← Chapters

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း (၁၂)

Vol. 1 Ch. 12

လုရွှယ်ယင်က သူမရဲ့အဘိုးဖြစ်သူ လုံး၀ကောင်းမွန်သွားတာကို မြင်တွေ့လိုက်ရတော့ လင်းဖေးဟန်အပေါ် နည်းနည်းပိုအမြင်ကြည်သွားသည်။

လုရွှယ်ယင် သူမရဲ့နှုတ်ခမ်းများကို ကိုက်ပြီးပြောလိုက်၏။

“ဒီတစ်ခါတော့ ကျေးဇူးတင်ပါတယ် လင်းဖေးဟန်”

သူမကအမြဲ စိမ်းကားလှသည်။ ဒီတစ်ကြိမ်တွင်တော့ ပထမဆုံးအနေနှင့် ချိုသာသောလေသံဖြင့် သူမပြောလိုက်ခြင်းဖြစ်၏။

“တင်း! စနစ်သတိပေးချက်။ ဇာတ်လိုက်လုရွှယ်ယင်ရဲ့ အသုံးပြုသူအပေါ် သဘောထားက ပြောင်းလဲသွားပါပြီ။ နှစ်သက်မှု ၂၀ မှတ်တက်သွားပါသည်။ ဇာတ်လိုက်ရဲ့ လက်ရှိ အသုံးပြုသူအပေါ် နှစ်သက်မှုက -၂၀ ဖြစ်ပြီး ပွိုင့် ၂၀ ကိုရရှိလိုက်ပါပြီ”

လင်းဖေးဟန် စနစ်ရဲ့အသံကိုကြားလိုက်ရအပြီး ရင်ထဲကနေ ခါးသီးသွား ပြုံးလိုက်၏။ စစချင်းမှာ သူက လုရွှယ်ယင်ရဲ့စိတ်ထဲ -၃၀ ဖြစ်တည်မှုသာဖြစ်ခဲ့တာပဲ။ ကြည့်ရတာ လုရွှယ်ယင်က သူ့ကို တော်တော်ကြီးကို မုန်းနေခဲ့တာပဲဖြစ်မည်။

ခုတော့ လင်းဖေးဟန်က အဲ့ဒီအကြောင်းတွေးဖို့ အချိန်မရှိပါ။ သူအပ်စိုက်ပေးရဦးမည်။ အာရုံလွဲလို့မဖြစ်ပါ။

ဘာဖြစ်ဖြစ် ဒါက သူ့ရဲ့ ပထမဆုံးအပ်စိုက်ကုထုံးမဟုတ်လား။

“ဘယ်လိုနေသေးလဲအဘိုး”

ထိုအချိန်မှာ လူတိုင်းက လုသခင်ကြီးရဲ့ ပြောင်းလဲမှုကို ခံစားလိုက်ရ၏။ သူ့ရဲ့ အသားအရည် ပြန်လည်ကောင်းမွန်လာတာကို သာမန်မျက်လုံးဖြင့်တောင် မြင်တွေ့နိုင်သည်။ သူ့ကိုကြည့်ရတာ အတော်နုပျိုသွားပုံပေါ်၏။ ထိုအရာကို အခံစားမိဆုံးသူက လုသခင်ကြီးပင်ဖြစ်သည်။ သူအတော်လေး စိတ်လှုပ်ရှားနေ၏။

သူက အသက်ကြီးနေပြီဖြစ်ပြီး ဒီလိုစိတ်လှုပ်ရှားမှုကိုခံစားရတာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးပင်ဖြစ်သည်။

သူ့ ခန္ဓာကိုယ်၊ စိတ်နှင့် ခွန်အားတို့ ခဏချင်း ပြန်လည်ကောင်းမွန်လာခဲ့၏။

“ကောင်းတယ်။ ငါ့ခန္ဓာကိုယ် အားအင်တွေ ပြည့်၀လာသလို ခံစားရတယ်”

သခင်ကြီးလု လက်သီးဆုပ်လိုက်မိ၏။ ထိုအခိုက်အတန့်မှာ သူအလွန် စိတ်လှုပ်ရှားနေသည်။

“အခု အဘိုး အိပ်ယာထဲက ထလို့ရပြီ။ အပြင်မှာ ၁၀ ခါလောက် ပတ်ပြေးရင်တောင် ပြဿနာမရှိဘူး”

