သေလေပြီ
Vol. 128 Ch. 1912
ဖြစ်စဉ်တစ်ခုလုံးက နှေးကွေးသည်ဟု ထင်ရသော်လည်း တစ်ခဏချင်းမှာ ဖြစ်ပွားခဲ့ခြင်းပင်။
“ငါ့ရဲ့ ဘဝသက်တမ်း..”
သက်လတ်ပိုင်းအရွယ် အမျိုးသားက တုန်လှုပ်သွား၏။
သူ၏ ဘဝသက်တမ်း နှစ်ခြောက်သောင်း ရုတ်တရက် လျော့ကျသွားခြင်းက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ဖြစ်လာစေခဲ့၏။
“မင်းက.. အချိန်စွမ်းအားကို ကျွမ်းကျင်တတ်မြောက်ထားတဲ့သူပဲ”
သက်လတ်ပိုင်းအရွယ် အမျိုးသားက လျင်မြန်စွာ တုံ့ပြန်ပြီး ဒေါသတကြီး အမူအရာနှင့်အတူ သူ၏ ဆေဘာကို ရုတ်လိုက်၏။ သူက ရှုရှစ်ကို လောလောဆယ် လက်လွှတ်ပြီး သူ၏ သွေးချီကို လှည့်ပတ်ကာ သူ့နောက်ဘက်သို့ ခုတ်ပိုင်းချလိုက်၏။
ဆူဇီမို၏ မျက်လုံးထဲတွင် နှမြောသည့် အားမလိုအားမရဖြစ်သည့် အကြည့်တစ်ခုက ပေါ်ထွက်လာ၏။
သူသည် ဤအခွင့်အရေးကို စောင့်ဆိုင်းခဲ့သည့် အကြောင်းရင်းမှာ တကယ်တော့ အလောင်းအစားတစ်ခု ပြုလုပ်ခဲ့ခြင်းပင်။
ဆေဘာတစ်လက်ကဲ့သို့ အချိန်က သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ဘဝသက်တမ်းကို တစ်ခါတည်း ကုန်ဆုံးစေခြင်း ရှိ မရှိ.. သူက အလောင်းအစားပြုလုပ်ခဲ့ခြင်း ဖြစ်၏။
ကံဆိုးစွာနှင့်ပင် သူက အနည်းငယ် လိုအပ်နေသေး၏။
ဤအဆင့်တိုက်ပွဲတစ်ခုမှာ အမှားအယွင်းတစ်ချက်သည် ထာဝရပျက်သုဉ်းခြင်း ဖြစ်သွားနိုင်သည်။
သူသည် သက်လတ်ပိုင်းအရွယ် အမျိုးသားကို ခုတ်ချက်တစ်ချက်တည်းဖြင့် မသတ်ဖြတ်နိုင်ခဲ့ရုံသာမက လက်ရှိအခြေအနေက ပြန်ပြောင်းသွားပြီး ဆူဇီမိုသည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်လာရပြီဖြစ်၏။
သက်လတ်ပိုင်းအရွယ် အမျိုးသားက သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်သွားသည်ဆိုလျှင်တောင် သူ့မှာ အသက်ရှင်ဖို့အတွက် နှစ်နှစ်သောင်း ကျန်ရှိနေဆဲဖြစ်၏။
သူ့ဘဝ၏ နှောင်းပိုင်းအရွယ်မှာဆိုလျှင်ပင် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ထုတ်ဖော်လိုက်သည့် စွမ်းအားသည် ဆူဇီမို ထိပ်တိုက်ရင်မဆိုင်နိုင်သည့် တစ်စုံတစ်ရာ ဖြစ်နေဆဲပင်။
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ထံမှ နောက်ထပ်ခုတ်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်သည်ကို သူက ကောင်းကောင်းသိ၏။
သို့သော်လည်း သက်လတ်ပိုင်းအရွယ် အမျိုးသား၏ တုံ့ပြန်မှုက အရမ်းကို မြန်ဆန်ပြီး သူ့ကို ဒုတိယမြောက် ဆေဘာတစ်လက်ကဲ့သို့အချိန် ထုတ်ဖော်ခွင့်ပေးတော့မည် မဟုတ်ပေ။
ကွပ်မျက်ဆေဘာက သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုနှင့်အတူ ခုတ်ပိုင်းကျဆင်းလာပြီး ဆေဘာအလင်းက ဝင်းလက်တောက်ပနေ၏။ ဆေဘာချီက ထက်ရှပြီး ဆူဇီမို၏ ထွက်လမ်းများ အားလုံးကို ပိတ်ဆို့ထားလုနီးပါးပင်။
ထိုခုတ်ချက်၏ အလျင်အဟုန်က အရမ်းကို မြန်ဆန်ပြီး ၎င်းသည် ဆူဇီမို၏ တုံ့ပြန်ချိန်ကို ကျော်လွန်သွားခဲ့ပြီဖြစ်၏။
တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူ၏ နှာရောင်က တောက်ပသွားပြီး စတုရန်းကြေးမီးဖိုတစ်လုံးက သူ၏ ရှေ့မှာ ပေါ်ထွက်လာ၏။
ချွမ်း..
