် စိတ်ငြိမ်ငြိမ်ထားလိုက်သည်။ သူ့နှလုံးမှာမူ အခုန်မြန်လာ၏။

ထိုအချိန်တွင် လင်းဖေးဟန်က လုသခင်ကြီးကို အိပ်ယာပေါ်လဲချရန် ပြောလိုက်သည်။ ပြီးနောက် သူ့အိတ်ထဲကနေ လှပတဲ့ သေတ္တာငယ်ကို ထုတ်ယူလာခဲ့၏။

သေတ္တာထဲတွင်မူ အပ်စိုက်ကုထုံးအတွက် အသုံးပြုသော ငွေအပ်များပါရှိသည်။

အဲ့ဒါက ဒီလိုနေ့မျိုးကိုစောင့်နေရင်း လင်းဖေးဟန် အကြာကြီး ပြင်ဆင်လာခဲ့သောအရာပင်ဖြစ်၏။

အမည်မသိဆေးကျမ်းထဲမှာ အပ်စိုက်ကုထုံးက အပြောအများဆုံးနည်းလမ်းဖြစ်သည်။

“အပ်စိုက်ကုထုံးလား”

လင်းဖေးဟန် ငွေအပ်တွေကို ဆွဲထုတ်လိုက်တာတွေ့တော့ လုမိသားစု၀င်တွေ အံ့ဩသွား၏။

အနောက်တိုင်းဆေးတွေတောင် မကုသနိုင်တဲ့ ‌နှလုံးရောဂါလေ။ တရုတ်ဆေးက ကုသနိုင်မှာလား။

အခုတလော တရုတ်ဆေးပညာရှင်တွေက သုံးစားမရပါ။ အပ်စိုက်တာက ခန္ဓာကိုယ်ကို ပိုသန်စွမ်းစေနိုင်တယ်ဆိုတာ သူတို့ယုံကြည်ပေမဲ့ ရောဂါတွေကို ကုသဖို့တော့ မဖြစ်နိုင်ပါ။

သူများတွေ သူ့ကို ဘယ်လိုမြင်မလဲဆိုတာ လင်းဖေးဟန် ဂရုမစိုက်တော့ချေ။

ငွေအပ်တွေကိုသာ အာရုံစိုက်ပြီး ထုတ်ယူလိုက်သည်။

ထိုအပ်များကို ပိုးသတ်ထားတာ ကြာလှပြီဖြစ်သောကြောင့် အချိန်ကုန်သက်သာသွား၏။

လင်းဖေးဟန်ရဲ့လက်တွေက အပ်တွေရဲ့တစ်ဖက်ကို ကိုင်ထားလိုက်သည်။ သူ့လက်မောင်းတုန်သွားပြီး သူ့လက်ချောင်းများက ဖြည်းဖြည်းချင်း ရွေ့လျားနေ၏။ လုသခင်ကြီးရဲ့ အပ်စိုက်မှတ်တွေကို သူထိုးစိုက်လိုက်သည်။

လင်းဖေးဟန်ရဲ့ လက်တွေက မြန်ဆန်၏။ အပ်ချောင်းများကို လျင်လျင်မြန်မြန်၊ တိတိကျကျနဲ့ မတွေဝေဘဲ အသုံးချခဲ့သည်။ အပ်စိုက်ရာ တစ်ခုနှင့်တစ်ခု အနက်မတူဘဲ တိတိကျကျ ဖောက်ထွင်းသွား၏။

လင်း‌‌ဖေးဟန် စုစုပေါင်း အပ် ၁၅ ချောင်းစိုက်ခဲ့သည်။ လုသခင်ကြီးရဲ့ ကိုယ်ပေါ်က အဓိကအမှတ်တွေကို အပူထွက်ပြီး သွေးလေလည်ပတ်မှုမှန်ကန်စေခဲ့၏။

လင်းဖေးဟန်ရဲ့ နည်းလမ်းက တစ်ခါတည်းနဲ့ မှော်ဆန်ဆန်ပြီးသွားခဲ့ပြီး အားလုံးကို အံ့အားသင့်စေခဲ့သည်။

အထူးသဖြင့် လုသခင်ကြီးရဲ့မျက်နှာမှာ သွေးရောင်သမ်းလာခဲ့၏။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော လုပ်ဆောင်ချက်များ နည်းနည်းချင်း ပြန်လည်ရရှိလာသလို သူခံစားခဲ့ရသည်။

“ရှောင်ဟန် မင်းရဲ့နည်းလမ်းက…”

ထိုအခိုက်အတန့်မှာ လုသခင်ကြီးရဲ့ အသံက ယခင်ကထက် ပိုမိုအားရှိလာခဲ့၏။ ထိုအချက်က လင်းဖေးဟန်က လုသခင်ကြီးရဲ့ရောဂါကို တကယ်ပဲကုသနိုင်တယ်ဆိုတာ လူတိုင်းကိုသိစေခဲ့သည်။

သို့သော် လင်းဖေးဟန်က လုသခင်ကြီးကိုမကြည့်ဘဲ အာရုံသာစိုက်နေခဲ့၏။

“အခုက အရေးကြီးတဲ့အချိန်ပါအဘိုး။ စကားမပြောသေးပါနဲ့ဦး။ ကျွန်တော်ကုသတာကို ပူးပေါင်းဆောင်ရွက်ပေးပါ”

လုသခင်ကြီးခေါင်းငြိမ့်လိုက်၏။

သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြန်ကောင်းနေတယ်ဆိုတာ သူခံစားရသည်။

သူမအဘိုးရဲ့အခြေအနေကိုကြည့်ပြီး ဘေးကကြည့်နေသည့် လုရွှယ်ယင်မှာ သက်ပြင်းချလိုက်တော့၏။

လင်းဖေးဟန်ကုသတာက အဆင်မပြေဘဲ သူမအဘိုးရဲ့ အခြေအနေကိုပါ ပိုဆိုးသွားစေလိမ့်မယ်လို့ သူမစိုးရိမ်ခဲ့ခြင်းဖြစ်သည်။

All Chapters