အခန်း (၁၃)
Vol. 1 Ch. 13
“ကျွန်တော့်လို အပြင်လူကို လုမိသားစုရဲ့ မိသားစုညစာစားပွဲကို ဖိတ်ကြားပေးလို့ ကျေးဇူးတင်ပါတယ် အဘိုး။ ဒါပေမဲ့ ကျွန်တော့်မိဘတွေက လင်းအုပ်စုကို ကျွန်တော့်လက်ထဲလွှဲခဲ့ပြီး ခရီးထွက်နေကြတယ်။ လင်းမိသားစုမှာ တက်ရောက်နိုင်တာဆိုလို့ ကျွန်တော်တစ်ယောက်ပဲရှိတယ်”
ထိုစကားကို ကြားလိုက်ရချိန်မှာ လုရှော့ချွန်း ရယ်ချလိုက်ပြီး ပြောလိုက်၏။
“ဒီလူကြီးလင်းကတော့ တကယ်ကို စောစောစီးစီး အနားယူသွားတာပဲ။ ကြည့်ရတာ သူမင်းကို တော်တော် ယုံကြည်ပုံပဲ။ လူငယ်တွေကတကယ်ကို ကြောက်ခမန်းလိလိပါပဲ။ ဟဟဟ”
လုရှော့ချွန်းက ရယ်လိုက်ပေမဲ့ သူ့စိတ်ထဲမှာတော့ မဖော်ပြတတ်အောင် ၀မ်းနည်းသွားသည်။
လင်းမိသားစုက လုမိသားစုနဲ့မတူဘူး။ လင်းမိသားစုမှာ မျိုးဆက်တစ်ဆက်ပဲရှိပေမဲ့ လုမိသားစုက မိသားစုအခွဲတွေအများကြီးပဲ။ လုသခင်ကြီးက အပေါ်ယံမှာ အိမ်ထောင်ဦးစီးဖြစ်ပေမဲ့ ဒီနှစ်တွေအတွင်း သူက ဘာကိစ္စကိုမှ မကိုင်တွယ်ဖြေရှင်းတော့ပေ။ လုရှော့ချွန်းကသာ ကိစ္စကြီးငယ်အလုံးစုံကို စီမံခဲ့သည်။
သူ့အထက်မှာ အစ်ကိုသုံးယောက်ရှိ၏။ ထိုအစ်ကိုသုံးယောက်က သူ့ကို လေးစားသယောင်ရှိပေမဲ့ သူဒုက္ခရောက်အောင် ကြံစည်မနေရင်ကိုပဲ ကံကောင်းလှပြီ။
လုသခင်ကြီးရဲ့ ဖိနှပ်မှုကြောင့် ဒီနှစ်တွေအတွင်း ဘာပြဿနာကြီးကြီးမားမားမှ မရှိခဲ့ချေ။
လုသခင်ကြီး သေဆုံးပြီးနောက်မှာတော့ လုမိသားစုရဲ့ အကြီးအကဲနေရာပြဿနာက ပြန်ပေါ်လာဦးမည့်ပုံပေါ်၏။
အဲ့ဒီကျရင် တိုက်ခိုက်ကြမှာက ညီအစ်ကိုတွေမဟုတ်ဘဲ သူတို့ရဲ့သားတွေ ဖြစ်ကြလိမ့်မည်။
ညီအစ်ကိုသုံးယောက်ထဲက ဘယ်သူပဲ မိသားစုအကြီးအကဲ ဖြစ်လာပါစေ သူက ချက်ချင်း ချောင်ထိုးခံရမည်ဖြစ်သည်။ သူ့အတွက် အဆုံးသတ် ကောင်းမည်မဟုတ်ချေ။
ဆိုတော့ သူ့ကလေးက မိသားစုအကြီးအကဲဖြစ်လာမှရမည်။
လုရှော့ချွန်းမှာ ကလေးနှစ်ယောက်ရှိပြီး လုရွှယ်ယင်က အကြီးဖြစ်၏။
သူမရဲ့ တိုးတက်လာမှုအပေါ် လုရှော့ချွန်း အားရမိပေမဲ့ သူမက မိန်းကလေးတစ်ယောက်ဖြစ်နေသည်။
သူတို့မိသားစုရဲ့ ထုံးတမ်းအရ သူ့သမီးဖြစ်သူမှာ မိသားစုအကြီးအကဲနေရာအတွက် မယှဉ်ပြိုင်နိုင်ပါ။