“ကောင်းတယ်။ ကောင်းတယ်”

လုသခင်ကြီး အိပ်ယာထဲကနေ စိတ်လှုပ်ရှားစွာနဲ့ ခုန်ဆင်းလိုက်၏။ ထို့နောက် မြေပြင်ပေါ်မှာ အကြိမ်များစွာ ခုန်ပေါက်နေခဲ့သည်။

ထိုအရာက လူတိုင်းကို အံ့ဩသွားစေခဲ့သည်။ လင်းဖေးဟန်ရဲ့ ဆေးပညာက တကယ်ပဲ ကောင်းမွန်လွန်းလှ၏။

“မင်း လင်းအုပ်စုကို ဆက်ခံလိုက်ပြီဆို ရှောင်ဟန်။ အခု မင်း လင်းအုပ်စုရဲ့ ဥက္ကဌ ဖြစ်သွားပြီပေါ့”

“ဟုတ်တယ် အဘိုး”

လင်းဖေးဟန် မပိုမလိုတဲ့လေသံဖြင့် ပြောလိုက်သည်။

“ကောင်းတယ် ကောင်းတယ် ကောင်းတယ်။ လူငယ်တွေက ငါတို့ကို ကျော်တက်တော့မှာပဲ”

သခင်ကြီးလုက ကောင်းတယ်ဆိုတဲ့စကားကို သုံးကြိမ်ဆက်တိုက်ပြောလိုက်၏။ လင်းဖေးဟန်ကို အပြည့်အ၀ချီးကျူးလိုက်ခြင်းဖြစ်သည်။

“ရှောင်ဟန်။ မင်းဒီလူအိုကြီးကို ကုသပေးခဲ့တာပဲ။ မင်းဘာလိုချင်လဲပြော။ ငါတတ်နိုင်တဲ့ဟာဖြစ်နေသရွေ့ မင်းစိတ်ချမ်းသာအောင်လုပ်ပေးမယ်”

လင်းမိသားစုက ငွေကြေးမပြတ်လပ်နေပါ။ ပိုက်ဆံပေးလိုက်ခြင်းက လင်းဖေးဟန်ကို ကျေနပ်စေမည်မဟုတ်ပေ။ ဒီတစ်ကြိမ်တော့ သူ လင်းဖေးဟန်ကို အကြွေးတင်သွားလေပြီ။

လုသခင်ကြီးရဲ့ စကားလုံးတွေက လုရွှယ်ယင်ကို စိတ်လှုပ်ရှားသွားစေသည်။

လင်းဖေးဟန်က သူ့အဘိုးကို လာကုပေးပြီး နောက်မှ တောင်းဆိုစရာရှိတာ‌ တောင်းဆိုဖို့ အစကတည်းကတွေးထားတာလားဆိုတာ လုရွှယ်ယင် သိချင်မိသည်။ အလွန်အကျွံကိစ္စသာမဟုတ်ရင် သူ့အဘိုးက ကျိန်းသေသဘောတူမှာဖြစ်၏။

လင်းဖေးဟန်က စားစရာလိုနေတာလည်းမဟုတ်သလို ပိုက်ဆံလိုနေတာလည်းမဟုတ်။ သူလိုနေတာ ဇနီးမယားဖြစ်သည်။

လင်းဖေးဟန်က သူမကို လက်ထပ်ဖို့ တိုက်ရိုက်ခွင့်တောင်းရင် သူမအဘိုးက ကျိန်းသေ သဘောတူမှာဖြစ်၏။ ဘာဖြစ်ဖြစ် မိသားစုနှစ်ခုက နဂိုကတည်းက စေ့‌စပ်ကြောင်းလမ်းထားတာမဟုတ်လား။ အဲ့လိုသာဆိုရင် သူမ ဘာလုပ်သင့်လဲ။

ကဖေးမှာတွေ့ကတည်းက လင်းဖေးဟန်မှာ အရင်က သူမ မမြင်ဖူးတဲ့ ထူးခြားတာ တစ်ခုခုရှိနေတာကို လုရွှယ်ယင် သတိထားမိခဲ့၏။