ကွပ်မျက်ဆေဘာက စတုရန်းကြေးမီးဖိုကို ပြင်းထန်စွာ ထိခတ်သွားပြီး စူးစူးရှရှ မြည်သံနှင့်အတူ မီးပွားများက စင်ထွက်လာ၏။
ကွပ်မျက်ဆေဘာက အနည်းငယ် ကန်တက်သွား၏။
စတုရန်းကြေးမီးဖိုကတော့ နောက်သို့ လျင်မြန်စွာ လွင့်စင်ထွက်လာပြီး ဆူဇီမိုကို ပစ်တိုက်ချလိုက်၏။
ဆူဇီမိုက သူ၏ လက်နှစ်ဖက်ကို မြှောက်၍ စတုရန်းကြေးမီးဖိုကို တားဆီးချင်၏။
သို့သော်လည်း သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုကနေ ထွက်ပေါ်လာသည့် ကြောက်စရာကောင်းသော စွမ်းအားကို စတုရန်းကြေးမီးဖိုက အတော်များများ ပိတ်ဆို့တားဆီးပေးခဲ့သော်လည်း ၎င်းက ဆူဇီမိုကို ပြင်းထန်စွာ ပစ်တိုက်ချလိုက်ဆဲဖြစ်၏။
“ဖွီ..”
ဆူဇီမိုက ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ လက်နှစ်ဖက်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။ သူ၏ အရွတ်များက ကွဲထွက်ကုန်ပြီဟု ခံစားလိုက်ရပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။
ကွပ်မျက်ဆေဘာက ယိုယွင်းပျက်စီးနေသော စတုရန်းကြေးမီးဖိုကို မဖျက်ဆီးနိုင်သောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသားက အံ့အားသင့်သွား၏။
သို့သော်လည်း သူ၏ အံ့အားသင့်မှုက သိပ်မကြာခင် အဆုံးမဲ့ အမျက်ဒေါသအောက်မှာ နစ်မြုပ်သွား၏။
သူက သူ၏ အမြုတေစိတ်ဝိညာဉ်၊ သွေးချီနှင့် နတ်ဘုရားစွမ်းအားတို့ကို လှည့်ပတ်လိုက်သည့်တိုင်အောင် ဆုံးရှုံးခဲ့ရသော သူ၏ ဘဝသက်တမ်း နှစ်ခြောက်သောင်းကို ပြန်လည် မရရှိနိုင်တော့ဘူးဆိုတာကို တုန်လှုပ်ချောက်ချားဖွယ်ရာ နားလည်သိရှိလိုက်ရ၏။
အထက်ဘုံလောကမှာ လူတစ်ယောက်၏ ဘဝသက်တမ်းကို လျော့ကျစေနိုင်သည့် နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်တချို့ ရှိလေသည်။
သို့သော်လည်း ထိုနတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက ပျက်ပြယ်သွားသည်နှင့်အမျှ သူတို့၏ ဆုံးရှုံးသွားသော ဘဝသက်တမ်းကို ပြန်လည်ရရှိမည်ဖြစ်၏။
သို့သော် ယခု သူ၏ ဘဝသက်တမ်းသည် သူ၏ ခန္ဓာကိုယ်ထဲကနေ အပြီးတိုင် ဆိတ်သုဉ်းပျောက်ကွယ်သွားသည့်အလားပင်။
“မင်း သေကို သေရမယ်”
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးက ပြူးကျယ်သွားပြီး ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုနှင့်အတူ ဆူဇီမိုထံသို့ လျှောက်လှမ်းလာ၏။ သူက ထိုသူကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်ချင်နေသည့်အလားပင်။
သူသည် သူ့ဘဝသက်တမ်း နှစ်ခြောက်သောင်းကို အပြီးတိုင် ဆုံးရှုံးခဲ့ရသည်ဆိုလျှင် အဲဒါက သူ့အတွက် ပြန်လည်ကုသ၍ မရနိုင်သော ထိခိုက်ဒဏ်ရာတစ်ခု ဖြစ်လာပေလိမ့်မည်။
သူက ဆူဇီမိုကို အပိုင်းပိုင်း ဆုတ်ဖြဲပြီး ထိုသူ့ကို အရှင်လတ်လတ် အရေခွံခွာမည်ဆိုလျှင်တောင် သူသည် သူ့ရင်ထဲရှိ အမျက်ဒေါသများကို ဖြေဖျောက်နိုင်လိမ့်မည် မဟုတ်ပေ။
သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုကို တောင့်ခံရင်း ဆူဇီမိုက သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် ဝေးကွာသွားသည့် အခွင့်အလမ်းကို ချိန်ဆပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို နောက်တစ်ဖန် လှည့်ပတ်လိုက်၏။ သူက ဆေဘာတစ်လက်ကဲ့သို့အချိန်ကို နောက်တစ်ဖန် စုဖွဲ့လိုခြင်း ဖြစ်၏။
သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က အားနည်းသွားသည်ဟု ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က ယိမ်းထိုးကာ နေရာမှာပင် သတိလစ်လုမတတ် ဖြစ်သွားရ၏။
ဆူဇီမိုသည် အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားကို အသုံးချကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို အဆင့်တစ် ကမ္ဘာမြေအမြုတေနယ်ပယ်သို့ မြှင့်တင်ခဲ့၏။
ဆေဘာတစ်လက်ကဲ့သို့အချိန်ကို ထုတ်ဖော်ပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်အပေါ် အားအင်ကုန်ခမ်းမှုက အလွန်တရာ ကြောက်စရာကောင်းနေခဲ့၏။
အဲဒါကို ဒုတိယအကြိမ် ထုတ်ဖော်ခြင်းက သူ့အမြုတေစိတ်ဝိညာဉ်၏ ခံနိုင်ရည်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။
ဒါ့အပြင် သူ၏ အမြုတေစိတ်ဝိညာဉ်သည် နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်နှင့် ပေါင်းစည်းထားသောကြောင့်သာ ဖြစ်၏။
အဲဒါက အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်သက်သက်သာဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဉ်က သူ ပြုလုပ်လိုက်သည့်အရာကြောင့် ချက်ချင်းပင် လဲပြိုကျသွားပေလိမ့်မည်။
“သေစမ်း”
ထိုစဉ်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ အသံက ထွက်ပေါ်လာ၏။
ကွပ်မျက်ဆေဘာက နောက်တစ်ဖန် ဆင်းသက်လာလေပြီ။
သို့သော်လည်း ဤတစ်ခေါက်မှာ ကွပ်မျက်ဆေဘာကနေ ထုတ်ဖော်လိုက်သည့် ဆေဘာအလင်းများက သိပ်သည်းများပြားပြီး သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ ဆူဇီမိုကို လွှမ်းခြုံလာခဲ့၏။
ဆူဇီမိုက မလှုပ်ရှားနိုင်ပေ။
သူက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး ဆေဘာအလင်းတန်းများ၏ လမ်းကြောင်းကို ကြည့်ချင်၏။
သို့သော်လည်း ဆေဘာအလင်းများ၏ သိပ်သည်းဆနှင့် ဓားသွား၏ ထက်ရှမှုသည် ဖွင့်လာခဲ့သည့် ဆူဇီမို၏ မျက်လုံးနှစ်ဖက်ကနေ မျက်ရည်များကို စီးကျလာစေ၏။
သိပ်သည်းပြင်းထန်သော ဆေဘာအလင်းများက သူ၏ အာရုံငါးပါးကို လုံးဝ ဖြတ်တောက်ပစ်လိုက်၏။
ဆူဇီမိုက ပြေးစရာနေရာ မရှိတော့ပေ။
သူက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး သူ၏ ခန္ဓာကိုယ်ကို ကွေးညွှတ်ကာ စတုရန်းကြေးမီးဖိုထဲသို့ လှိမ့်ဝင်လိုက်၏။
ချွင်.. ချွမ်..