အခွင့်အရေးရှိခဲ့ရင်တောင် သူ့ရဲ့ အစ်ကိုသုံးယောက်က ဖျက်လိုဖျက်ဆီး လုပ်ပစ်မည်ဖြစ်၏။
အဲ့ဒါကြောင့် ထိုအခက်အခဲကို ကျော်လွှားရန် လုရွှယ်ယင်ကို လင်းမိသားစုနဲ့ လက်ဆက်ပေးဖို့ နည်းမျိုးစုံကြိုးစားခဲ့ခြင်းဖြစ်သည်။
သူ့သားအနေနဲ့ကတော့ ဘာမှ မသင်ယူရသေးတဲ့အတွက် လင်းဖေးဟန်နဲ့ အကွာကြီးကွာလှ၏။
ထိုအချက်က လုရှော့ချွန်းကို မျှော်လင့်ချက်မဲ့စွာဖြင့် သက်ပြင်းချစေခဲ့သည်။
“လူတွေကြားက ကွာဟမှုက ဘာလို့ဒီလောက်ကြီးမားရတာလဲ”
အဲ့သည်အချိန်မှာ မိသားစုဆရာ၀န်နှစ်ယောက် ၀င်ရောက်လာခဲ့၏။
လင်းဖေးဟန်က လုသခင်ကြီးကို ကုသလိုက်ပြီဟု သူတို့ကြားမိသည်။ ပေါက်ကရတွေဟု သူတို့က ထင်ကြ၏။ လုသခင်ကြီးရဲ့ အခြေအနေကို သူတို့တွေ ခုလေးတင် တည်ငြိမ်အောင် လုပ်ပေးထားတာကို ပိုဆိုးသွားရင် ဘယ်လိုလုပ်မလဲ။
လုသခင်ကြီးကို သူတို့တွေ့လိုက်ရချိန်မှာတော့ အံ့ဩသွားကြ၏။
“ဒါလုသခင်ကြီးလား”
ကျွန်တော်တို့ အမြင်မှားနေတာလား။
“လုသခင်ကြီးပဲဖြစ်မယ်။ သူပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်လို့မရဘူးလေ။ သူ ဘယ်လိုလုပ် ထလာတာလဲ”
ဆရာ၀န်နှစ်ယောက်က သူတို့ နေရာမှားရောက်လာတယ်လို့ ခံစားလိုက်ရသည်။
“လုသခင်ကြီး အနားယူမှဖြစ်မယ် မထနဲ့လေ”
“ဟဟ ဘာမှမဖြစ်ဘူး။ ငါအခု သက်သာသွားပြီ။ ငါ့ခန္ဓာကိုယ်က အားအင်တွေ ပြည့်၀နေသလို ခံစားရတယ်”
“လူကြီးမင်း ဘာပြောလိုက်တာ။ သက်သာသွားပြီပေါ့”
ဒီနိုင်ငံမှာ ဒီရောဂါကိုကုဖို့ နည်းလမ်းမရှိဘူး။ သူတို့က နည်းလမ်းကိုမသိတာဖြစ်ပြီး တကယ်ကုသလို့ရတယ်ဆိုရင်တောင် သူက ဒီအချိန်တိုလေးအတွင်း ဒီလောက် ဒေါင်ဒေါင်မြည်ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။
မဟုတ်မှလွဲရော…
ရုတ်တရက်ကြီး သူတို့တစ်ခုတွေးမိလိုက်၏။ နောက်ဆုံးထွက်သက်ပင်ဖြစ်သည်။
တကယ်သာ အဲ့လိုဖြစ်ရင် မကောင်းပေ။
ပြန်မပိတ်ရသေးတဲ့ သစ်သားသေတ္တာလေးကိုလည်း သူတို့တွေ့မိလိုက်၏။ အထဲတွင် ငွေအပ်များဖြင့် ပြည့်လျက်ရှိသည်။
လင်းဖေးဟန်က လုသခင်ကြီးကို အပ်စိုက်ပေးခဲ့မှန်းသိသာ၏။
လင်းဖေးဟန်က တရုတ်အပ်စိုက်ကုထုံးကို သိတယ်ပေါ့။ မဖြစ်နိုင်တာ မဟုတ်လား။