လင်းဖေးဟန်က တကယ်ထူးချွန်သည်။ သူမရဲ့အဘိုးကိုလည်း ကယ်ပေးခဲ့၏။

သူကအလွန်လည်းချော‌သဖြင့် လူတွေက ရှင်းမပြတတ်ပဲ သူနှင့်နီးစပ်လိုကြသည်။

သူမ သူ့ကို လက်ထပ်ရမည်ဆိုလည်း အဆိုးကြီးမဟုတ်ချေ။ သို့သော် လုရွှယ်ယင် သူမစိတ်ထဲက အစိုင်အခဲကို မကျော်လွှားနိုင်သေးပါ။

“ကျွန်တော်…”

လင်းဖေးဟန် တုံ့ဆိုင်းသွား၏။

“ရတယ်။ ပြောစရာရှိတာပြောပါ”

“သိပြီ။ မင်းက ငါတို့ရဲ့ရှောင်ယင်အတွက် လုပ်ပေးနေတာပဲ။ ဟုတ်တယ်မလား။ မင်းတို့ကို သဘောတူထားတာလည်း ရှိနေတာပဲ။ ငါရက်ရွေးဖို့ပြောလိုက်မယ်။ ပြီးရင် မင်းတို့လက်ထပ်လို့ရပြီ။ မင်းစိတ်ပူစရာမလိုပါဘူး။ တခြားလိုအပ်တာတွေ ပြောလို့ရပါတယ်”

လာပြီ။ နောက်ဆုံးတော့ ရောက်လာပြီ။

လုရွှယ်ယင်စိတ်ထဲ ဗြောင်းဆန်နေသည်။ သူမ သဘောတူသင့်မတူသင့်ကို စဉ်းစားနေလေ၏။

“ကျွန်တော် ပြောသင့်မပြောသင့်ကို မသိပါဘူး…”

“ဟဟ။ ဒီကလေး။ ငါတို့တွေက မိသားစုတွေ ဖြစ်ကြတော့မှာပဲကို။ အဘိုးကို ဘာလို့ အရမ်းအားနာနေတာလဲ။ မင်းလိုချင်တာသာပြောလိုက်။ အဘိုးလုပ်နိုင်တာဆိုရင် လုပ်ပေးမယ်”

“ကျွန်တော် တကယ်တော့ ‌ဒီနေ့ စေ့စပ်ပွဲဖျက်သိမ်းဖို့လာတာပါ”

“ဘာရယ်”

အဲ့ဒီစကားထွက်လာပြီးနောက် ထိုနေရာမှာရှိနေတဲ့လူတိုင်း ရှော့ခ်ရသွားသည်။

လုရွှယ်ယင်တောင် စိတ်အနည်းငယ်ပျက်သွားမိ၏။

လင်းဖေးဟန်က တကယ်ကြီးကို စေ့စပ်ပွဲဖျက်သိမ်းဖို့ လာခဲ့တာပဲ။ အဘိုးက တောင်းဆိုမှုတစ်ခုပြုလုပ်ဖို့ပြောတုန်း သူမကို သူနဲ့လက်ထပ်ဖို့ တွန်းအားပေးခဲ့လို့ရသည်။

သို့သော် သူမလုပ်ခဲ့ပေ။ စေ့စပ်ထားတာကို ဖျက်သိမ်းရန်သာ တန်းလုပ်ခဲ့၏။

လုရွှယ်ယင်စိတ်ထဲ ရှုပ်ထွေးသွားသည်။

အစကတော့ စေ့စပ်ပွဲကို ဖျက်သိမ်းတာက သူမအမြဲ အိပ်မက်ခဲ့သောအရာဖြစ်သည်။ လင်းဖေးဟန်ရဲ့စကားတွေကိုကြားပြီးနောက် သူမ စိတ်ကူးထားသလို မပျော်ရွှင်ခဲ့ပါ။ အနည်းငယ်ပင် စိတ်ပျက်သွားခဲ့၏။

ဘာတွေဖြစ်နေတာလဲဆိုတာကို သူမကိုယ်တိုင်ပင် အဖြေမရှာနိုင်ချေ။

“ရှောင်ဟန်။ ဒါကမင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်လား။ မင်းမိဘတွေရော သဘောတူလား။ သေချာစဉ်းစားနော်။ ဒါကနောက်စရာမဟုတ်ဘူး”

လုသခင်ကြီးက လေးနက်တဲ့လေသံဖြင့် ပြောလိုက်သည်။

“ကျွန်တော့်မိဘတွေ သဘောမတူမှတော့ စာချုပ်ကို ရလာပါ့မလား။ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အကြံပါ။ ကျွန်တော့်မိဘတွေက ကျွန်တော့်အကြံကို ထောက်ခံပါတယ်”