ထိုသို့ သူ ပြုလုပ်လိုက်သည့် ခဏမှာပင် ထိတွေ့ရိုက်ခတ်သံများက ဆက်တိုက်ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ဆေဘာအလင်းများက စတုရန်းကြေးမီးဖိုကို ထိတွေ့ရိုက်ခတ်သွား၏။
သူက ခြေလှမ်းဝက် နောက်ကျသွားမည်ဆိုလျှင် သူသည် ကွပ်မျက်ဆေဘာဖြင့် အပိုင်းပိုင်းလှီးဖြတ်ခံရပေလိမ့်မည်။
ဆူဇီမိုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို နောက်တစ်ဖန် လှည့်ပတ်ကာ အဆင့်မြင့်နတ်ဘုရားစွမ်းအား ဆေဘာတစ်လက်ကဲ့သို့အချိန်ကို စုဖွဲ့လိုက်၏။
သူ၏ အမြုတေစိတ်ဝိညာဉ်ကနေ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
သို့သော်လည်း သူ၏ အကြည့်က ပြတ်သားနေပြီး သူက အဲဒါကို ရပ်တန့်ဖို့ လုံးဝ စိတ်ကူးမရှိပေ။
အဲဒါသည် သူ၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်၏။
သူသည် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်စရာ အကြောင်းမရှိပေ။
“အား..”
ဆူဇီမိုက နာကျင်စွာ အော်ဟစ်လိုက်၏။
သူ၏ အသိစိတ်ထဲမှာ ဖန်တီးခြင်းကြာခုံကနေ အလင်းရောင်ခြည်များ အဆက်မပြတ် လျှံတက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို အားဖြည့်ပေးနေ၏။
သို့သော်လည်း သူသည် ဒုတိယမြောက် အချိန်ဆေဘာကို မစုဖွဲ့နိုင်သေးပေ။
ရုတ်တရက်ဆိုသလို…
တစ်ခုက အနက်ရောင်၊ တစ်ခုက အဖြူရောင်.. မတူညီသော စွမ်းအားနှစ်ခုက ဆူဇီမို၏ အသိစိတ်ထဲသို့ တလိပ်လိပ် တိုးဝင်လာ၏။ သူတို့သည် လုံးဝကို ကွဲပြားခြားနားနေသော်လည်း သူတို့မှာ လျှို့ဝှက်ဆန်းကြယ်သော ချိတ်ဆက်မှုတစ်ခု ရှိနေ၏။
အဲဒါသည် မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကနေ ထုတ်ဖော်လိုက်သည့် အဆုံးစွန် ယင်ယန်စွမ်းအား ဖြစ်၏။
စွမ်းအားနှစ်ခုက ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်နှင့် ပေါင်းစည်းသွားပြီး ၎င်း၏ စွမ်းအားကို ဆပွားတိုးလာစေ၏။
သူ၏ လက်ဖဝါးထဲမှာ ဒုတိယမြောက် အချိန်ဆေဘာက စုဖွဲ့လာခဲ့လေပြီ။
တိုက်ပွဲနယ်မြေတွင်..
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ အမူအရာက အေးစက်နေ၏။ သူက ကွပ်မျက်ဆေဘာနှင့်အတူ စတုရန်းကြေးမီးဖိုကို မဖျက်ဆီးနိုင်သည့်အခါ သူက ၎င်း၏ အထက်သို့ ဖျတ်ခနဲ ရောက်ရှိလာ၏။
“မင်း.. ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲ ကြည့်ရသေးတာပေါ့”
သက်လတ်ပိုင်းအရွယ် အမျိုးသားက မာန်ဖီအော်ဟစ်ပြီး သူ၏ လက်နှစ်ဖက်နှင့် ကွပ်မျက်ဆေဘာကို ဆုပ်ကိုင်လိုက်၏။ သူက ကောင်းကင်ထက်ကနေ ခုန်ဆင်းပြီး စတုရန်းကြေးမီးဖိုကို ပစ်ထိုးချလိုက်၏။
“ဟမ်”
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ အမူအရာက ပြောင်းလဲသွား၏။
ဆူဇီမိုသည် စတုရန်းကြေးမီးဖိုထဲမှာ ရှိမနေတော့ပေ။
ဆူဇီမိုက အထဲမှာ ပုန်းကွယ်နေခဲ့သည်ကို စောစောကတင် သူ တွေ့မြင်ထားခဲ့၏။ သို့သော်လည်း ယခု ထိုသူက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
“အခြေအနေမကောင်းတော့ဘူး”
ရုတ်တရက် သက်လတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းနားပန်းကြီး၍ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာ၏။
တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ပုံရိပ်တစ်ခုက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာခဲ့သည်။
အစစ်အမှန်နဂါးလျှပ်စီးကိုးချက်..