လင်းဖေးဟန်က အပ်စိုက်တတ်တယ်ဆိုရင်တောင် တရုတ်ဆေးပညာက လူနာကို ဒီလောက်မြန်မြန်ကုပေးနိုင်တာလား။
သူတို့တွေ ဆေးပညာကိုလေ့လာတာ နှစ် ၃၀ ထက်မကတော့ဘူး။ တရုတ်ဆေးပညာက ရောဂါတွေကို ကုသနိုင်တာ သူတို့မကြားဖူးကြသေးဘူး။
လင်းဖေးဟန်က လုသခင်ကြီးကို ထိခိုက်အောင်လုပ်လိုက်တာပဲဖြစ်မည်။
သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နှစ်ယောက်လုံး အတွေးတူနေကြ၏။
“ငါက မင်းတို့ကို လိမ်နေတယ်လို့ထင်လို့လား။ လောလောဆယ် ငါ အတော်လေး နေလို့ကောင်းတယ်လို့ ခံစားရတယ်။ ပြန်သွားလိုက်ကြတော့။ ငါဘာသာ လမ်းလျှောက်ထွက်ချင်တယ်”
ထို့နောက် လုသခင်ကြီးက လမ်းလျှောက်ထွက်ချင်ခဲ့သည်။
“ခဏနေပါဦး လုသခင်ကြီး။ ကျွန်တော်တို့ကို အရင်ဆုံး စမ်းသပ်ခွင့်ပေးတာက ပိုပြီး ကောင်းပါလိမ့်မယ်”
ဆရာ၀န်နှစ်ဦး လင်းဖေးဟန်ကိုကြည့်ပြီး ကတုန်ကယင်ဖြစ်နေကြ၏။
လင်းဖေးဟန်က တရား၀င်ရော မှောင်ခိုလောကမှာပါ ဩဇာလွှမ်းသည်ကို သူတို့သိကြ၏။ သူ့ကို စော်ကားမိလျှင် သူတို့ အဆုံးသတ်ကောင်းမည် မဟုတ်ပါ။
သို့သော် လူ့ကျင့်၀တ်အရ သူတို့ပြောဖို့လိုသည်။
လုသခင်ကြီး ချက်ချင်းငြင်းဆန်လိုက်သည်။ “မဟုတ်ဘူး။ ငါပြန်ကောင်းနေပြီဆိုတာ ငါခံစားနေရပြီလေ”
“အဘိုး။ သူတို့ကို ပေးစစ်ဆေးလိုက်ပါ။ အားလုံးလည်း စိတ်အေးရတာပေါ့”
“အင်း။ ရှောင်ဟန်ပြောတာမှန်တယ်။ အတတ်နိုင်ဆုံး မြန်မြန်စစ်ဆေးဖို့ စီစဉ်လိုက်ကြတော့”
လုရွှယ်ယင်ရဲ့ ဒုတိယဦးလေးဖြစ်သူက မျက်မှောင်ကြုံ့ပြီး ဆရာ၀န်နှစ်ယောက်ကို ပြောလိုက်သည်။
အမှန်တော့ လင်းမိသားစုကကောင်လေးက သူ့အဖေကို ကုသနိုင်တယ်ဆိုတာ သူမယုံကြည်ရဲချေ။
လူတိုင်းက မိသားစုညစာအတွက် ပြင်ဆင်ဖို့ စတင်လိုက်ကြပြီး လူစုကွဲသွားကြ၏။ လုရွှယ်ယင်တစ်ယောက်တည်း စိတ်ထွေပြားပြီးကျန်ရစ်ခဲ့သည်။
“အဲ့ဒီမှာဘာလို့ ကြောင်တောင်တောင်ရပ်နေတာလဲ ရှောင်ယင်။ ရှောင်ဟန်ကို အနားယူဖို့ခေါ်သွားလေ”
“အိုး ကောင်းပါပြီ”
လုရွှယ်ယင် လင်းဖေးဟန်ကို ဧည့်ခန်းထဲ ခေါ်သွားလိုက်သည်။
“ငါ့အဘိုးကို ကယ်တင်ပေးလို့ ကျေးဇူးပါ လင်းဖေးဟန်။ ဒါပေမဲ့ ငါမေးစရာရှိသေးတယ်။ ဒါတွေလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ”
လုရွှယ်ယင် ဒဲ့မေးလိုက်၏။