လုသခင်ကြီးက လုရွှယ်ယင်ကို မျက်စောင်းထိုးကြည့်လိုက်သည်။

သူမအဘိုးရဲ့ အကြည့်ကို သတိထားမိသဖြင့် လုရွှယ်ယင် တခြားဖက်သို့ မျက်နှာလွှဲလိုက်ပြီး ဂရုမစိုက်ဟန်လုပ်၏။ တကယ်‌တမ်းကျ သူမ အလွန် စိတ်လှုပ်ရှားနေမိသည်။

“ဒါက မင်းနဲ့ရှောင်ယင်ကြားက ဆက်ဆံရေးပဲလေ။ ပြဿနာမရှိဘူးထင်တယ်။ လူငယ်တွေမှာ ပြောစရာအကြောင်းအရာ အများကြီးရှိတယ်။ မင်းတို့တည့်နေသရွေ့ မသင့်တော်တာ ဘာမှမရှိဘူး။ မင်း မဖျက်သိမ်းချင်တော့ဘူးဆို အခုနေနောင်တရလို့ မနောက်ကျသေးဘူးနော်”

“ကျွန်တော် သေချာစဉ်းစားပြီးပါပြီအဘိုး။ နောက်ဆုံးကျ ဒါက လူနှစ်ယောက်အတွက် ကိစ္စကြီးပဲလေ။ ရှောင်ယင်က မိန်းမကောင်းလေးပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အကျင့်စရိုက်က မကိုက်ညီ‌ဘူး။ ဘာဖြစ်ဖြစ် လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်ကြားက ကိစ္စဖြစ်လို့ အတင်းလုပ်ယူလို့မဖြစ်ဘူး”

အဲ့ဒီအချိန်မှာ လုသခင်ကြီးက လင်းဖေးဟန်ကို ကြည့်လေသဘောကျလေဖြစ်လာသည်။

ဒီလူငယ်လေးက မနှိမ့်ချသလို ဝါလည်းမဝါကြွားဘူး။ လုပ်နိုင်စွမ်းလည်း အတော်ရှိတယ်။ သူက လင်းအုပ်စုကို ဆက်ခံပြီး လင်းကော်ဟွားကို စိတ်ဒုက္ခပေးနေတဲ့ လူသုံးယောက်ကို အလုပ်ဖြုတ်လိုက်တယ်လို့ ကြားမိတယ်။ သူ့မှာ ဗျူဟာရှိတယ်။ သတ္တိလည်းရှိပြီး သူ့ကိုလည်း ကယ်ပေးခဲ့တယ်။ ဒီလို အရည်အချင်းရှိတဲ့သူမျိုးက သူ့စိတ်ထဲက အနာဂတ်မြေးသမက်လောင်းပဲ။

ဒါပေမဲ့ ဒီအခြေအနေမှာ သူသဘောမတူလိုက်ဘူးဆိုရင် ကျိုးကြောင်းမဆီလျော်ဘူးဖြစ်သွားမယ်။

သူသဘောတူလိုက်ရင်လည်း သူ့ရဲ့ မြေးသမက်လေးက တခြားမိသားစုကို ရောက်သွားဦးမယ်။ လုမိသားစုအတွက် ဆုံးရှုံးမှုကြီးဖြစ်လာနိုင်တယ်။

လုသခင်ကြီးစိတ်ထဲ ရှုပ်ထွေးနေ၏။ နောက်ဆုံးမှာ သူက လှည့်ကွက်တစ်ခုသုံးဖို့ ဆုံးဖြတ်လိုက်သည်။

“ဟဟ။ ရှောင်ဟန်ရေ။ မင်းပြောတာကို အဘိုးနားလည်ပါတယ် လောလောဆယ် အဘိုး မဆုံးဖြတ်သေးဘူး။ ဒီလိုလုပ်ရအောင်။ လုမိသားစုတွေ ဒီလိုလူစုံတာရှားတယ်။ ငါ ည ၇ နာရီကျရင် ၀မ်ဖုလုံမှာ မိသားစုညစာစားပွဲ စီစဉ်လိုက်မယ်။ မင်း မိဘတွေကိုလည်း ခေါ်လာခဲ့လိုက်လေ။ ဒီကိစ္စကို ထပ်ဆွေးနွေးကြတာပေါ့”

All Chapters