ထိုလှုပ်ရှားမှု၏ အဆင့်နှစ်မှာ ဆူဇီမိုသည် အချိန်တိုအတွင်းမှာ နှစ်ကြိမ်ဆက်တိုက်ဆင့်၍ ခုန်ကူးနိုင်ပြီ ဖြစ်၏။
စောစောက သူသည် အဲဒါကို တစ်ကြိမ်ထုတ်ဖော်ခဲ့ပြီး ယခုက ဒုတိယအကြိမ်မြောက် ဖြစ်၏။
“ငါ မင်းကို တမလွန်ဆီ ပို့ပေးမယ်”
ဆူဇီမို၏ အသံက တစ္ဆေသရဲတစ်ကောင်ကဲ့သို့ မကောင်းဆိုးဝါးဆန်ဆန် ထွက်ပေါ်လာ၏။
သက်လတ်ပိုင်းအရွယ် အမျိုးသားက ရှေ့သို့ အစွမ်းကုန် ပြေးတက်ပြီး ဆူဇီမိုထံကနေ အကွာအဝေးတစ်ခု ခြားချင်လေသည်။
အေးစက်စက် အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုက သူ၏ လက်ဖဝါးကို လွှဲပြီး သူ့လက်ထဲရှိ မီးခိုးရောင်ဆေဘာက အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ သက်လတ်ပိုင်းအရွယ် အမျိုးသား၏ နောက်ကျောဆီသို့ တိုးဝင်ပျောက်ကွယ်သွား၏။
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာမှ ပေါ်ထွက်မလာခဲ့ပေ။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်က မြင်နိုင်သော နှုန်းထားဖြင့် ညှိုးခြောက်သွား၏။
“အား..”
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ အသံက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေ၏။
သူသည် အသက်ရှင်ဖို့အတွက် နှစ်နှစ်သောင်းသာ ကျန်ရှိပြီး ဒုတိယမြောက် ဆေဘာတစ်လက်ကဲ့သို့အချိန်ကို ခံနိုင်ရည် မရှိတော့ပေ။
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ နှာရောင်က တောက်ပသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးလာခဲ့၏။
သူ၏ အမြုတေစိတ်ဝိညာဉ်က သူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်လာခဲ့သည့် ခဏမှာပင် သူ၏ ခန္ဓာကိုယ်က လုံးဝကို ညှိုးခြောက်သွားခဲ့ပြီဖြစ်၏။
သူ၏ သွေးချီက ငြိမ်သက်သွားပြီး သူ၏ ဆံပင်များက ဖြူဖွေးကာ ခြောက်ကပ်သွားသော အရိုးစုတစ်ခုနှင့် တူနေ၏။
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ အမြုတေစိတ်ဝိညာဉ်သည် ခန်းမထဲကနေ ထွက်ပြေးလွတ်မြောက်ချင်၏။
သို့သော်လည်း သိပ်မကြာခင် သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း မှေးမှိန်သွားပြီး တစ်ခဏချင်းမှာပင် ဘာမှမကျန်အောင် ပျက်ပြယ်သွား၏။
ဆေဘာတစ်လက်ကဲ့သို့အချိန်ကနေ ဖြတ်တောက်လိုက်သည့် ဘဝသက်တမ်းက ကိုယ်ကာယ ခန္ဓာကိုယ်အပေါ်တွင်သာ မဟုတ်ဘဲ အမြုတေစိတ်ဝိညာဉ်အပေါ်မှာပါ သက်ရောက်စေနိုင်သည်။