“ငါလား။ ငါက ဘာရည်ရွယ်ချက်ရှိနိုင်မှာလဲ။ အဘိုးအိုတစ်ယောက် ဝေဒနာဖိစီးနေတာကို မင်းကြည့်နေနိုင်လား”
“အဲ့ဒါတွေပြောမနေနဲ့။ ဒီလောက်နှစ်တွေအကြာကြီးရှိနေပြီကို ငါက နင့်အကြောင်း မသိဘူးလို့ ထင်နေတာလား။ ငါက နင့်ကို စောင့်ကြည့်…”
လျှို့ရှင်းယာက သူမ လင်းဖေးဟန်နားထားဖို့ စီစဉ်ခဲ့တဲ့ သူလျှိုဆိုတာ လုရွှယ်ယင် ထုတ်ပြောလုနီးပါးဖြစ်သွား၏။
သူမက လင်းဖေးဟန်ကို ၂၄ နာရီ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ လင်းဖေးဟန် ဆေးပညာကို လေ့လာခဲ့လား မလေ့လာခဲ့ဘူးလားဆိုတာ သူမ မသိဘဲနဲ့ ဘယ်နေမလဲ။
လင်းဖေးဟန် ဒီနေ့လုပ်သွားတာက တကယ်ကို ရှော့ခ်ရစရာပင်။
ဒီမယုံနိုင်စရာကောင်းတဲ့ကိစ္စက လျှို့ရှင်းယာပဲ သူမကို မပြောပြခဲ့တာလား။ လင်းဖေးဟန်က စဉ်းလဲလွန်းလို့ လျှို့ရှင်းယာက မသိခဲ့တာလား။ လင်းဖေးဟန်မှာ တခြားရည်ရွယ်ချက်တော့ ရှိရမည်။
“ဘယ်ကိုကြည့်နေတာလဲ။ ခြင်ကိုက်သွားတာလား။ ဆေးအေးလိမ်းလိုက်ရင် ကောင်းသွားလိမ့်မယ်”
လင်းဖေးဟန် ရယ်ပြီး နားမလည်ဟန်ဆောင်လိုက်၏။ လျှို့ရှင်းယာက သူမစီစဉ်ထားတဲ့ သူလျှိုဆိုတာ သူသိသည်။ သို့သော် သူ မသိချင်ယောင်ဆောင်ပြီး သူမကို မဖော်ထုတ်သေးပေ။ သူ လုရွှယ်ယင်နဲ့ “Infernal Affairs” ဆိုတဲ့ ဟောင်ကောင်ဇာတ်ကားထဲကလို လှည့်စားတဲ့ ကစားနည်းလေးတွေ ကစားချင်သေးသည်။
“ဘာမှမဟုတ်ပါဘူး။ နင့်မှာ စိတ်ကောင်းရှိပြီး ဘာကိုမှ မတောင်းဆိုဘူးဆိုတာ ငါမယုံနိုင်ဖြစ်နေရုံပါ”
“ငါ တစ်ခုခု ပြန်တောင်းဆိုခဲ့လို့လား။ မင်းက စေ့စပ်ပွဲကို ဖျက်သိမ်းချင်တယ်ဆိုတာ ငါပြောလိုက်တယ်လေ။ ဒီကိစ္စက ခဏနေ မိသားစုညစာစားပွဲကျရင် ထပ်ပြောကြဦးမှာပဲ။ စိတ်မပူပါနဲ့ လုမိန်းကလေး။ မင်း ဒီည လွတ်လပ်တော့မှာပါ”
“ဘာလို့လဲ”
လုရွှယ်ယင် အံ့ဩတကြီး မေးလိုက်၏။
“ဒီလိုပြောရအောင်။ အတင်းခူးယူတဲ့ ဖရဲသီးက မချိုဘူး။ မင်းလိုလူမျိုးအတွက်ဆိုရင် မချိုရုံတင်မကဘူး။ ကျောက်တုံးလိုပါ မာနေမှာ”
လုရွှယ်ယင် မျက်ခုံးပင့်ပြီး အေးစက်စွာ မေးလိုက်သည်။
“ငါ့ကို အိမ်သာထဲက နံဟောင်မာကြောနေတဲ့ကျောက်တုံးလို့ ပြောလိုက်တာလား”
“အဲ့ဒါက မင်းဘာသာပြောတာနော်။ ငါမသိဘူး”